မောင်းမကန်လမ်းတွင် သုံးဘီးအချင်းချင်းတိုက်မိပြီး လေးဦးဒဏ်ရာရ

0
1090

လောင်းလုံးမြို့နယ် ထားဝယ်-မောင်းမကန်လမ်း တောရှည်ရွာတွင် ယနေ့ ဒီဇင်ဘာလ ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က သုံးဘီးယာဥ်နှစ်စီးတိုက်မိပြီး လေးဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

မောင်းမကန်ကမ်းခြေဘက်မှ အုန်းသီးများ တင်ဆောင်လာသော သုံးဘီးယာဉ် ဘရိတ်ပေါက်၍ ထားဝယ်မြို့ဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင်ဆောင်လာသော သုံးဘီးကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယာဥ်တိုက်မှုကြောင့် ခရီးသည်တင်ဆောင်လာသော သုံးဘီးယာဥ်မောင်း အပါအဝင် လေးဦး ဒဏ်ရာရခဲ့ကြောင်း သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောဆိုသည်။

“တောင်အဆင်းဆိုတော့ ဘရိတ်ပေါက်ပြီး ဝင်တိုက်မိကြတာ။ အုန်းသီးတင်ထားတဲ့ သုံးဘီးမောင်းသမား လင်မယားကတော့ ဘာမှမဖြစ်ဘူး ။ နောက်တစ်စီးမှာပဲ လေးယောက်လောက် ဒဏ်ရာရတယ်။ သုံးဘီးမောင်းသမားနဲ့ ဘေးမှာ ထိုင်လိုက်လာတဲ့ ကောင်လေးတစ်ယောက်မှာတော့ လက်နဲ့ခြေထောက်မှာ နာတာများတယ်” ဟု ၎င်းက ပြောသည်။

ဒဏ်ရာရသူများကို ထားဝယ်မြို့ဆေးရုံသို့ အရေးပေါ်လူနာတင်ယာဥ်များဖြင့် သယ်ဆောင်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။