မြိတ်ရပ်ကွက်အချို့တွင် ဧည့်စာရင်း မတိုင်လျှင် ကျပ်တစ်သိန်းအထိ တောင်းယူ

0
1846

မြိတ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တို့တွင် ဧည့်စာရင်းကြေး တိုးကောက်လာပြီး တိုင်ကြားရန် ပျက်ကွက်လျှင် ကျပ်တစ်သိန်းအထိ တောင်းယူကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောသည်။ ။

ဧည့်စာရင်းတိုင်ကြားပါက သက်ဆိုင်ရာ ရပ်ကွက်တို့ရှိ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ထံ တိုင်ကြားရလေ့ရှိသည်။

“အရင်တုန်းကဆိုရင် တစ်ပတ် (ခုနစ်ရက်) အတွက် (ကျပ်) ငါးရာ၊ တစ်ထောင်ပဲ ပေးရတယ်။ အခုက သုံးထောင်အထိ ပေးရတယ်” ဟု ကလွင်နယ်‌မြေရှိ ရပ်ကွက်တစ်ခုအတွင်း တည်းခိုနေထိုင်သူတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် လေးလခန့်မှစတင်ကာ ဧည့်စာရင်းကြေးတိုးကောက်လာခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူအချို့က ဆိုသည်။

လူတစ်ဦးအ‌တွက် သုံးရက်လျှင် တစ်ထောင်ကျပ်နှုန်း ပေးနေရခြင်းဖြစ်ပြီး မိသားစုအလိုက်ဖြစ်ပါက သုံးထောင်မှ ငါးထောင်ကျပ်အထိ ပေးနေ‌ရကြောင်း မြိတ်တောင်နယ်မြေအတွင်းနေသူတစ်ဦးက ပြောဆိုသည်။

ကလွင်နယ်မြေ၊ မြိတ်‌တောင်ကျေးရွာအုပ်စု၊ မြိတ်တောင်နယ်မြေ၊ ရေပုန်းနယ်မြေ စသည်တို့ရှိ ရပ်ကွက်အချို့တို့တွင် ယင်းသို့ တောင်းယူနေခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူအချို့က ဆိုသည်။

အာဏာသိမ်းပြီး လပိုင်းအတွင်း စစ်ကောင်စီက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေအား စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေတစ်ခု ထုတ်ပြန်ခဲ့သည်။

ယင်းဥပဒေအရ အခြားရပ်ကွက် ကျေးရွာအုပ်စုတို့မှ လာရောက်တည်းခိုသူတို့အား သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ တို့ရှိ အုပ်ချုပ်ရေးမှူးရုံးများနှင့် ရာအိမ်မှူးတို့ထံတွင် ဧည့်စာရင်းတိုင်ကြားနေရခြင်း ဖြစ်သည်။

“ရပ်ကွက်တိုင်းတော့ ကြေးပြား (ပိုက်ဆံ) အကောက် မကြမ်းဘူး။ အချို့ရပ်ကွက်တွေကျတော့ စာရွက်ဖိုး၊ လက်ဖက်ရည်ဖိုးဆိုပြီး ကိုယ်သဒ္ဒါသလောက်ပဲ ပေးရတယ်။ အချို့ကတော့ သုံးရက်အတွက် (လူတစ်ယောက်စာ) တစ်ထောင်ကျပ် ပေးရတာမျိုးရှိတယ်” ဟု မြိတ်တောင်နယ်မြေအတွင်းနေသူတစ်ဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် နှစ်လဝန်းကျင်က မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးမြိုင်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် ည ၁ဝနာရီဝန်းကျင်က ဧည့်စာရင်းမတိုင်ကြားဟုဆိုကာ လူလေးဦးအား တစ်ဦးလျှင် ကျပ်တစ်သိန်းအထိ ပေးဆောင်ခဲ့ရကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောပြသည်။

“ပင်လယ်ဘက်က တက်လာတာထင်တယ်။ ညအချိန်မှ လှေဝင်လာတော့ ဧည့်စာရင်း သွားမတိုင်ဖြစ်တာ။ လှေဝင် လာပြီး ဘယ်လောက်မှ မကြာဘူး ဧည့်စာရင်းလာစစ်တာပဲ” ဟု အင်းလေးကမ်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

တိုက်ပွဲများ မကြာမကြာဖြစ်ပေါ်နေသည့် ပုလော၊ ကျွန်းစု၊ တနင်္သာရီမြို့နယ်အတွင်းတို့ရှိ ကျေးရွာနေသူ အချို့တို့ သည် ရွာလုံးကျွတ်ပြောင်းရွှေ့ခြင်း၊ မြိတ်မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ခြင်းများ ရှိနေသည်။

အဆိုပါ ကျေးရွာနေသူတို့သည် မြိတ်မြို့ပေါ်တွင် နေအိမ်များဝယ်ယူကာ နေထိုင်သူများရှိပြီး၊ လုံးချင်းအိမ်၊ အိမ်ခန်း၊ တိုက်ခန်းများ ငှားရမ်းနေထိုင်သူများလည်း ရှိကြသည်။

အိမ်အငှားနေထိုင်သူများနှင့် အသိမိတ်ဆွေ ဆွေမျိုးတို့၏ နေအိမ်တို့တွင် တည်းခိုနေသူတို့သည် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ ရာအိမ်မှူးများထံ ဧည့်စာရင်းတိုင်ကြားရကြောင်း ရပ်ကွက်နေသူတို့မှ သိရသည်။

စစ်ကောင်စီက ပြင်ဆင်ပြဋ္ဌာန်းထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဥပဒေတွင် ဧည့်စာရင်း တိုင်ကြားရန်ပျက်ကွက်ပါက ကျပ်တစ်သောင်း ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဖြစ်ပြီး ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ခုနစ်ရက်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည်ဟု ဖော်ပြပါရှိသည်။

ယင်းအပြင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် ဧည့်စာရင်းတိုင်ကြားခြင်းအတွက် ငွေကြေး တစ်စုံတစ်ရာ တောင်းခံခြင်းမပြုရဟုလည်း ပြဋ္ဌာန်းထားသည်။