ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်

0
2387

အသက် ၆၀ ကျော်အရွယ် ဒေါ်တုတ်၏ သားမှာ ဒလန်ဟုဆိုကာ သတ်ဖြတ်ခံလိုက်ရသည်။

“အဒေါ့်သားက အသေဆိုးနဲ့သေသွားခဲ့တာပါ။ အ‌ဒေါ့်သားက အမေကိုလုပ်ကျွေးနေတာပါ။ သူတော်ကောင်းလေးပါ” လို့ မျက်ရည်စက်လက်ဖြင့် ဒေါ်တုတ်ကဆိုလိုက်သည်။

စက်တင်ဘာလ ၁၄ ရက်က ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာ ကွမ်းယာဆိုင်တစ်ဆိုင်တွင် အလုပ်ကပြန်လာသော ကိုနေစိုးရဲ ကွမ်းယာဝယ်နေချိန် မျက်နှာစိမ်းလူငယ်သုံးဦးက‌ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

အဖမ်းခံရပြီး ၁၂ ရက်အကြာ စက်တင်ဘာလ ၂၆ ရက်နေ့တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်သည့် ထုတ်ပြန်ချက်တွင် ကိုနေစိုးရဲအပါအဝင် အင်ဇောက်ရွာသားနှစ်ဦးကို ရှင်းလင်းလိုက်ကြောင်း ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် စစ်ကောင်စီစစ်ကြောင်းထိုးမည့်အချိန် နယ်မြေသတင်း လိုက်လံစုံစမ်းပေးနေသူများ ဖြစ်ပြီး ပျူစောထီးခေါင်းဆောင် ဒေါ်နုသိန်း၏ လူယုံများဖြစ်ကာ တော်လှန်ရေးအင်အားစုများ၏ သတင်းထောက်လှမ်းရန် ဒေါ်နုသိန်းက လစာပေးထားသည်ဟုလည်း စွပ်စွဲထားသည်။

ယင်းအတွက်ကြောင့် ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်းလိုက်ခြင်း (ပစ်သတ်လိုက်တာ) ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုကို လက်မခံနိုင်သည့်အတွက် နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်နေသည့် ပြည်သူလူထု အကြားမှပင် လက်နက်ကိုင်တော်လှန်းရေး ပေါ်ပေါက်လာခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာစတင်သိမ်းချိန်မှစသည့် အကြမ်းမဖက် လူထုတော်လှန်ရေးမှသည် လက်နက်ကိုင်တော်လှန်ရေးအထိ ပြည်သူများက အဖက်ဖက်မှ ဝန်းရံထောက်ခံအားပေးခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ခုခံတော်လှန်စစ်ကြေညာပြီး ၂ နှစ်ကျော်ကြာလာသည့်အခါတွင်မူ ပြည်သူများနှင့် တော်လှန်ရေး အဖွဲ့များအကြား ပွတ်တိုက်မှုများ စတင်လာခဲ့သည်။

တော်လှန်ရေးအစတွင် ပြည်သူလူထုကို စည်းရုံးရေးအသွင်ဖြင့် ပြည်သူ့နှလုံးသိမ်းကျုံးနိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် စည်းရုံးရေးအသွင်ပျောက်ပြီး အာဏာပြအုပ်ချုပ်သည့် ဘက်သို့ရောက်လာသည်ဟု ပြည်သူအများက ထင်မြင်လာကြသည်။

တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူလူထုအကြား ပွတ်တိုက်မှုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများတွင် ဒလန်ရှင်းလင်းရေး လုပ်ငန်းစဉ်များ၊ အမိန့်အာဏာဖြင့် တားဆီးမှုများ၊ ဆက်ကြေးဆိုကာ ငွေတောင်းခံခြင်းများ၊ အံဩတုန်လှုပ်စေသော ဖမ်းဆီးမှုများမှာ အဓိကဖြစ်နေသည်။

ဒလန်ရှင်းလင်းရေး

လက်နက်ကိုင်တော်လှန်အစပိုင်းမှ ယနေ့အချိန်အထိ စစ်ကောင်စီသတင်းပေး ဒလန်ခေါင်းစဉ်အောက်တွင် အသတ်ခံရသည့် တနင်္သာရီတိုင်းသား အနည်းဆုံး ၃၀၀ အထက်တွင်ရှိမည်ဟု ခန့်မှန်းရသည်။

ဒလန်ရှင်းလင်းရေးဟုဆိုကာ သတ်ဖြတ်မှုများတွင် တစ်ဖက်သတ် စွပ်စွဲချက်ဖြင့် ဆုံးဖြတ်ခြင်းမျိုးက များလာနေပြီး စွပ်စွဲခံရသူဘက်က ရှင်းလင်းချေပနိုင်ခြင်းမျိုးမရှိဘဲ အသတ်ခံလိုက်ရသည်များ ရှိလာနေသည်။

ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရပြီးနောက် ထုတ်ပြန်ချိန်မှသာ မိသားစုများနှင့် ဒေသခံများဘက်က ဒလန်မဟုတ်ကြောင်း တုံ့ပြန်နိုင်ကြသည်။

ယင်းသို့သော သတ်ဖြတ်ခံရသူများတွင် ကိုနေစိုးရဲလည်း တစ်ဦး အပါအဝင်ဖြစ်သည်။

ကိုနေစိုးရဲ၏ မိခင်ဖြစ်သူ ဒေါ်တုတ်ကမူ သားဖြစ်သူဟာ မည်သည့်တော်လှန်ရေးအင်အားစုများ၏ သတင်းကိုမှ စုံစမ်းခြင်း မရှိကြောင်း၊ ဒလန် မဟုတ်ကြောင်း ယတိပြတ်ပြောဆိုသည်။

“အဲဒီလို (ဒလန်) လုံးဝမလုပ်ပါဘူး။ စစ်တပ်ကိုဆို အရမ်းကြောက်တဲ့သူပါ။ အဒေါ်တို့က အင်းဇောက်မှာနေတာလေ။ ဟိုး… မင်းရပ်ရွာမှာ စစ်တပ်ရောက်နေပြီလို့ သတင်းကြားရင် သူကြောက်လို့ပြေးပြီပဲ။ အဲဒီလိုလူစားကို ဒလန်လို့ သတ်မှတ်လိုက်တာက ဟုတ်ရဲ့လားအေ။ အဒေါ့်သား ဒလန်မလုပ်ရိုးတော့အမှန်ပဲ။ ကိုယ့်သားအကြောင်းကိုယ်သိတယ်။ အဒေါ်တို့ကဆင်းရဲပါတယ်။ ကိုယ်လုပ်မှကိုယ်စားရတာ အဲဒါတွေလုပ်ဖို့ အချိန်မရှိဘူးပါဘူး” ဟု မိခင်ဖြစ်သူကဆိုသည်။

ကိုနေစိုးရဲအပါအဝင် ရွာသားနှစ်ဦး အသတ်ခံလိုက်ရသည့်သတင်းမှာ အင်းဇောက်ရွာနှင့် အနီးအနားကျေးရွာများအတွက် ထိတ်လန့်တုန်လှုပ်စရာတစ်ခုဖြစ်သွားခဲ့သည်။

လက်ရှိတွင် ရွာမှာရှိသည့် လူငယ်ပိုင်းများ အိမ်တွင်မနေရဲတော့လောက်အောင်ကို ကြောက်ရွံ့နေကြ‌ကြောင်း အင်ဇောက်ရွာသူတစ်ဦးကပြောသည်။

“အခုဆို ရွာမှာ လူငယ်တွေမနေရဲကြတော့ဘူး” လို့ ၎င်းကဆိုသည်။

တော်လှန်ရေးအစပိုင်းကာလ ဒလန်ရှင်းလင်းရေးအပေါ် ပြည်သူများလက်သင့်ခံခဲ့ကြသော်လည်း လက်ရှိတွင် ဒလန်ရှင်းလင်းရေးအပေါ် ပြည်သူများ၏အမြင်ပြောင်းလဲလာနေပြီဖြစ်သည်။

တော်လှန်ရေးအချိန်ကြာလာသည်အမျှ အချက်အလက် တိကျခိုင်မာမှုမရှိဘဲ ဒလန်ခေါင်းစဉ်တပ် သတ်ဖြတ်မှုများအပေါ် လက်မခံ‌နိုင်သည့်ပြည်သူ ပိုများပြားလာသည်ကိုတွေ့ရကြောင်း မြို့နယ်နိုင်ငံရေး ဦးဆောင်အဖွဲ့ ဝင်တစ်ဦးကလည်း ပြောဆိုသည်။

“အခုနောက်ပိုင်းမှာ ပြည်သူတော်တော်များများကတော့ ဒလန်ရှင်းလင်းရေးဆိုတဲ့ဟာကို ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ရာမှာ ခုနစ်ဆယ်လောက်က အားမပေးတော့ဘူးဆိုတာ သွားတွေ့ရတယ်” ဟု၎င်းကဆိုသည်။

ပြည်သူလက်မခံသည့် ကိစ္စကို တော်လှန်ရေးသမားများက သတိထားကိုင်တွယ်ရမည်ဖြစ်ပြီး အတိမ်းအစောင်းဖြစ်မိပါက ပြည်သူ့အမျက်ဒေါသဒဏ်ကို ခံစားရမည်ဖြစ်ကြောင်း ရငဲရွာသူတစ်ဦးကဆိုသည်။

အခုနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချို့တွင် ဒလန်ရှင်းလင်းရေးနှင့်ပတ်သက်ပြီး ယခင်ကထက် ပိုမိုသတိထား လုပ်ဆောင်လာနေသည်ကို တွေ့ရသည့်အပြင် အချို့အဖွဲ့မှာ လက်မခံတော့သည်ကို တွေ့လာရကြောင်း မြို့နယ်နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်တစ်ဦးကဆိုသည်။

“တချို့လက်နက်ကိုင်အဖွဲ့တွေနဲ့စကားပြောကြည့်တဲ့အခါမှာ သူတို့ရဲ့ အတွေးထဲမှာ ဒလန်ရှင်းလင်းရေးက မလုပ်အပ်တော့ဘူးဆိုတဲ့ ပြောဆိုတာတွေကြားလာရတာပေါ့နော်။ ဘယ်လိုပဲပြောပြော အဲဒါက ကျေနပ်စရာကောင်းတဲ့ အနေအထားတစ်ခုဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ဒလန်ခေါင်းစဉ်အောက်တွင် သားဖြစ်သူ အသတ်ခံလိုက်ရသည့် ဒေါ်တုတ်မှာ အကြိတ်တက်နေသည်ကိုလည်း ခွဲစိတ်မကုသနိုင်၊ သားဖြစ်သူလုပ်ငန်းအတွက် ဝယ်ယူထားသည့် မြေသယ်ကားစာရိတ် ကျပ်သိန်းတစ်ရာကျော် အတွက်လည်း ပြန်မဆပ်နိုင်၊ သားအတွက် ပူဆွေးဝမ်းနည်းနေရသည်ကတစ်ဖက်ဖြင့် ကြိတ်မနိုင်ခဲမရ ခံစားနေရသည်။

“အဒေါ်သားဖြစ်သလိုမျိုး မဖြစ်ကြပါစေနဲ့လို့ပဲ ဆုတောင်း‌ပါတယ်။ အဒေါ်သားကတော့ ကံဆိုးရှာပါတယ်။ သူအရင်ဘဝကလုပ်ခဲ့တဲ့ ဝဋ်ကြွေးရှိရင် ဒီမျှနဲ့ပဲကြေပါစေ” ဟုဆိုရင်း ဒေါ်တုတ်၏ စကားသံမှာ တိမ်ဝင်ပျောက်ကွယ်သွားလေသည်။

အာဏာရှင်အငွေ့အသက်

အချို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟုခံယူထားသူများသည် စည်းရုံးရေးနည်းလမ်းဖြင့် စည်းရုံးရမည့်အစား ပြည်သူများကို အာဏာရှင်ဆန်ဆန် အမိန့်ပေးခြင်း၊ ခြိမ်းခြောက်ခြင်းများရှိလာသည်ကိုတွေ့နေရကြောင်း ဒေသခံအချို့ကဆိုသည်။

ကျောင်းတက်ရေး၊ ကျောင်းမတက်ရေးအပေါ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ လုပ်ဆောင်ချက်၊ နှစ်သောင်းတန်ငွေစက္ကူမသုံးစွဲရေးတို့တွင် အချို့ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့၏ ထုတ်ပြန်ချက်များမှာ အာဏာရှင်ဆန်သည့် အပြုအမူမျိုးဖြစ်ကြောင်း ဒေသခံများဟု ဒေသခံများက သတ်မှတ်နေကြသည်။

“အာဏာသိမ်းတာ ၂ နှစ်ကျော်လာတဲ့အချိန်မှာ ပြည်သူတွေမှာ စီးပွားရေးနဲ့ ပညာရေးဟာ အထိနာလာပြီ။ အဲဒီနှစ်ချက် အပေါ်မှာ မျက်ကွယ်ပြုသင့်တာပြုရမယ်။ ပြီးတော့ ပြည်သူတွေကို စည်းရုံးတဲ့နည်းလမ်းနဲ့ပဲ သွားသင့်တယ်” ဟု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ထားဝယ်မြို့ခံတစ်ဦးက အကြံပြုသည်။

အချို့သော တော်လှန်ရေးသမားများကိုယ်တိုင် ပြည်သူအပေါ် အာဏာရှင်ဆန်ဆန် ပြုမူဆက်ဆံလာသည့်အချက်ကို မငြင်းချင်ကြောင်း အမည်မဖော်လိုသည့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက Dawei Watch သို့ပြောဆိုသည်။

၎င်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အချို့ကို ရည်ညွှန်းပြီး “အာဏာရှင်စနစ်ကိုမကြိုက်လို့ တော်လှန်နေပါတယ်ဆိုမှ အာဏာရှင်လက်သစ်တွေနဲ့ လာတိုးနေတယ်” ဟုဆိုသည်။

Dawei Watch က ဆက်သွယ်မေးမြန်းဖူးသည့် တော်လှန်ရေးအဖွဲ့များကမူ သာမန်ပြည်သူများအပေါ် ခြိမ်းခြောက်ခြင်း မရှိကြောင်းငြင်းဆိုကြသည်။

စစ်ရေးအရ သတိပေးရမည့်သူများကို သတိပေးခြင်းမျိုးသာရှိပြီး စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုသူများကိုသာ ခြိမ်းခြောက်သတိပေးလေ့ရှိသည်ဟု ပြောဆိုသည့်အဖွဲ့လည်းရှိသည်။

စစ်အာဏာရှင်ကို မနှစ်သက်၊ မကြိုက်သဖြင့် လက်နက်ကိုင်တော်လှန်နေကြသည့် တော်လှန်ရေးသမားများမှာ လက်နက်ဖြင့် အုပ်ချုပ်၊ လက်နက်ဖြင့် ဥပဒေပြဋ္ဌာန်း၊ လက်နက်ဖြင့် တရားစီရင်နေခြင်းမျိုး ဖြစ်မလာရန် အရေးကြီးကြောင်း နိုင်ငံ‌ရေးလေ့လာသူများက ထောက်ပြကြသည်။

“အာဏာသုံးဖြာ (အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး) စလုံးမပြောနဲ့ အာဏာနှစ်ဖြာကိုတောင်မှ အစုအဖွဲ့တစ်ခုတည်းက ကျင့်သုံးနေတာတောင်မှာ လူထုအတွက်‌ တော်တော်လေး အန္တရာယ်များတယ်” ဟု မြို့နယ်နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်တစ်ဦးကဆိုသည်။

ဆက်ကြေး

ယခုနောက်ပိုင်းတွင် ပြည်သူများ မျက်မုန်းကျိုးလာနေသည့် အချက်တစ်ခုမှာ တော်လှန်ရေးအမည်ခံ ဆက်ကြေးတောင်းသည့်ကိစ္စဖြစ်သည်။

ထားဝယ်အရှေ့တောဒေသတွင် ထိုးသတင်းအပုပ်နံ့ အထွက်များသည်။ အထူးသဖြင့် ကော်သူးလေအာမီဟုခေါ်သည့် KTLA အဖွဲ့က ဖွဲ့စည်းထားသည့် နေအလင်းရောင်စစ်ကြောင်းမှ ပြည်သူများထံတွင် ဆက်ကြေးကောက်ခံနေခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

နေအလင်းရောင်စစ်ကြောင်းသည် စက်တင်ဘာလ ၁၄ ရက်က အရှေ့တောဒေသ ရမ္မဇူရွာရှိ အရက်ဆိုင်သုံးဆိုင်ထံကနေ ငွေကျပ်သိန်းရာချီကိုတောင်းခံခဲ့ကြောင်း ဒေသခံများက Dawei Watch ကိုပြောဆိုခဲ့သည်။

ထို့အပြင် ဆယ်သွယ်ရေးတာဝါတိုင်ကုမ္ပဏီတစ်ခုထံတွင်လည်း တာဝါတိုင်စိုက်ထူခအဖြစ် ငွေကြေးတောင်းခံခြင်းမျိုးရှိကြောင်း ဒေသခံအချို့ကဆိုသည်။

ကော်သူးလေတပ်မတော် ပြန်ကြားရေးတာဝန်ခံကမူ ပြည်သူများက ကြည်ကြည်ဖြူဖြူပေးသည်ဟု Dawei Watch ကို ပြောဆိုခဲ့သည်။

ရမ္မဇူရွာသားတစ်ဦးကမူ “ကြည်ကြည်ဖြူဖြူက ဘယ်သူက ပေးလိုက်မလဲ။ ငိုပြီး စကားအရှည်ကြီး ပြောပြနေကြသူတွေ ချည်းပဲ။ ဘယ်သူမှမကြည်ဖြူဘူး။ သူတို့ကတော့ စကားလှအောင်ပြောတာပေါ့လေ” ဟု တုံ့ပြန်ပြောဆိုသည်။

တော်လှန်ရေးအမည်ခံအဖွဲ့အချို့ကလည်း ဆက်ကြေးကောက်သည့်ကိစ္စမျိုး မကြာခဏလုပ်ဆောင်လာနေကြောင်း ဒေသခံများကဆိုကြသည်။

သရက်ချောင်းမြို့နယ်ရှိ တော်လှန်ရေးအမည်ခံထားသည့် အဖွဲ့တစ်ခုကလည်း မူးယစ်ဆေးရောင်းဝယ်နေသည်ဟု အကြောင်းပြကာ ငွေကြေးသိန်းချီတောင်းခံသည့်ဖြစ်စဉ် ယခုလပိုင်းထဲ ဖြစ်ပွားခဲ့ဖူးသည်။

ယင်းကဲ့သို့ ငွေကြေးတောင်းခံနေသည်မှာ အဖွဲ့အနည်းစုသာဖြစ်သော်လည်း အခြားသော တော်လှန်ရေးအဖွဲ့အစည်းများကိုပါ ရိုက်ခတ်မှုရှိလာကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကဆိုသည်။

“ပြည်သူတွေကတော့ သူကတော့ဘယ်အဖွဲ့၊ ဘယ်အဖွဲ့ဆိုတာ ခွဲခြားပြီးသိမှာမဟုတ်ဘူး။ PDF ဆိုတာပဲ သူတို့သိကြတာများတယ်။ အဲဒီအကြောင်းတွေ အမြဲတမ်းဆွေးနွေးပွဲတွေမှာပြောတယ်။ အစကတည်းကပြောတယ်။ နှစ်သောင်းတန်ကိစ္စကတည်းက ပြောတာတွေရှိတယ်။ ပြည်သူတွေကျွေးတာစားပြီး ပြည်သူမထောက်ခံရင် တော်လှန်ရေးသမားကနေ ဓားပြဘဝကိုရောက်သွားမယ်လို့” ဟု ၎င်းကဆိုသည်။

အံ့ဩတုန်လှုပ်စေသော ဖမ်းဆီးမှုများ

ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ တည်ထောင်သူ ဦးနိုင်မျိုးသွင်ကို ဖမ်းဆီးမှုနှင့် ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီးအပါအဝင် ၇ ဦး အဖမ်းခံရမှုများမှာ ပြည်သူများ ထင်မှတ်မထားသော ဖမ်းဆီးမှုများဖြစ်သဖြင့် အံဩတုန်လှုပ်သွားကြသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် မြေပြိုရာသို့ ကယ်ဆယ်ရေးသွားပြီး အပြန် ဂေါ့အင်းရွာ၊ ကြယ်တောင်အနီးတွင် ဦးနိုင်မျိုးသွင်ကို ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ၁၁ ရက်ကြာ ဖမ်းဆီးခဲ့သည်။

ဦးနိုင်မျိုးသွင်မှာ ပြန်လည်လွတ်မြောက်လာပြီး ငါးရက်အကြာတွင် ဇမ္ဗူသီရိအရေးပေါ် လူနာကူညီရေးအသင်းအဖွဲ့၏ တာဝန်များမှ နုတ်ထွက် အနားယူလိုက်ခြင်းဖြစ်သည်။

ယင်းသို့ပင် လောင်းလုံးမြို့နယ် ထားဝယ်-မောင်းမကန်သွားလမ်းတွင်ရှိသည့် ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သားတစ်ဦးအပါအဝင် ဆရာ၊ဆရာမ ခုနှစ်ဦးကို လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ဖမ်းဆီးမှုဖြစ်ခဲ့ပြီး တော်လှန်ရေးအဖွဲ့များအကြား ဂယက်ထသွားသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခင်နှင့် သားဖြစ်သူကျောင်းသား မောင်အောင်ဟိန်းခန့်၊ ဒုတိယကျောင်းအုပ်ကြီးဦးခင်မောင်ထွေး၊ လက်ထောက်ကထိက ဒေါ်သန္တာအေး၊ လက်ထောက်ကထိကဦးနိုင်ဝင်း၊ ကွင်းဆင်းလက်ထောက်ဦးနေဆန်းနှင့် နော်ဖြူဖြူသန့်တို့ကို ဇွန်လ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လတွင်မူ အဆိုပါ ၇ ဦးစလုံးကို ပြန်လွှတ်ပေးခဲ့သည်။

ယင်းဖြစ်စဉ် ၂ ခုမှာ လတ်တလောဖြစ်ပွားခဲ့ပြီး လူသိများထင်ရှားသည့် ဖြစ်စဉ်များဖြစ်ပြီး အလားတူဖြစ်ရပ်မျိုး တနင်္သာရီတိုင်းအတွင်းရှိ အခြားဒေသများတွင်လည်း ဖြစ်ပွားနေသည်။

သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ဖမ်းဆီးမှုဖြစ်စဉ်များအပေါ် အသေးစိတ်ထုတ်ပြန်မှုများ လုပ်ဆောင်ခဲ့သော်လည်း ပြည်သူများအကြားတွင် မေးခွန်းထုတ်စရာ ဖြစ်စေခဲ့သည်။

ပြည်သူ့ထောက်ခံမှု

မြန်မာပြည်တောင်ဖက်စွန်း တနင်္သာရီတိုင်းသည် ခုခံတော်လှန်စစ် အားကောင်းသည့်ဒေသတစ်ခုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်း ၆၀ ဝန်းကျင်ရှိ‌သည်။

ယင်တော်လှန်ရေးအဖွဲ့များမှာ ပြည်သူ့ကြားကပင် ပေါ်ပေါက်လာခဲ့ပြီး ပြည်သူ့ထောက်ခံမှု အပြည့်အဝရရှိထားသည့် အဖွဲ့များလည်းဖြစ်သည်။

သို့သော် ယခုနောက်ပိုင်းတွင် ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့များအကြား ပွတ်တိုက်မှုများ ရှိလာနေပြီး ရေရှည်တွင် တော်လှန်ရေးကို ထိခိုက်လာနိုင်ကြောင်း တွေ့ရသည်။

“အခုမြေပြင်မှာရှိနေတဲ့ ပြည်သူတွေ‌ဆီကနေကြားရတာက ငါတို့ကနှစ်ဖက်စလုံးကို ကြောက်နေရတယ်ဆိုတဲ့ အနေအထားတွေကြားလာရတယ်” ဟု မြို့နယ်နိုင်ငံရေးဦးဆောင် အဖွဲ့ဝင်တစ်ဦးကဆိုသည်။

ပြည်သူများက စစ်ကောင်စီတပ်ကို‌လည်း ကြောက်ရသည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုလည်း ကြောက်နေရသည်ဟု ဆိုလိုခြင်းဖြစ်သည်။

တော်လှန်ရေး အဖွဲ့များနှင့် ပြည်သူများအကြား ပွတ်တိုက်မှုများ ရှိလာနေချိန်တွင် စစ်ကောင်စီက ပြည်သူများကို စည်းရုံးရေး အသွင်ပြောင်းကာ ချည်းကပ်လာနေကြောင်း တွေ့ရသည်။

ယခင်က စစ်ကောင်စီတပ်သည် ကြွက်မနိုင် ကျည်မီးရှို့ပုံစံအတိုင်း ပြည်သူနေအိမ်များကအား မီးရှို့ဖျက်ဆီးပြီး အကြောက်တရား ရိုက်သွင်းသည့်ပုံစံဖြင့် စစ်ကြောင်းထိုးလေ့ရှိသည်။

ယခုမူ စစ်ကောင်စီက အကြောက်တရားရိုက်သွင်းမှုကို ဆက်လုပ်နေသလို အခြားတစ်ဖက်တွင် ကျေးရွာများ၌ စခန်းချထားသည့် စစ်ကြောင်းတို့သည် ပြည်သူနှင့်တည့်အောင် ဆက်ဆံပေါင်းသင်း နေထိုင်နေကြသည်ကိုတွေ့ရသည်။

ယင်းမှာ သွေးခွဲဗျူဟာတစ်ခုဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကဆိုသည်။

“သွေးခွဲဗျူဟာသုံးတဲ့နေရာမှာ စစ်တိုက်တာထက်ကို တော်‌သေးတယ်” ဟု၎င်းကဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ချို့၏ လုပ်ရပ်နှင့် ပြုမူမှုများအပေါ် ပြည်သူများမေးခွန်းထုတ်လာချိန်တွင် စစ်ကောင်စီက အချိန်ကိုက် သွေးခွဲဗျူဟာ ခင်းကျင်းလာခြင်းဟုလည်း တော်လှန်ရေးသမားအချို့က သုံးသပ်ကြသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များရှိနေသဖြင့် ‌စစ်တပ်က ရပ်ရွာများအတွင်း စစ်ကြောင်းထိုးနေရသည့်အသွင် ပုံမှားရိုက်လာသည်။

“တော်လှန်ရေးသမားတွေ အာဏာရှင်ဆန်လာတယ်လို့ပြောလာရင် အဲဒါ‌တော်တော်ခံရခက်တယ်။ တကယ် (ပုံရိပ်ကျအောင်) လုပ်နေတာက လက်တစ်ဆုပ်စာပဲ။ အဲဒါကိုဝါးလုံးရှည်ကြီးနဲ့ အကုန်သိမ်းကြုံး အပြောခံရတာ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကဆိုသည်။

ထားဝယ်ခရိုင်အတွင်းရှိ တော်လှန်ရေးအဖွဲ့အများစုသည် ပြည်သူထောက်ခံဝန်းရံအားပေးမှုကို အပြည့်အဝရရှိထားသည်ဟု ၎င်းကဆိုသည်။

“ငါတို့ကတော့ အမြဲတမ်းပြည်သူကိုပဲမျက်နှာမူတယ်။ ပြည်သူကျွေးတာစားတယ်” ဟု အရှေ့တောနယ်တွင် တာဝန်ထမ်းဆောင်ဖူးသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကဆိုသည်။

စစ်သည်‌တော်များလိုက်နာရမည့် ကျင့်ဝတ်ပေါင်းမြောက်များစွာကိုလိုက်နာပြီး အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကိုသာ ရှေးရှုလုပ်ဆောင်သည့်အဖွဲ့တိုင်း ပြည်သူထောက်ခံမှုရမည်သာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ပြောမယ်ဆိုရင် စစ်သည်တော်ကျင့်ဝတ်တွေအများကြီးရှိတယ်။ အမှန်တိုင်းပြောရင် အဲဒါတွေအားလုံးမလိုက်နာနိုင်ဘူး။ ဒါပေမဲ့ ပြည်သူကိုတော့ ဘယ်တော့မှ ကျေးဇူးမကန်းဘူး” ဟု ၎င်းကပြောသည်။

မြေပြင်တွင် ပြည်သူနှင့်တော်လှန်ရေးအဖွဲ့များအကြား ပွတ်တိုက်မှု အချို့ရှိနေခြင်းကြောင့် ပြည်သူ့ထောက်ခံမှုမှာ အရေးကြီးကြောင်း တော်လှန်ရေး လုပ်နေသူများက အလေးအနက် ပြောဆိုကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတ ဒူဝါလရှီးလကလည်း တော်လှန်ရေးသမားများ “လူထုအင်အားတည်ဆောက်ကြ” ရန်လိုကြောင်း ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း ၂ နှစ်ပြည့်မိန့်ခွန်းတွင် သတိပေးထားသည်။

ပြည်သူ့ထောက်ခံမှု အရေးကြီးကြောင်း ပြောကြလျှင် လူအများနားထဲစွဲနေသည့် စားသားတစ်ခုရှိသည်။

“စစ်နည်းဗျူဟာ ဘယ်လိုသာလည်း၊

စွဲကိုင်လက်နက် ဘယ်လိုထက်လည်း၊

ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်

ပြည်သူ့ခွန်အား မကိုးစားလျှင်

ဓားသွားလည်းကြွေ လှံလည်းခွေအံ့”