ထိုင်းတွင် နှစ်ထပ်ဘတ်စ်ကား သစ်ပင်ဝင်တိုက်မိပြီး ၁၄ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရ

0
654

ထိုင်းနိုင်ငံတွင် အဝေးပြေး နှစ်ထပ်ဘတ်စ်ကားတစ်စီး လမ်းချော်ကာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိသဖြင့် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ပြီး ၃၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယနေ့ (ဒီဇင်ဘာ ၅) နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အဆိုပါမတော်တဆမှုတွင် ဒဏ်ရာရရှိသူများ၌ မြန်မာနိုင်ငံသား ၆ ဦးပါဝင်နေကြောင်း ကနဦး သိရှိထားပြီး ပရာကျွန်ခီရီခန်ဆေးရုံနှင့် ထပ်စကဲဆေးရုံများတွင် ကုသမှုခံယူနေကြောင်း သတင်းရရှိသည်။

သေဆုံးသူများ၏ အချက်အလက်များကို အတည်ပြုနေဆဲဖြစ်ပြီး မြန်မာနိုင်ငံသား ပါဝင်ခြင်းရှိမရှိ မသိရှိရသေးပေ။

ကားပေါ်တွင် ခရီးသည် ၄၆ ဦးနှင့် ကားသမားအပါအဝင် ဝန်ထမ်း ၃ ဦး လိုက်ပါလာခဲ့ပြီး ဘန်ကောက်မြို့မှ စွန်ခရာခရိုင် နာထဝီမြို့သို့ ပြေးဆွဲနေသော ခရီးသည်တင်ယာဉ် ဘတ်စ်ကားဖြစ်သည်။

ကားသည် ပရာကျွတ်ခီရီခန်ခရိုင် ထပ်စကဲဒေသအနီးတွင် လမ်းဘေးထိုးကျကာ သစ်ပင်ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ဆေးမှုအရ ကားပေါ်ပါ ၁၄ ဦးသေဆုံးခဲ့ပြီး ညနေ ၃ နာရီခွဲအချိန်အထိ သေဆုံးသူများအနက် ၇ ဦး၏ အချက်အလက်များကိုသာ အတည်ပြုနိုင်သေးကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ယာဉ်မတော်တဆဖြစ်မှု၏ အကြောင်းရင်းကို မသိရှိရသေးဘဲ ကားသည် ပုံမှန် တစ်နာရီ ၈၈ ကီလိုမီတာဖြင့် မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးမှုရလဒ်ကို ဖော်ပြထားသည်။

ကားသမားက ကောင်းကောင်းအိပ်ရေးဝခဲ့ပုံမရဟု ကနဦး တွေ့ရှိထားကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးမှုရလဒ်ကဆိုသည်။

ကားသမားကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကားနှင့် ခရီးသွားအားလုံးအတွက် အာမခံပြုလုပ်ထားသဖြင့် ဒဏ်ရာရရှိသူများအတွက် ဆေးကုသခွင့်နှင့် သေဆုံးသူများအတွက် လျော်ကြေးရရှိမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: ejan, MGR Online, Matichon Online