မွန်ပြည်တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ တပ်ရင်း ၂ ခုကို နှစ်သစ်ကူးစစ်ဆင်ရေးအဖြစ် ပြိုင်တူတိုက်ခိုက်

0
4494

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုများက ရေးမြို့အခြေစိုက် အမှတ် ၅၉၁ နှင့် အမှတ် ၅၈၃ ခြေမြန်တပ်ရင်း နှစ်ခုကို ဒီဇင်ဘာလ ၃၁ ရက် မနက်ပိုင်းတွင် နှစ်သစ်ကူးစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ပါသည်။

“ဒရုန်းနဲ့အရင်ဝင်ပစ်တယ်။ တပ်ရင်းနှစ်ခုစလုံးကိုပေါ့ သိပ်တော့မဝေးဘူး။ ရှေ့ကင်းကနေရော နောက်ကျောကနေရာ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ အာပီဂျီနဲ့လည်းလှမ်းထုတယ်။ ၆၀ မမနဲ့လည်း ပစ်ခဲ့တယ်” ဟု စစ်ဆင်ရေးမှာပါဝင်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး ကပြောသည်။

စစ်ဆင်ရေးမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်မှ ၆ နာရီ မိနစ် ၃၀ အထိ ၁ နာရီကျော်ကြာခဲ့ပြီး တိုက်ခိုက်မှုအပြီး ရေးမြို့အဝင်မှ ကျောင်းရွာအထိ ကားလမ်းမကို ၆ နာရီကြာ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း ဒေါနစစ်ကြောင်း က ထုတ်ပြန်ထားသည်။

နှစ်သစ်ကူးစစ်ဆင်ရေးအတွင်း တော်လှန်ရေးအင်အားစုများဘက်က ဒရုန်း ၂ စီးပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ဒေါနစစ်ကြောင်းထံကသိရသည်။

“စစ်ကောင်စီဘက်က ၃ ယောက်လောက်ထိတယ်လို့ ကနဦးကြားသိရတယ်။ အတည်ပြုနိုင်ဖို့လုပ်နေတယ်“ ဟု နိုင်နဂါးက ပြောပြသည်။

အဆိုပါ နှစ်သစ်ကူး စစ်ဆင်ရေးကို ဒေါနစစ်ကြောင်း ၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၅ ၊ MSRF ၊ ABSDF ၊ YAF ၊ YDF စသည့် အဖွဲ့၇ဖွဲ့က စုစည်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မွန်-တနင်္သာရီ မဟာမိတ်တော်လှန်ရေးအင်အားစုများ၏ စုစည်းမှုဖြင့် ပြီးခဲ့သည့်နှစ်အတွင်း ရေးမြို့၊တံတားကြီးတိုက်ပွဲအပါအဝင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပူးပေါင်းစစ်ဆင်ရေး ၈ ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့ကြောင်း မွန်-တနင်္သာရီတော်လှန်ရေးအင်အားစုများထံကသိရသည်။