ထိုင်းစက်ရုံတွင် မြန်မာလုပ်သားတစ်ဦး စက်ကြိတ်မိပြီး သေဆုံး

0
625

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ သံသတ္တုဟောင်း ရွေးထုတ်သော စက်ရုံတွင် မြန်မာအလုပ်သမားတစ်ဦးသည် ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက စက်ကိုစစ်ဆေးနေစဉ် မတော်တဆ စက်ကြိတ်မိပြီး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများကဆိုသည်။ 

သေဆုံးသူသည် အသက် ၂၀ နှစ်အရွယ် မောင်ဖြိုးသန့်ကျော် အမည်ရှိသူဖြစ်ပြီး မနက်တိုင်း စက်ခန်းကို ပုံမှန် စစ်ဆေးရကြောင်း ကြိတ်စက်လည်ပတ်မှု ရှိမရှိ စစ်ဆေးနေစဉ်တွင် စက်လည်သွားပြီး ကြိတ်မိသွားခြင်းဖြစ်ကြောင်း စစ်ဆေးမှုရလဒ်တွင် ဖော်ပြထားသည်။ 

စက်ဖြင့်အကြိတ်ခံရမှုကြောင့် အရိုးများကျိုးကာ သွေးထွက်လွန်၍ သေဆုံးခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များ အသုံးပြုကာ အလောင်းကို အပြင်ထုတ်ခဲ့ရသည်။

စက်ခန်းအတွင်း လူရှိမရှိကို မသိဘဲ တစ်စုံတစ်ယောက်က စက်ခလုပ်ကို ဖွင့်မိသလား ဆိုသည်ကိုမူ တိတိကျကျမသိရကြောင်း စုံစမ်းမှုရလဒ်ကို ဖော်ပြထားသည်။ 

ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်မချသေးဘဲ CCTV မှတ်တမ်းများကို စစ်ဆေး၍ တစ်စုံတစ်ဦးက စက်ခလုပ်ကို ဖွင့်မဖွင့် စစ်ဆေးသွားမည်ဖြစ်ပြီး အကယ်၍ ဖွင့်မိခဲ့ပါက အသက်ဆုံးရှုံးစေမှုဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

Ref: One 31, Workpoint News, Nation