ထိုင်းတွင် MoU မြန်မာလုပ်သားများ အလှည့်ကျ အလုပ်ဆင်းနေရသဖြင့် အခက်အခဲဖြစ်

0
572

ထိုင်နိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်ရှိ နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ သည် လုပ်ငန်းခွင်အတွင်း အလှည့်ကျအလုပ်ဆင်းနေရပြီး အလုပ်ပုံမှန် မလုပ်ရသဖြင့် အခက်အခဲဖြစ်နေကြောင်း ကူညီ ဆောင်ရွက်ပေးနေသော WAG အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမား ၁၇ ဦးကို CTJ International Group တွင် လုပ်ကိုင်ရန် မြန်မာအေဂျင်စီ Carrier Worker ကုမ္ပဏီက ၂နှစ် စာချုပ်ချုပ်ဆို၍ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စေလွှတ်ခဲ့ကြောင်း WAG ထံမှ သိရသည်။

မြန်မာအလုပ်သမားများသည် တရားဝင် ဝင်ရောက်လာနိုင်ရန်အတွက် ပွဲစားနှင့် အေဂျင်စီများကို ပုံမှန်ကုန်ကျ စရိတ်ထက် ၄ ဆခန့် ပိုမိုသော ငွေကျပ် ၂၈ သိန်းကို ပုံအောပေးခဲ့ရကြောင်း WAG တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။ 

နိုဝင်ဘာ ၂၅ ရက်နေ့တွင် လုပ်ငန်းခွင်သို့ ရောက်သောအခါ အလုပ်ပုံမှန်မဆင်းရဘဲ အလုပ်သမားများကို အလှည့်ကျ မဲနှိုက်၍ တစ်ရက်လျှင် ၅ ဦးခန့်သာ အလုပ်ဆင်းရမည်ဟု ပြောဆိုပြီး အလုပ်ဆင်းခိုင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

အလုပ်သမား ၁၇ ဦးစလုံးသည် တရားဝင် စာချုပ်ဖြင့် လာရောက်လုပ်ကိုင်ခဲ့သော်လည်း အလုပ်ပုံမှန် မဆင်းရသဖြင့် အခက်အခဲဖြစ်နေသဖြင့် ကူညီဖြေရှင်းပေးရန် WAG အဖွဲ့ထံသို့ လာရောက်တိုင်ကြားခဲ့ကြောင်း ကိုမုန်တိုင်းက ပြောဆိုသည်။

“အလုပ်ချိန်က ပုံမှန်မရှိသေးဘူးပေါ့။ အလုပ်အသစ်ဆိုတော့ အဲဒီလိုပုံစံဖြစ်နေတယ်။ အလုပ်မပေးနိုင်သေးတာပေါ့။ လှည့်ပြီးတော့ သုံးနေတဲ့ ပုံစံဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

မြန်မာအလုပ်သမားများသည် လုပ်ငန်းခွင်တွင်လည်း နေစရာမရှိသဖြင့် ယခင်အလုပ်သမားဟောင်းများနှင့် တစ်ခန်းလျှင် ၂၅ ဦးအထိ ပေါင်းနေရကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် မြန်မာအလုပ်သမားများသည် ၎င်းတို့ ၁၇ ဦးစလုံး အလုပ်ပုံမှန်ဆင်းနိုင်သော လုပ်ငန်းခွင်သို့ သွားရောက် လုပ်ကိုင် လိုသဖြင့် မြန်မာအေဂျင်စီနှင့် ညှိနှိုင်းပေးရန် လာရောက်ကူညီတောင်းခံခြင်းဖြစ်ကြောင်း ကိုမုန်တိုင်းက ဆက်လက်ပြောဆိုသည်။

ယင်းအခက်အခဲများနှင့်ပက်သက်၍ အေဂျင်စီဘက်ကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် အတတ်နိုင်ဆုံး လာရောက် ဖြေရှင်း ပေးမည်ဟု ဒီဇင်ဘာ ၄ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း WAG ထံမှ သိရသည်။

လတ်တလောတွင် အလုပ်သမားများက ပုံမှန်မဆင်းရသော်လည်း အလုပ်ဆက်လုပ်နေဆဲဖြစ်ပြီး အေဂျင်စီဘက်က လာရောက် ဖြေရှင်းပေးမပေးကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။