ကော်သူးလေတပ်မတော် ဒုစစ်ဦးစီးချုပ်ကွယ်လွန်တာ လက်နက်ကြီးထိမှန်လို့ဆိုပြီး အချိန်ကိုက်သတင်းမှားဖြန့်

0
1371

ကော်သူးလေတပ်မတော် (KTLA) ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘဝါး လက်နက်ကြီးထိမှန်တဲ့ ဒဏ်ရာကို ဆေးကုသနေရင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဆေးရုံတစ်ရုံမှာ ဒီဇင်ဘာလ ၂၈ ရက်ညက သေဆုံးသွားတယ်လို့ လူမှုကွန်ရက် အကောင့်တချို့မှာ ဖော်ပြနေကြပါတယ်။

အဲဒီဖော်ပြချက်တွေ Dawei Watch က အချက်အလက်စစ်ဆေးကြည့်ရာ အချက်အလက်မှားယွင်းနေတာကို တွေ့ရှိ ရပါတယ်။ အဲဒီသတင်းအမှားတွေဟာ ဒီဇင်ဘာလနောက်ဆုံးအပတ် တစ်ပတ်လုံး ဆက်တိုက်ဆိုသလို ပျံနှံ့နေတာကို တွေ့ရပါတယ်။

ကော်သူးလေတပ်မတော် ဒုတိယ ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘဝါး ရွှေမြစန္ဒီရွာ ကရင်ဒုံးယိမ်းကပွဲကို ကြည့်နေစဉ် ၁၂၂ မမ ထိမှန်ပြီး သေဆုံးတယ်လို့ စစ်သူရဲ ဆိုတဲ့ Facebook အကောင့်က ဖြန့်ချီထားပါတယ်။ အဲဒီပို့စ်ကို Reaction ပြုလုပ်ထားသူ ၁၉၇ဦး၊ မှတ်ချက်ပေးသူ ၂၆ဦးနဲ့ မျှဝေသူ ၂၁ ဦးရှိပြီး ဆက်လက်ပျံ့နှံနေတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

အသန်း အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဖြန့်ချီထားရာမှာလည်း ကော်သူးလေ KTLA ဒုစစ်ဦးစီးချုပ် လက်နက်ကြီး ထိမှန်ဒဏ်ရာကို ထိုင်းနိုင်ငံမှာ ဆေးကုသနေချိန် ဒီဇင်ဘာလ ၂၉ရက်နေ့က သေဆုံးတယ်လို့ ရေးသားထားပါတယ်။ 

ဒီဇင်ဘာလ ၂၉ရက်က ဖြန့်ချီထားတဲ့ အဲဒီပိုစ့်ကိုလည်း Reaction ပြုလုပ်သူ ၄၁၇ ဦး၊ မှတ်ချက်ရေးသူ ရှစ်ဦး၊ ကြည့်ရှူသူဦးရေ တစ်သောင်းခြောက်ထောင်နဲ့ ဒီဇင်ဘာလ ၃၁ ရက်အထိ ပျံ့နှံ့နေတာ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

လူကြီးရောဂါနဲ့ ကွယ်လွန်တာလို့ မိသားစုပြော

ဒုတိယဗိုလ်ချုပ်ကြီးစောဘဝါးဟာ သတင်းပြန့်နေသလို လက်နက်ကြီးထိမှန်တဲ့ ဒဏ်ရာနဲ့ သေဆုံးတာ မဟုတ်ဘဲ လူကြီးရောဂါနဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်က ဆေးရုံမှာ ဒီဇင်ဘာလ ၂၈ ရက် ည ၁၁ နာရီဝန်းကျင်က ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ 

ဒုတိယဗိုလ်ချုပ်ကြီး စောဘဝါး၏ သမီးကြီးဖြစ်သူ နော်အေးနိုင်ဖောက “ကွယ်လွန်တာက လူကြီးရောဂါပါပဲ။ သူ့မှာ သွေးချို၊ ဆီးချိုရောဂါ၊ ပြီးတော့ အဆုတ်မကောင်းဘူး။ သူရောဂါစဖြစ်တာကြာပါပြီ။ KTLA မှာ ပြန်လာနေကတည်းစပြီး နေမကောင်းဖြစ်တာ အခုအထိပေါ့။ မူးယု (မဲ့စရီးယန်း) မှာနေတဲ့အချိန်မှာ သူ့ရောဂါက သူအမြန်ပျောက်ချင်တယ်။ တော်လှန်ရေး သူဆက်လုပ်ချင်သေးတယ်ဆိုတော့ စိတ်လောပြီး ဗိန္ဓောဆေး (တိုင်းရင်းဆေး) တစ်မျိုး သွားသောက်မိတာ။ အဲဒီကနေစပြီး ရောဂါက ပြန်ဆိုးလာတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဆေးရုံပြန်တက်ပြီး အခုဆုံးတဲ့ အထိပဲ” ကရင်ပြည်နယ်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် ကေအိုင်စီသို့ ပြောဆိုထားပါတယ်။

အဲဒီ သတင်းကို ကေအိုင်စီက ဖော်ပြထားတာ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စောဘဝါး လူကြီးရောဂါနဲ့ ကွယ်လွန်တဲ့အကြောင်း KTLA ကို အတည်ပြုပြီး ရေးသားဖော်ပြထားတဲ့ မဇ္စျိမသတင်းဌာနရဲ့ သတင်းဖော်ပြချက်ကိုလည်း ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

သုံးသပ်ချက် 

ကော်သူးလေတပ်မတော် ဒုတိယစစ်ဦးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘဝါး ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဟာ မှန်ကန်ပါတယ်။

ဒါပေမဲ့ လက်နက်ကြီးထိမှန်ဒဏ်ရာကို ဆေးကုသရင်း ကွယ်လွန်ခဲ့တာမဟုတ်ပါဘူး။ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့အကြောင်းကို မိသားစုနဲ့ ၎င်းရဲ့အဖွဲ့အစည်းက အတည်ပြုပြောကြားထားပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးစောဘဝါးဟာ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ကွယ်လွန်ချိန် ဒီဇင်ဘာလ၂၈ရက်အထိ ဆေးရုံပေါ်မှာ ဆေးကုသနေရတာဖြစ်တယ်လို့ မိသားစုက ဆိုပါတယ်။

အဲဒါကြောင့် ဒီဇင်ဘာလ၂၂ရက်က ရွှေမြစန္ဒီရွာတွင် လက်နက်ကြီး ထိမှန်ခဲ့တယ်ဆိုတဲ့ အချက်အလက်ကလည်း မှားယွင်း နေပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးစောဘဝါး ကွယ်လွန်တာကို အခြေခံပြီး အချိန်ကိုက် သတင်းမှား ဖြန်ခဲ့တာလို့ သုံးသပ်ပါတယ်။ 

ဒီလိုမျိုးပဲ ကရင်နီပြည်နယ်မှာ စစ်ရေးတင်းမာနေချိန် ဒီဇင်ဘာလဆန်းပိုင်းမှာလည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ရဲ့ ဒုစစ်ဦးစီးချုပ် မာဝီ ကျည်ထိမှန်ပြီး မသေမရှင်ဖြစ်နေတယ်လို့ အချိန်ကိုက် သတင်းအမှားလွှင့်ဖူးတာရှိပါတယ်။ အဲဒါကို PVTV သတင်းဌာနက အချက်အလက်စိစစ်ထားတာ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

ပြည်သူတွေအနေနဲ့ စစ်ရေးပဋိပက္ခကာလမှာ သတင်းအချက်အလက်အမှန် ရရှိဖို့အရေးကြီးပါတယ်။ ပဋိပက္ခကာလမှာ အချက်အလက်အမှားတွေနဲ့ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ချီနေသူတွေလည်းရှိနေပါတယ်။ အဲဒါကြောင့် သတင်းတွေကို လေ့လာဆန်းစစ်ပြီး ချင့်ချိန်ယုံကြည်ကြဖို့လည်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်း မယုံကြည်ဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင် လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။