ထိုင်းတွင် MOU လုပ်သားများ ၂ လ နီးပါး အလုပ်ပုံမှန်မရသဖြင့် အခက်အခဲဖြစ်နေ

0
979

ထိုင်းနိုင်ငံတွင် MOU မြန်မာအလုပ်သမား ၁၃ ဦး ၂ လနီးပါးကြာသည်အထိ အလုပ်ပုံမှန်မလုပ်ရသဖြင့် အခက်အခဲဖြစ်နေကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

ယင်းမြန်မာအလုပ်သမားများမှာ မြန်မာအေဂျင်စီပြည့်ပိုင်မှူးမှတစ်ဆင့် စူဖန်ဘူရီနှင့် စမွတ်ပရကန်ရှိ ကုမ္ပဏီများတွင် လုပ်ကိုင်ရန် ၂ နှစ်စာချုပ်ဖြစ် ဩဂုတ်လ အစောပိုင်းက ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့သူများဖြစ်ကြောင်း သိရသည်။

သို့သော်လည်း အလုပ်သမားများသည် ထိုင်းရောက်လာချိန် စာချုပ်ပါလုပ်ငန်းခွင်မဟုတ်ဘဲ ပကျင်ဘူရီ ရက် ၂၀၊ အယုဒ္ဓယတွင် ၂ ရက်သာ လုပ်ခဲ့ရပြီးနောက် စူဖန်ဘူရီရှိ ငါးကန်တွင် အလုပ်မလုပ်ရဘဲ တစ်လခန့် နေထိုင်ခဲ့ရကြောင်း သိရသည်။

နောက်ဆုံး စက်တင်ဘာ ၂၅ ရက်နေ့တွင် ဖူးခက်မြို့ ဟွန်ယွန်းဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ အလုပ်လုပ်ကိုင်ရန် ထပ်မံရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

ထိုင်းရောက်ပြီး ၂ လကျော်ကာလအတွင် လုပ်ငန်းခွင် ၄ ခုကျော်အထိ‌ ပြောင်းရွှေ့ခဲ့ရသော်လည်း အလုပ်မရသလို လုပ်အားခလည်းမရကြောင်း ယခုနောက်ဆုံး ဖူးခက်တွင်လည်း အလုပ်ချိန်ပုံမှန် မဆင်းခဲ့ရသဖြင့် စားဝတ်နေရေးနှင့် ငွေကြေးအရ အခက်အခဲများစွာ ကြုံတွေ့လာနေခဲ့ကြောင်း အလုပ်သမားတစ်ဦးကဆိုသည်။

“ဒီလာတယ်ဆိုတာ မိသားစုကို ထောက်ပံ့ပေးချင်လို့ လာကြတဲ့သူတွေ။ အလုပ်က ပုံမှန်မလုပ်ရ။ အခုဘယ်လိုပုံစံဖြစ်လဲဆိုတော့ ကျွန်တော်တို့ တစ်ပတ်ဆင်းတယ်ဗျာ။ တစ်ပတ်လောက်အလုပ်လုပ်ပြီးရင် တစ်ပတ်လောက်က ပြန်နားရတယ်။ ဒီဟာလုပ်လိုက် ဒါပြန်သုံးလိုက်ဆိုတော့ အိမ်ကိုလည်း မလွှဲနိုင်ဘူး။ ဘယ်လိုမှ အဆင်မပြေဘူး” ဟု ၎င်းကဆိုသည်။

ယခုအခက်အခဲများကို အေဂျင်စီနှင့် ထိုင်းကုမ္ပဏီဘက်က လာရောက်မေးမြန်းခဲ့သော်လည်း ဖြေရှင်းပေးခဲ့ခြင်းမရှိသဖြင့် WAG အဖွဲ့ကို အကူအညီတောင်းခံခဲ့ကြောင်း ၎င်းကဆိုသည်။

အလုပ်သမားများ အလုပ်မဆင်းခဲ့ရသော အချိန် တစ်လကျော်ကြာအတွက် လုပ်အားခ ၇၅ ရာခိုင်နှုန်းပြန်လည်ရရှိရန်၊ ပုံမှန် တိကျသော အလုပ်ကို ရရှိရန်အတွက် တောင်းဆိုလိုကြောင်း ၎င်းက ဆိုသည်။

မြန်မာအေဂျင်စီများက ထိုင်းစက်ရုံများ၏ အလုပ်ခေါ်စာတွင် လူ ၂၀ သာ ခေါ်သော်လည်း အလုပ်သမား အရေအတွက် ၁၀၀ အထိ ခေါ်တင်ခဲ့ကာ ထိုင်းရောက်ရှိမှ အလုပ်ရှာပေးမည့်ပုံစံများကြောင့် ယခုကဲ့သို့ MOU အလုပ်သမားများ ဒုက္ခရောက်ရှိလာခဲ့ကြောင်း WAG အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

“အခုလက်ရှိ MOU တွေနဲ့ ထိုင်းထဲကို ခေါ်ပို့လိုက်တဲ့ အလုပ်သမားတော်တော်များများက လုပ်နေတာက တစ်နေရာ။ လက်ရှိအလုပ်မပေးဘဲ ခေါ်တင်လိုက်တာ အယောက် ၁၀၀ လောက်ဆိုရင် ဒီနားမှာ ၂၀ ဟိုနားမှာ ၁၀ ယောက် ဟိုနားမှာ ၁၅ ယောက် အဲလိုမျိုးခွဲထားတာ။ တကယ်သူတို့တွေက အလုပ်မရှိကြဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့် တရားဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားအရေအတွက် ၃ သိန်းကျော်ရှိကြောင်း ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။