❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၁၀) ❞

0
1796
ဓာတ်ပုံ - ViewFinder

ကိုယ်တို့မြို့ကနေ မော်လမြိုင်မြို့ကို ကုန်းလမ်းက သွားမယ်ဆိုရင်တော့ တစ်ညအိပ် နှစ်ရက်ခရီး သွားရပြီး၊ ရန်ကုန်ကိုသွားမယ်ဆိုရင် နှစ်ညအိပ် သုံးရက်ခရီး သွားကြရပါတယ်။

ဒါက ပုံမှန်လမ်းခရီးကို ဆိုလိုတာပါ။ တကယ်လက်တွေ့ ခရီးသွားရတဲ့အခါ ပုံမှန်အတိုင်း အဆင်ပြေချောမွေ့ နေလိမ့်မယ်လို့ အတိအကျ မပြောနိုင်ပါဘူး။

အများအားဖြင့် အဝေးပြေး ခရီးသည်တင်ကားတွေက အိုဟောင်းနေပြီး အခုခေတ်ကားတွေလို ထိုင်ခုံနေရာနဲ့ စနစ်တကျထိုင်ပြီး စီးရတာမျိုး မဟုတ်ပါဘူး။ ဦးရာလူတွေက သစ်သားခုံတန်းလျား ပေါ်မှာ ထိုင်စီးနိုင်ကြပေမဲ့ ကျန်တဲ့များစွာသော ခရီးသည်တွေက အဆင်ပြေတဲ့နေရာမှာ ဖြစ်သလို တွယ်ကပ်စီးပြီး ခရီးရှည်ကြီးကို ခက်ခက်ခဲခဲသွားကြရပါတယ်။

ကားလမ်းက ကျဉ်းပြီး ဆိုးပါတယ်။ အချိန်မရွေး နေရာမရွေး ကားပျက်နိုင်ပြီး လစ်ရင်လစ်သလို ထွက်တိုက်တတ်တဲ့ ဓားပြလား သူပုန်လား အသေအချာမပြောနိုင်တဲ့ လက်နက်ကိုင်တွေရဲ့ ရန်ကိုလည်း ကြောက်ကြရပါသေးတယ်။ အဲဒီအချိန်က ရေး – ထားဝယ် ကားလမ်းမပေါ်မှာရှိကြတဲ့ လက်နက်ကိုင် အဖွဲ့မှာ သူပုန်အဖွဲ့တွေရှိသလို ဓားပြအဖွဲ့တွေလည်း ရှိကြပါတယ်။

ဒါကြောင့်လည်း အဝေးပြေးကားလမ်း တစ်လျှောက်မှာ ဝါးချွန်တွေနဲ့ ခြံစည်းရိုးအခိုင်အမာ ခတ်ထားတဲ့ လုံခြုံရေးအကြောင်းပြ စစ်ဆေးရေးဂိတ်တွေ အများကြီး ရှိနေကြတာပါ။ ကားစပယ်ယာ တွေခမျာ ဂိတ်မြင်တိုင်း ကားပေါ်ကဆင်းပြေးပြီး သတင်းပို့ကြရ ရှာပါတယ်။ အခန့်မသင့်ရင် ခရီးသည်တွေပါ ကားပေါ်ကဆင်းပြီး လမ်းလျှောက်ရတာမျိုး အစစ်အဆေး အမေးအမြန်း အလုပ်ခံရ တာမျိုး ရှိတဲ့အတွက် ခရီးကထင်သလောက် မတွင်လှပါဘူး။

ထားဝယ်နဲ့ရေး မိုင်(၁၀၀)လောက်ခရီးကို ရောက်မယ့်အချိန် အတိအကျမပြောနိုင်ဘဲ တစ်နေကုန်နီးပါး သွားကြရပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ လမ်းမှာအိပ်လိုက်ရတဲ့ အခါမျိုးလည်း ရှိတတ်ပါသေးတယ်။ အဲဒီခေတ်က ထမင်းဆိုင်တွေမှာ ခရီးသည်တွေ အိပ်ဖို့နေရာတွေပါ ရှိကြပါတယ်။

ကိုယ်တို့စီးလာတဲ့ ကားဆရာကို သူပုန်လား ဓားပြလား မသိတဲ့ အဖွဲ့တစ်ခုက ခေါ်သွားလို့ လမ်း ပေါ်မှာ တစ်ညအိပ်ခဲ့ရဖူးပါတယ်။ မနက်လင်းတော့ ကားဆရာပြန်ရောက်လာပြီး ဘေးမသီရန်မခဘဲ ခရီးဆက်ခဲ့ကြရတဲ့ ကိုယ်တွေ့အဖြစ်အပျက် တစ်ခါတော့ ကြုံခဲ့ဖူးပါတယ်။

ရေးမြို့ကိုရောက်ရင် မနက်ဖြန် မော်လမြိုင်သွားဖို့အတွက် မီးရထားဘူတာနဲ့နီးတဲ့ တည်းခိုခန်း တစ်ခုခုမှာ တစ်ညအိပ်ရပါတယ်။ မီးရထားတွေမှာ အထူးတန်းနဲ့ ရိုးရိုးတန်းဆိုပြီးရှိပါတယ်။ အထူးတန်း လက်မှတ်ကို ကြိုတင်(booking)စနစ်နဲ့ ရောင်းတာဖြစ်လို့ ရိုးရိုးတန်းလက်မှတ်ကိုပဲ ထိုင်ခုံနေရာ ရအောင် မှောင်ခိုဈေးနဲ့ ဝယ်ရပါတယ်။ ရေးမြို့ဟာ မြန်မာနိုင်ငံအောက်ပိုင်းရဲ့ မီးရထားလမ်းဆုံးမြို့ ဖြစ်ပါတယ်။ ရေး – မော်လမြိုင်သွားတဲ့ ကားလမ်းရှိပေမဲ့ ခေတ်ကာလ အခြေအနေကြောင့် လုံခြုံရေးအရ အသုံးမပြုကြဘူး ထင်ပါတယ်။

သူ့ခေတ်သူ့အခါကတော့ ရေးမြို့ဟာ စီးပွားရေးအရ အင်မတန်အရေးပါလို့ လူပေါင်းစုံ တွေ့နိုင်တဲ့ မြို့တစ်မြို့ဖြစ်ခဲ့ပါတယ်။ ဒီမြို့မှာ ဟွန်ဒါစက်တပ်ဆင်ထားတဲ့ ထော်လာဂျီ (စိန်တောကြောင်)ဆိုတဲ့ ယာဉ်တစ်မျိုးကို တွေ့ရပါတယ်။ ကိုယ်တို့နယ်တွေမှာ မမြင်ဖူးသေးတဲ့ ယာဉ်ပါ။ ဒီယာဉ်ကို ရေးမြို့ရဲ့ သယ်ယူပို့ဆောင်‌ရေးလုပ်ငန်းမှာ အတော်အသုံးပြုကြပုံ ရပါတယ်။ အခုချိန်မှာတော့ တရုတ်စက် တပ်ဆင်ထားတဲ့ ထော်လာဂျီတွေက တရုတ်ရဲ့ကောင်းမှုကြောင့် နိုင်ငံအနှံ့အပြားမှာ နေရာယူနေ ကြပါပြီ။

ရေး – မော်လမြိုင် မီးရထားဟာ မနက်(၇) နာရီလောက်မှာ ဘူတာကနေ စထွက်ပါတယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ ဘူတာကြီးတွေမှာ မီးရထားကိုရပ်ပြီး ခရီးသည် အတင်အချ လုပ်ပေမဲ့ ဘူတာငယ်တွေမှာတော့ မီးရထားကို လုံးဝရပ်လိုက်တာမျိုး မလုပ်ဘဲ အရှိန်လျှော့တာမျိုးပဲ လုပ်ပေး တာကြောင့် ခရီးသည်တွေ အတင်းခုန်ချ အတင်းတက်ပြေး လုပ်နေကြရတာကိုလည်း အသဲယားဖွယ် တွေ့မြင်ရလေ့ ရှိပါတယ်။

ခရီးစဉ်တစ်လျှောက်လုံး မီးရထားပေါ်မှာ ထိုင်ခုံမဲ့ ခရီးသည်တွေ၊ အော်ဟစ်ရောင်းချနေကြတဲ့ ဈေးသည်တွေ၊ အတက်အဆင်းလုပ်နေကြတဲ့ လမ်းတိုခရီးသည်တွေကြောင့် မီးရထားနဲ့ ခရီးသွားရတဲ့ အတွေ့အကြုံဟာ ခံစားမှုအသစ်ကို ဖြစ်စေတာတော့အမှန်ပါ။

လူကြီးတွေပြောစကားအရ မီးရထားလမ်းချော်တာမျိုး၊ မိုင်းနင်းမိတာမျိုးတွေကြောင့် လမ်းမှာ တစ်ညအိပ်ရတယ်ဆိုတာမျိုးကို ကြားဖူးခဲ့ပေမဲ့ ကိုယ်တွေ့တော့ မကြုံခဲ့ရပါဘူး။

ညနေဘက် မော်လမြိုင်မြို့ကို ရောက်ခါနီးလောက်မှာ မီးရထားဟာ သိသိသာသာ အရှိန်နှေး သွားပါတယ်။ ရထားပေါ်လာတဲ့ ခရီးသည်အချို့နဲ့ အောက်မှာကြိုရောက်နေတဲ့ လူတစ်ချို့ အပြန်အလှန် အော်ဟစ်သံတွေနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်လာပါတယ်။

အမှန်တော့ မှောင်ခိုပစ္စည်းတွေကို ဘူတာကြီးအထိ သယ်မသွားဘဲ ကြိုတင်ချိန်းထားတဲ့ နေရာမှာ စောင့်နေကြသူတွေဆီ ပစ္စည်းထုပ်တွေ ပြစ်ချပေးရင်း အပြန်အလှန် မှာကြားနေကြတာပါ။ အစဉ်အလာအရ မီးရထားစက်ခေါင်းမောင်းသူတွေက ခရီးသည်တွေ ပြင်ဆင်ချိန်ရအောင် ဖန်တီးပေး တဲ့ သဘောဖြစ်ပါတယ်။ ဒါကလည်း ခေတ်ကာလရဲ့ ပြရုပ်တစ်ခုပဲ ဆိုရမယ်ထင်ပါတယ်။

မော်လမြိုင်မြို့ကို ညနေပိုင်းလောက်မှာ ရောက်ပါတယ်။ နီးစပ်ရာတည်းခိုခန်း သို့မဟုတ် အသိမိတ်ဆွေအိမ်တွေမှာ ညအိပ်ကြပါတယ်။ ကိုယ်တွေကတော့ ကိုယ်တို့ရွာသား ဆွေမျိုးနီးစပ်တော် တဲ့ ဦးလေးကြီးတစ်ယောက်ရဲ့အိမ်မှာပဲ အမြဲလိုလို တည်းခိုလေ့ရှိပါတယ်။ မော်လမြိုင်မြို့မှာ အဓိက အသုံးပြုကြတဲ့ ယာဉ်တွေကတော့ လိမ္မော်ရောင်သုံးဘီးကားတွေနဲ့ မြင်းလှည်းတွေပဲ ဖြစ်ပါတယ်။

မနက်မိုးလင်းတာနဲ့ တည်းခိုတဲ့အိမ်ကနေ သုံးဘီးကားစီးပြီး ကမ်းနားလမ်း ဆိပ်ကမ်းမှာ ကိုယ့်ပစ္စည်းတင်လိုက်တဲ့ စက်လှေကို သွားရှာရပါတယ်။ တွေ့ပြီဆိုရင် စက်လှေစာရေးဆီမှာ ကိုယ့်ပစ္စည်းတွေကို ထုတ်ယူပြီး ဖက်တန်းလမ်းက ငါးခြောက်ပွဲရုံကို သယ်ယူရပါတယ်။

ပွဲရုံရောက်တော့ ငါးခြောက်လိပ်တွေထဲက အခြားပစ္စည်းတွေကို သီးသန့်ထုတ်ယူပြီး ငါးခြောက်တွေကို ဈေးခေါ်ရောင်းချရပါတယ်။ ပြီးတော့မှ အခြားပစ္စည်းတွေကို မိုင်ဒါဈေးက ဖောက်သည်ဆိုင်တွေမှာ သွားသွင်းရပါတယ်။ မိုင်ဒါဈေးဟာ နိုင်ငံခြားက တင်သွင်းတဲ့ပစ္စည်း အမျိုးအမည် အတော်များများ ရနိုင်တဲ့ ဈေးဖြစ်ပါတယ်။

အမျိုးသားဝတ် အုန်းပင်တံဆိပ်လုံချည်၊ ပလေကပ်လုံချည်၊ စတီဗင်ရှပ်၊ ဂျီကြူ၊ မေးလ်၊ ကင်ဇို အစရှိတဲ့ ရှပ်အင်္ကျီအမျိုးမျိုး၊ အမျိုးသမီးဝတ် ပါတိတ်ဝမ်းဆက်၊ ဇာ၊ ရှံ စတဲ့ အဝတ်စအမျိုးမျိုးနဲ့ ခေါက်ထီးတွေကို အိမ်ကမှာတဲ့အတိုင်း ဝယ်ရပါတယ်။ အဓိကဝယ်ရတဲ့ ကုန်ကတော့ ဆန်နဲ့ ဆီ ဖြစ်ပါတယ်။ လူငယ်ပီပီ ကိုယ်ဝတ်ချင်တဲ့ ခေတ်ပေါ် အဝတ်အစားတွေ ဝယ်တာများလို့ အဆူခံရ တာလည်း အကြိမ်ကြိမ်ပါပဲ။

ခရီးသွားရင်နဲ့ ဘဝမှာဘယ်တော့မှ မေ့ဖျောက်လို့မရတဲ့ နေ့စွဲတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ မြန်မာသက္ကရာဇ် ၁၃၄၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက် (၃.၁၁.၁၉၈၅)ရက်နေ့ မွန်းလွဲ တစ်နာရီအချိန် ဖြစ်ပါတယ်။ ကျပ်တစ်ရာတန်(၁၀ဝိ/-)၊ ကျပ်ငါးဆယ်တန်(၅ဝိ/-)၊ ကျပ်နှစ်ဆယ်တန် (၂ဝိ/-) ငွေစက္ကူတွေကို တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်ကြောင်း ကြေညာတဲ့နေ့ ဖြစ်ပါတယ်။

ကိုယ့်လက်ထဲက ပိုက်ဆံတွေ တရားမဝင် ငွေစက္ကူတွေဖြစ်သွားလို့ အံ့သြတုန်လှုပ်ပြီး ဘာကို ဆက်လုပ်ရမယ်မှန်း မသိဘဲ ဖြစ်သွားခဲ့ရပါတယ်။ အိမ်ကလူကြီးတွေနဲ့ ချက်ချင်းဆက်သွယ် တိုင်ပင်နိုင်တဲ့ ခေတ်ကာလလည်း မဟုတ်လေတော့ ကိုယ်တစ်ယောက်တည်း ဝမ်းနည်းကြေကွဲ ယူကြုံးမရတဲ့စိတ်တွေနဲ့ ပူလောင်ခဲ့ရပါတယ်။

ကိုယ့်လိုပဲ တစ်နိုင်ငံလုံးက ပြည်သူတွေ ဝမ်းနည်းပူဆွေး ကြရတဲ့ နေ့ဖြစ်ကြမယ်ထင်ပါတယ်။ ဒါကြောင့် ရန်ကုန်ကို ခရီးဆက်မဲ့ အစီအစဉ်ကို ဖျက်လိုက်ပြီး ရွာကိုပြန်ခဲ့ရပါတယ်။

အထက်တန်းကျောင်းသား တစ်ယောက်သာဖြစ်တဲ့ ကိုယ့်အနေနဲ့ ဒီဖြစ်စဉ်ကြီးကို ပထမဆုံး အကြိမ် နဖူးတွေ့ဒူးတွေ့ တွေ့ကြုံလိုက်ရတဲ့အခါ စဉ်းစားတွေးတောစရာတွေ အများကြီးဖြစ်လာခဲ့ ရပါတယ်။

လူကြီးသူမတွေ ပြောဆိုလေ့ရှိကြတဲ့ “နိုင်ငံရေးကို စိတ်မဝင်စားနဲ့ ကိုယ်လုပ်မှ ကိုယ်စားရတယ်” ဆိုတဲ့ စကားက မှန်ရောမှန်ရဲ့လား။ ကိုယ်တို့လို သာမန်ပြည်သူတွေရဲ့ ချွေးတွေ ဘဝတွေနဲ့ ခက်ခက်ခဲခဲရင်းပြီးမှ ရလာတဲ့ပိုက်ဆံတွေဟာ အစိုးရရဲ့ ကြေငြာချက်တစ်ခုကြောင့် အလဟဿ ဆုံးရှုံးသွားရတာမျိုး ဖြစ်သင့်သလား။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ဒါဟာ နိုင်ငံရေးလား။ အစရှိတဲ့မေးခွန်းများက ကိုယ်ရဲ့ အိမ်ပြန်ခရီးတစ်လျှောက်မှာ စိုးမိုးနေခဲ့ ပါတော့တယ်။

ဧသုနိုင်

ဆက်လက်ဖော်ပြပါမည်။