ငါးဆယ်တန်၊ တစ်ရာတန် ကျပ်ငွေဖျက်သိမ်းတယ်ဆိုတဲ့ သတင်းအမှား

0
1412

ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်မှာ ကျပ်ငွေ ငါးဆယ်တန်နဲ့ တစ်ရာကျပ်တန်တွေ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းအမှားတစ်ခု Facebook ဆိုရှယ်မီဒီယာထက်မှာ ပျံ့နှံ့နေပါတယ်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၃” ဆိုတဲ့ စက်တင်ဘာလ ၂၉ ရက် ရက်စွဲနဲ့ အမိန့်စာကို ဖြန့်ဝေနေကြတာပါ။ ဒီအမိန့်စာမှာ ကျပ်ငွေ ငါးဆယ်တန်နဲ့ တစ်ရာကျပ်တန်တွေကို ဖျက်သိမ်းလိုက်ပြီဖြစ်လို့ ဗဟိုဘဏ်မှာ လာရောက်အပ်နှံကြဖို့၊ လက်ဝယ်ထားရင် အရေးယူမယ်ဆိုပြီး ရေးသားထားပါတယ်။

အဲဒီသတင်းကို Dawei Watch က စစ်ဆေးကြည့်ရာမှာတော့ အမိန့်စာအတုလုပ်ပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားပဲ ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

သတင်းအမှားဖြန့်

အဲဒီသတင်းကို Facebook က တရားဝင်အသိအမှတ်ပြု Blue Mark အမှတ်အသားရထားတဲ့ အကောင့်တစ်ခုနဲ့ M&T Labour News Page တွေကနေ ဖြန့်ဝေနေတာကိုတွေ့ရပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၃ဝရက် နေ့လယ် ၁၂ နာရီအချိန်အထိ M&T Labour News ကရေးသားထားတဲ့ သတင်းအမှားကို ထပ်ဆင့်မျှဝေတဲ့သူ ၃၃ ဦးရှိပါတယ်။ M&T Labour News ရဲ့ သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

Blue Mark အမှတ်အသားရထားတဲ့ Tam Kee အကောင့်က အဲဒီသတင်းအမှားကို တင်ပြီး ၁ နာရီအကြာမှာပဲ ထပ်ဆင့်ဖြန့်ဝေကြတဲ့သူ ၂၅၀ နီးပါးရှိပါတယ်။ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

စစ်ကောင်စီအာဘော် သတင်းစာတွေမှာ အမိန့်စာ မဖော်ပြ

တကယ်လို့ အ‌မိန့်တစ်ရက်ထုတ်ပြန်ရင် စစ်ကောင်စီရဲ့အာဘော်သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံ နေ့စဉ်သတင်းစာတွေမှာ မဖြစ်မနေ ဖော်ပြပါရှိပါတယ်။

ဒါပေမဲ့ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်ထုတ် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာမှာ အဲဒီအမိန့်ကြေညာစာ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။

တနင်္သာရီတိုင်း ပြန်ကြားရေးဦးစီးဌာနက ဖော်ပြထားတဲ့ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်ထုတ် ကြေးမုံသတင်းစာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

မြန်မာ့အလင်းသတင်းစာကိုတော့ ဒီမှာ ကြည့်ပါ။

အမိန့်စာအတုလို့ စစ်ကောင်စီရှင်းလင်းချက်ထုတ်။

ငွေစက္ကူ ငါးဆယ်ကျပ်တန်နဲ့၊ တစ်ရာကျပ်တန်ကို ဖျက်သိမ်းတာ မရှိဘူးလို့ MRTV ရုပ်မြင်သံကြားကနေတဆင့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ နေ့လယ်ပိုင်းမှာ ရှင်းလင်းထားပါတယ်။ တုံ့ပြန်ရှင်းလင်းထားတဲ့ ဗီဒီယိုကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကလည်း ကျပ်ငွေ ငါးဆယ်တန်နဲ့ တစ်ရာကျပ်တန်တွေ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တယ်လို့ ရှင်းလင်းထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဒါကြောင့် စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု ပျံ့နှံ့မှုများလာတိုင်း ချက်ချင်းမယုံကြည်ဘဲ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စိစစ်စစ်ဆေးပေးမှုကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့ အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာတွေကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင်လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။