စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူမစ်ဖလိုး နဲ့တွေ့ဆုံခြင်း

0
1790

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ အခုဆိုရင် လပေါင်း ၃၀ ကျော်လာပါပြီ။ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကလည်း ပိုပိုတိုးလာနေပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာဆိုရင်လည်း တိုက်ပွဲမဖြစ်ဖူးတဲ့ မြို့နယ်ရယ်လို့ မရှိတော့ပါဘူး။ တနင်္သာရီတိုင်းမှာရှိတဲ့ မြို့နယ် ၁၀ ခုစလုံးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

အထူးသဖြင့်တော့ စစ်အုပ်ချုပ်ရေး‌ ကြေညာထားတဲ့ ပုလော၊ တနင်္သာရီမြို့နယ်နဲ့ ထားဝယ်ခရိုင်ထဲက မြို့နယ် လေးခုစလုံးမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်နေပါတယ်။ 

ဒီလိုတိုက်ပွဲတွေ ပဋိပက္ခတွေကြောင့် ပြည်သူတွေမှာ အထွေထွေအခက်အခဲတွေ၊ စိတ်ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

အထူးသဖြင့် ကလေးတွေမှာ ရေရှည်စိတ်ဒဏ်ရာတွေ ရရှိနေကြတာပါ။

သာမန်အေးချမ်းတဲ့ အခြေအနေ တစ်ခုမှာဆိုရင် ကလေးတွေကို အကြမ်းဖက်မှု မြင်ကွင်းတွေ မတွေ့မြင်ရစေဖို့ လူကြီးတွေက ကာကွယ်ပေးလေ့ရှိပါတယ်။ ရုပ်သံတွေမှာပါတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကိုတောင် ကလေးတွေ မကြည့်မမြင်ရစေဖို့ ကာကွယ်ပေးလေ့ရှိကြပါတယ်။

ဒီလိုအကြမ်းဖက်မြင်ကွင်းတွေကြောင့် ကလေးတွေ စိတ်ဒဏ်ရာရမှာ အတုယူမှားမှာတွေ ဖြစ်မှာစိုးလို့ ကြိုတင်ကာကွယ်ကြတာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ကလေးတွေက ဒီလိုမြင်ကွင်းတွေကို နေ့စဉ်နဲ့အမျှ ပုံစံအမျိုးမျိုးနဲ့ မြင်တွေ့ကြုံတွေ့ နေကြရပါတယ်။

ဒီလိုတိုက်ပွဲတွေ ပဋိပက္ခတွေကြားထဲ ဖြတ်သန်းနေရတဲ့ ကလေးတွေမှာ ဘယ်လိုစိတ်ဒဏ်ရာတွေ ရရှိနိုင်တယ်။ ဒါတွေကို ဘယ်လိုနည်းလမ်းနဲ့ ကုစားပေးနိုင်တယ်ဆိုတာကို သိရှိစေဖို့ စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူမစ်ဖလိုး နဲ့တွေ့ဆုံမေးမြန်းသွားမှာပါ။

ဆရာမကတော့ စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုပေးနေသူ တစ်ဦးဖြစ်ပြီး စိတ်ပညာဘွဲ့ရရှိထားသလို စိတ်ကျန်းမာရေး ဘွဲ့လွန်တက်ရောက်နေသူလည်း ဖြစ်ပါတယ်။

DW ။ မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေ အတွင်းမှာ ကလေးတွေက သွေးထွက်သံယိုမြင်ကွင်းတွေကို တိုက်ရိုက်သော်လည်းကောင်း၊ အွန်လိုင်းပေါ်ကနေသော်လည်းကောင်း မြင်တွေ့နေရပါတယ်။ ဒါတွေကြောင့် ကလေးတွေမှာ ဘယ်လိုမျိုး စိတ်ဒဏ်ရာရရှိနိုင်သလဲ။

ဖြေ ။ တိုက်ပွဲတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုတွေ စတဲ့ဆိုးရွားတဲ့ ဖြစ်ရပ်တွေကို တိုက်ရိုက်သော်လည်းကောင်း၊ မီဒီယာတွေကနေ တစ်ဆင့်ခံသော်လည်းကောင်း ဒါမှမဟုတ် တခြားသူပြောလို့ကြားတာသော်လည်းကောင်းပေါ့ ကြုံရတဲ့အခါမျိုးမှာဆိုရင် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ထိခိုက်နိုင်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကို မြင်လိုက်၊တွေ့လိုက်တယ် ဒါမှမဟုတ် တစ်ဆင့်ကြားရတဲ့ အခါမှာဆိုရင် စိုးရိမ်ပူပန်မှုတွေ၊ကြောက်စိတ်တွေ ဖြစ်ပါတယ်။ အဲ့ဒါကနေတစ်ဆင့် စိတ်ဒဏ်ရာသင့်စေတယ်။ စိတ်ဒဏ်ရာသင့်တဲ့အခါမှာ စိတ်ဒဏ်သင့်အလွန် စိတ်ဖိစီးမှုဝေဒနာဆိုတဲ့ Post-traumatic stress disorder (PTSD) ကြုံရတာမျိုးတွေ ဖြစ်နိုင်တယ်။ အများစုသိကြတဲ့ စိတ်ကျခြင်းတွေ၊ စိုးရိမ်ပူပန်ခြင်းတွေ ဖြစ်ကြရတယ်။ ဒါတွေတင်မကဘဲနဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာတွေ၊ အဟာရပြည့်ဝမှု မရရှိတာတွေ၊ လုံခြုံမှုမရှိတာတွေ ဒီဟာတွေကြောင့်မို့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေလည်း ဖြစ်ပွားစေပါတယ်။   

DW ။ နောက်တစ်ခုကတော့ ကလေးတွေက ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေကို မြင်ရ၊ ကြားရ၊ ကြုံရဖန်များလာပြီး ပုံမှန် ဖြစ်နေကြပဲ၊ သာမန်အခြေအနေတစ်လိုပဲ ဖြစ်လာတာကရော ဘယ်လိုဆိုးကျိုးသက်ရောက်မှုတွေ ရှိစေလဲ။

ဖြေ ။ ဒီဟာတွေကို တောက်လျှောက်တွေ့ရတဲ့အခါမှာ ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုရှိတယ်ပေါ့။ ကလေးတွေမှာဆိုရင် ရေတိုသက်ရောက်မှုနဲ့ ရေရှည်သက်ရောက်မှု ဆိုပြီးတော့ ရှိတယ်ပေါ့နော်။ ကလေးတွေက ရေတိုမှာဆိုရင် ဘာတွေဖြစ်နိုင်လဲဆိုတော့ အချို့ကလေးတွေက ချက်ချင်းမတုန့်ပြန်ဘူး ဒါပေမဲ့ ရေရှည်မှာတော့ သူတို့ကိုယ်တိုင်က ရန်လိုတဲ့ အပြုအမူတွေ ပိုပြီးပြုလုပ်လာတာတွေ့ရတယ်။ ဒီဟာတွေကို တောက်လျှောက်တွေ့တဲ့ အခါမှာ သူတိုရဲ့အသက် ကြီးလာတဲ့အချိန်အထိ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုကို ထိခိုင်နိုင်တာမျိုးတွေ ရှိပါတယ်။

DW ။ စိတ်ဒဏ်ရာ ရလာတဲ့ ကလေးတွေ အသက်ကြီးလာတဲ့အခါမှာ သူ့ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်မှုအခြေအနေ ဘယ်လိုရှိနိုင်လဲ။ ကြမ်းတမ်းတဲ့ အပြုအမူတွေနဲ့ ပြောဆိုဆက်ဆံတာမျိုး ဖြစ်နိုင်လား။

ဖြေ ။ ကလေးတွေက ဖွံ့ဖြိုးနေဆဲ အရွယ်မှာဆိုလို့ရှိရင် သူ့ပတ်ဝန်းကျင်က ပြောဆိုပြုမူတဲ့ ဟာတွေကို အမြဲတမ်း သင်ယူနေတယ်။ အဲ့ဒီအချိန်မှာ သူ့ပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေ တောက်လျှောက်မြင်ရတဲ့ အခါမှာ တုန့်ပြန်မှု အမျိုးမျိုးဖြစ်လာတယ်။ အချို့က ကြောက်သွားမယ်။ အရမ်းစိုးရိမ်ပူပန်တတ်လာမယ်။ အဲ့ဒီကနေတစ်ဆင့် စိတ်ကျတာ၊ စိုးရိမ်မှုနဲ့ ဆက်စပ်တဲ့ဝေဒနာတွေဖြစ်နိုင်တယ်။ စိတ်ဒဏ်ရာတွေ ဖြစ်နိုင်တယ်။ အဲ့ဒါတွေတင်မကဘဲ ဒီလိုအကြမ်းဖက်မှုတွေကို သင်ယူပြီးတော့ ဒါတွေဟာပုံမှန်၊ ဒါတွေ လုပ်လို့ရတယ်ဆိုတဲ့ သင်ယူမှုရသွားနိုင်တဲ့ အခြေနေမျိုးတွေလည်း ရှိပါတယ်။

DW ။ ဒါဆိုရင် ကလေးတွေက အကြမ်းဖက်မှုဖြစ်စဉ်တွေကို ယဉ်ပါးလာတာက အသက်ကြီးလာတဲ့အချိန်မှာ သူတို့သိလာတဲ့ အကြမ်းဖက်တဲ့ပုံစံမျိုးနဲ့ ပတ်ဝန်းကျင်ကို တုန့်ပြန်တာမျိုးတွေ ဖြစ်လာနိုင်တယ်ပေါ့။

ဖြေ ။ ဟုတ်ပါတယ်။ ဒီလိုအန္တရာယ်မျိုးတွေ ရှိလာနိုင်ပါတယ်။ အဓိကကတော့ ခုဏကပြောသွားသလို စိတ်ပိုင်းဆိုင်ရာ ဝေဒနာမျိုးတွေ ဖြစ်လာနိုင်သလို ရန်လိုတဲ့အပြုအမူတွေနဲ့ တုန့်ပြန်တာတွေလည်း ဖြစ်နိုင်ပါတယ်။

DW ။ အခုမြန်မာနိုင်ငံရဲ့ အခြေအနေအရ အချို့သော ပဋိပက္ခ‌ဒေသတွေမှာ ကလေးတွေက သူတို့ရဲ့ ကလေးဘဝဖြစ်စဉ်တွေ ပျောက်သွားတာမျိုးရှိပါတယ်။ ဥပမာ ဆော့ကစားတာ၊ စာသင်တာ၊ မိဘညီအစ်ကို မောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်တာ စသဖြင့်ပေါ့။ ကျွန်တော်သိတဲ့ ဖြစ်စဉ်တစ်ခုဆိုရင် ကလေးက ကစားဖော်မရှိတော့တဲ့အတွက် ခွေးလေးတွေကို အဖော်ပြုပြီး စျေးရောင်းတိုင်းကစားနေတာမျိုး ရှိပါတယ်။ သူ့မှာကစားဖော် သူငယ်ချင်းတွေ မရှိတော့တာ။ ဒါတွေကတော့ ဘယ်လိုစိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါသလဲ။

ဖြေ ။ ကလေးအရွယ်မှာ သူ့ရဲ့ဖွံ့ဖြိုးမှုအဆင့်တွေရှိတယ်။ ဖွံ့ဖြိုးမှုလို့ပြောလိုက်ရင် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုရှိမယ်။ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုရှိမယ်။ လူမှုဆက်ဆံ‌ရေးဆိုင်ရာ ဖွံ့ဖြိုးမှုရှိမယ်ပေါ့။ နောက်သိမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုရှိမယ်ပေါ့။ ဒီလိုဖွံ့ဖြိုးမှုတွေအတွက် ပတ်ဝန်းကျင်က လုံလောက်တဲ့ ထောက်ပံ့မှုတွေ လိုအပ်တယ်။ ပုံမှန်ဆိုရင် ကျောင်းကိုသွားပြီးတော့ စာသင်ရတယ်။ သူငယ်ချင်းတွေနဲ့ ကစားတယ်။ ကစားတယ်ဆိုတာ အရမ်းကို အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ပြောဆိုဆက်ဆံရာကနေ အချင်းချင်းသင်ယူကြတယ်ပေါ့။ ဒါတွေကို ကလေးတွေ လုပ်ဆောင်ခွင့်မရတော့ရင် ဖွံ့ဖြိုးမှုဆိုင်ရာ ရှုထောင့်ကနေကြည့်ရင် သူ့အရွယ်နဲ့သူ ဖွံ့ဖြိုးဖို့အတွက် ပံ့ပိုးမှုကောင်းကောင်း မရတော့ဘူးပေါ့။ ဒီလိုမရရင် ဖွံ့ဖြိုးမှုနောက်ကျတာဖြစ်နိုင်တယ်။ နောက်ပြီးလူကြီးတွေလိုမျိုး စိတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊ ကြောက်တာဖြစ်နိုင်တယ်။ သူတို့က လူကြီးတွေလိုမျိုး သူတို့ခံစားနေရတာတွေကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပါဘူး။ သူတို့ရဲ့ အပြုအမူကနေတစ်ဆင့်ဘဲ သိနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေမှာဆိုရင် ဒါတွေကို တောက်လျှောက်ကြုံလာရတဲ့ ကလေးတွေက မူးယစ်ဆေးဝါး သုံးစွဲလာတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။ ဒီထက်ပိုပြင်းထန်တဲ့ အခြေအနေတွေမှာဆိုရင် အဆုံးစီရင်ဖို့အထိ ကြိုးပမ်းတာပါ ဖြစ်လာနိုင်ပါတယ်။

DW ။ နောက်တစ်ခုက စစ်‌ဘေးရှောင်စခန်းလို နေရာမျိုး၊ ဒါမဟုတ် တောတွင်းတစ်နေရာဖြစ်ဖြစ် စစ်ပြေးရတဲ့ အချိန်မှာ ကလေးတွေက လုံလောက်တဲ့ အစာရေစာမရတာမျိုးတွေ၊ စိတ်လုံခြုံမှု မရတာမျိုးတွေ၊ သက်တောင့်သက်သာရှိတဲ့ နေရာထိုင်ခင်း မရတာမျိုးတွေ ရှိနေပါတယ်။ ဒါတွေကကော ဘယ်လိုသက်ရောက်မှုတွေ ဖြစ်နိုင်ပါသလဲ။

ဖြေ ။ ပထမဆုံးက‌တော့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေ ပျောက်ဆုံးသွားတာပေါ့နော်။ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ရပ်ရွာ၊ ကိုယ့်ရဲ့နေရာဒေသဆိုတဲ့ လုံခြုံမှု ပျောက်ဆုံးသွားတယ်ပေါ့။ နောက်တစ်ခုက စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ဖို့အတွက်ဆိုရင် အခြေခံလိုအပ်ချက်တွေ ပြီးပြည့်စုံနေဖို့လိုတယ်။ စားရမယ့်အချိန်မှာ စားဖို့၊ အိပ်ရမယ့်အချိန်မှာ လုံလုံခြုံခြုံ သက်တောင့်သက်သာ အိပ်လို့ရဖို့၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိဖို့စတဲ့ အခြေအနေတွေ ရဖို့လိုအပ်ပါတယ်။ ဒါတွေမရရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ ဒါနေတစ်ဆင့် စိတ်ပိုင်းဆိုင်ရာကို ပြန်ထိတာမျိုးလည်း ရှိပါတယ်။ ငယ်ရွယ်စဉ်ကလေးဘဝမှာ အခြေခံလိုအပ်ချက်တွေ မရခဲ့ဘူးဆိုရင် ဒီကလေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ကျလာမယ်။ ကိုယ့်ကိုယ်ကိုယ်ရော၊ ပတ်ဝန်းကျင်ကိုရော မကောင်းတဲ့ အမြင်တွေနဲ့ ပိုပြီးရှုမြင်လာမယ်။ အကောင်းမြင်တဲ့ အတွေးမျိုးတွေ ရဖို့ခက်ခဲလာတာမျိုးတွေ ဖြစ်လာနိုင်တယ်။

DW ။ အကြမ်းဖက်မှုတွေကို ပုံစံအမျိုးမျိုးနဲ့ မြင်တွေ့နေရတဲ့ ကလေးတွေမှာ ဖြစ်လာတဲ့ စိတ်ဒဏ်ရာကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုစားပေးလို့ရနိုင်မလဲ။

ဖြေ ။ ကလေးတွေက သူတို့ရဲ့စိတ်ခံစားချက်ကို ပြောပြနိုင်စွမ်းက လူကြီးတွေလောက် မဖွံ့ဖြိုးသေးဘူး။ ဒီလိုအခြေအနေမျိုးမှာ မိဘတွေအနေနဲ့ ဒါမှမဟုတ် ပံ့ပိုးမှုပေးတဲ့အဖွဲ့တွေအနေနဲ့က ကလေးတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ပေးဖို့လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုအပြင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုပါ ပေးဖို့လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးတဲ့အခါမှာ အခုဖြစ်နေတဲ့ ပဋိပက္ခတွေက ပုံမှန်အခြေအနေ မဟုတ်ပါဘူး။ ဒီလိုပုံမှန်မဟုတ်တဲ့ အခြေအနေမှာ ကလေးတွေရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေကို လုပ်ဆောင်စေတာမျိုး လိုအပ်ပါတယ်။ ဥပမာ သူ့ရဲ့တစ်နေ့တာ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် လုပ်ဆောင်မှုတွေ၊ ဆော့ကစားချိန်၊ စာသင်ချိန်စတဲ့ ပုံမှန်နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုတွေကို လုပ်ဆောင်စေဖို့ လိုအပ်ပါတယ်။

DW ။ အချို့သော ဒေသတွေမှာက ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးရဖို့တောင် မလွယ်တဲ့အခြေအနေတွေရှိပါတယ်။ ဒီလိုနေရာမျိုးတွေမှာ ခုဏပြောတဲ့ ပုံမှန်နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုတွေ ပေးဖို့မဖြစ်နိုင်တာမျိုးလည်း ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင်ရော ဘယ်လိုနည်းလမ်းတွေ သုံးလို့ရနိုင်မလဲ။

ဖြေ ။ ဟုတ်ပါတယ်။ ကလေးတွေကို ပြုစုစောင့်ရှောက်ရမယ့် လူကြီးတွေကိုယ်တိုင်က စိတ်ဖိစီးမှုတွေ၊ မလုံခြုံမှုတွေ ကြုံတွေ့နေရတာမျိုး ရှိနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ လူကြီးတွေကိုယ်တိုင် ကိုယ့်ရဲ့စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့ အရင်လုပ်ရပါမယ်။ ကိုယ်ကစိတ်ဖိစီးလာတဲ့အခါ အရမ်းကိုပေါက်ကွဲလာတဲ့ အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် သက်သာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်လမ်းတွေ ရှာတာမျိုး၊ စိတ်တည်ငြိမ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းတွေ ရှာတာမျိုး လူကြီးတွေကိုယ်တိုင် အရင်လုပ်သင့်တယ်။ ဒါမှသာကလေးတွေကို ပိုပြီးထိရောက်အောင် ကူညီနိုင်မယ်။ နောက်တစ်ချက်က ကလေးတွေကို သူတို့စိတ်ခံစားချက်ပြောနိုင်ဖို့ အခွင့်အရေးပေးတာမျိုး လိုအပ်ပါတယ်။

DW ။ ဟုတ်ကဲ့၊ ဒါနဲ့ဆက်စပ်လို့ တစ်ခုမေးချင်တာရှိပါတယ်။ မိဘတွေက ကိုယ်တိုင်စိတ်တင်းကျပ်လာတဲ့ အခါမှာ ကလေးတွေကို အော်ငေါက်တာမျိုး၊ အပြစ်တင်တာမျိုး လုပ်လေ့ရှိတယ်။ ကလေးတွေက ဘာမှမသိပါဘူး။ ဒါကြောင့် သက်ရောက်မှုမရှိနိုင်ဘူးဆိုတဲ့ လွဲမှားတဲ့အယူအဆတွေ ရှိတာတွေ့ရပါတယ်။ ဒီလိုမျိုး လုပ်ဆောင်မှုတွေက ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ဘယ်လိုတွေ ရှိစေလဲဆိုတာ ရှင်းပြပေးပါဦး။

ဖြေ ။ ဒါကအရမ်းအရေးကြီးပါတယ်။ မိဘတွေကလည်း စိတ်ဖိစီးမှုကို ကျော်ဖြတ်နေရတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ခက်ခဲတယ်ဆိုတာနားလည်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေ လျော့ပါးသွားအောင် ဖြေလျှော့ဖို့ လုပ်ဆောင်ကြရမှာပါ။ ဒီလိုလုပ်ဆောင်တဲ့ နေရာမှာ ကိုယ့်ကိုပြန်ပြီး အန္တရာယ်မဖြစ်ဖို့ လိုအပ်ပါတယ်။ မိဘက အရမ်းစိတ်ဖိစီးတဲ့အချိန်မှာ ထွက်ပေါက်အတွက် သားသမီးကိုအော်လိုက်တာ၊ အပြစ်တင်လိုက်တာ ဥပမာ နင့်ကြောင့်ပိုဒုက္ခရောက်ရတာ ဆိုတာမျိုးပေါ့။ ဒီလို အသုံးအနှုန်းတွေပေါ့။ မိဘတွေက ဒီလိုဖြတ်သန်းနေရတဲ့ အခက်အခဲတွေအကြောင်းကို သားသမီးတွေကို ပြောလို့ရတယ်။ ဒါပေမဲ့ ပြောတဲ့အချိန်မှာ ဒါတွေဟာသူ့ကြောင့်ဖြစ်တာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောဖို့လိုတယ်။ ကိုယ့်ရဲ့ခံစားချက်ကို ပြောတဲ့နေရာမှာ ဒါတွေဟာ သူ့ကြောင့်၊ သူ့မှာတာဝန်ရှိတယ်ဆိုတာမျိုး ကလေးတွေကို မပြောဖို့လိုအပ်ပါတယ်။

DW ။ ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။