ကလိန်အောင်ဒေသခံ ကရင်လူငယ်တစ်ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ချ

0
614

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ၊ မိကျောင်းလှောင်ရွာတွင် နေထိုင်သည့် အသက် ၂၈ နှစ်အရွယ်ရှိ ကရင်လူမျိုး စောဆောင်းနှင်းထူးဖောကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ် ချလိုက်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတို့ဖြင့် နိုဝင်ဘာလ ၃၀ ရက်တွင် ထားဝယ်အကျဉ်းထောင်တွင်း တရားရုံးက ပြစ်ဒဏ်ချခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“အမိန့်ချလိုက်ပြီ ။ မိသားစုနဲ့လည်းတွေ့ရတယ်လို့ပြောပါတယ်။ စဖမ်းခံရတုန်းကတော့ သတင်းအစအနတောင် မရဘူး။ ရွာလူကြီးလာပြောမှ ဖမ်းခံထားရတာသိရတယ်” ဟု စောဆောင်းနှင်းထူးဖော၏ မိတ်ဆွေတစ်ဦးက ပြောသည်။

စောဆောင်းနှင်းထူးဖောသည် ဇူလိုင်လ ၂၅ ရက်က ဆေးစစ်ချက်တစ်ခုယူရန် ထားဝယ်မြို့သို့ လာရောက်စဥ် ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ယင်းနောက် လေးလကျော်အကြာတွင် အမိန့်ချခံရခြင်းဖြစ်သည်။

လက်ကိုင်ဖုန်းအတွင်း စစ်ဆေးတွေ့ရှိသည့် အချက်အလက်များနှင့်ပတ်သက်၍ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ၊ ၅၀ (ည) တို့ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း စောဆောင်းနှင်းထူးဖော၏ မိတ်ဆွေက ပြောဆိုသည်။

စောဆောင်းနှင်းထူးဖောသည် ထားဝယ်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာနည်းပညာဘွဲ့ ရရှိထားသူဖြစ်ပြီး မိဘများနှင့်အတူ ဥယျာဥ်ခြံလုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း မိကျောင်းလှောင် ဒေသခံများက ပြောသည်။

အာဏာသိမ်းပြီးနောက် ကလိန်အောင်မြို့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် စစ်ကောင်စီတပ်က တရားစွဲဆို ထောင်ချထားသူ နှစ်ဦးရှိပြီဖြစ်သည်။