ဒေါက်တာ လာလီတာ နှင့် မေးမြန်း တင်ဆက်ခြင်း

0
1724

ထိုင်းနိုင်ငံမှာ အစိုးရသစ် ရှိလာပါပြီ။ မြန်မာနိုင်ငံမှာလည်း ပဋိပက္ခတွေက ပိုပိုပြီး ပြင်းထန်လာနေပါတယ်။ ဒါတွေက ထိုင်းနဲ့ ထိုင်းလူထုအတွက် ဘယ်လို သဘောဆောင်ပါသလဲ။ ထိုင်းအစိုးရသစ်နဲ့ ဘယ်လို ထိတွေ့ လုပ်ဆောင်သင့်ပါသလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ Kasetsart တက္ကသိုလ်က ကထိက ဒေါက်တာ လာလီတာနဲ့ မေးမြန်းတင်ဆက်ထားပါတယ်။ ဒေါက်တာလာလီတာက မြန်မာနိုင်ငံကို အနီးကပ်လေ့လာနေတဲ့ ထိုင်းသုတေသီ တစ်ဦးဖြစ်ပါတယ်။ သူရဲ့ ဒေါက်တာဘွဲ့ကျမ်းကို ဗြိတိသျှခေတ် မြန်မာနိုင်ငံက မှုခင်းကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပြုစုခဲ့ပါတယ်။

DW – မင်္ဂလာပါ ဒေါက်တာ လာလီတာ ခင်ဗျား။ အခုက မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပိုကြီးလာတယ်။ လက်နက်ကိုင် ဓလေ့လည်း ပိုများလာတယ်။ လက်သည်မပေါ်ဘဲ အသတ်ခံရတာတွေလည်း တော်တော် ရှိလာတယ်။ ဘယ်အုပ်စုတွေက ဘာလို့ အဲဒီလို လုပ်သွားတယ်ဆိုတာ မသိရတဲ့ တချို့ ဖြစ်ရပ်တွေ ရှိလာတယ်။ ထိုင်းရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုမှာ အဲဒီလို ဖြစ်လာတော့ ထိုင်းပြည်သူတွေနဲ့ ထိုင်းအစိုးရအတွက် အဓိက စိုးရိမ်ချက်က ဘာဖြစ်မလဲ။

ဒေါက်တာ လာလီတာ – ကျွန်မကတော့ သိပ်မသေချာဘူး။ ထိုင်း-မြန်မာ နယ်စပ်မှာ နေတဲ့ ထိုင်းလူထုအတွက် ကိုယ်စားပြုပြီး ပြောဖို့ ခက်ပါတယ်။ ဒါပေမဲ့ ထိုင်း အစိုးရဘက်က အမြင်ဘယ်လို ရှိလဲဆိုတာကိုတော့ ပြောနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်နီးပါးလုံးလုံး ထိုင်း စစ်တပ်က မြန်မာ စစ်တပ်နဲ့ အလွန်ကို အားကောင်းကောင်း၊ တည်တည်တံ့တံ့နဲ့ ဆက်ဆံရေး တည်ဆောက်ထားနိုင်ပါတယ်။ နောက်ပြီး အမြဲတမ်းကြားနေရတာက ထိုင်းစစ်တပ်က မြန်မာ စစ်တပ် တပ်သားတွေကို ထောက်ပံ့မှုတွေ ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့ နှစ်ဦး နှစ်ဖက်က အရမ်းကောင်းတဲ့ ဆက်ဆံရေး ရှိတယ်။ နောက်ပြီး ထိုင်းအစိုးရနဲ့ ထိုင်းစစ်တပ်ကလည်း သူတို့မှာ ရိုးသားတဲ့ စိတ်ထားရှိတယ်ဆိုတာကို ပြချင်တယ်။ ထိုင်းဘက်ကနေလည်း နယ်စပ်က မြန်မာစစ်ကောင်စီတပ်တွေဆီကို ရိက္ခာနဲ့ လက်နက်တွေ ပို့ပေးလေ့ရှိတယ်။ ဘယ်သူတွေကို ပို့နေတာလဲဆိုတာ မသေချာပေမဲ့ ကျွန်မတို့ မြင်တာကတော့ စစ်ကောင်စီ တပ်တွေကို ပို့တာမျိုးတွေ ရှိတာကတော့ သေချာပါတယ်။

အခု ရှင်ပြောတဲ့ ဘယ်သူ ဘယ်ဝါမှန်း မသိတဲ့ အုပ်စုတွေက မြန်မာဘက်မှာ ရိုးရိုးသာမန်လူတွေကို သတ်ဖြတ်နေတာတေွ ရှိတယ်။ ဒါကလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ပြောနိုင်တာက ထိုင်း စစ်တပ်က မြန်မာ စစ်တပ်နဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေး ရှိတယ် ဆိုတာပါ။ အဲဒါကိုလည်း သူတို့က အရမ်း ဂုဏ်ယူနေသလိုပဲ။

DW – အခု သိထားရသလောက်ဆိုရင် ထိုင်းမြန်မာ နယ်စပ်က မဲဆောက်လို မြို့တွေမှာ ထိုင်း ရဲတပ်ဖွဲ့က လက်နက်တွေ သိမ်းဆည်းရမိတာတွေ ရှိတယ်။ ထိုင်းလူထုက အဲဒါမျိုးကို စိုးရိမ်တာမျိုး ရှိလား။

ဒေါက်တာ လာလီတာ – သာမန်လူထုကတော့ မြန်မာနိုင်ငံမှာ ဘာဖြစ်နေလဲဆိုတာကို ယေဘုယျအားဖြင့်တော့ သိကြပါတယ်။ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်နေလဲ၊ မြန်မာနိုင်ငံဖြစ်နေတဲ့ ခုခံတွန်းလှန်မှုတွေ၊ အကြမ်းဖက်မှုတွေက ထိုင်းကို ဘယ်လို သက်ရောက်စေလဲ၊ ထိုင်းလူထုကို သက်ရောက်မှု ရှိစေလဲဆိုတာ ပြည်တွင်း သတင်းဌာနတွေမှာ ရေးသား ပြောဆိုနေကြတာတော့ ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဖြစ်နေတဲ့ တိုက်ပွဲတွေက ဘယ်လောက် ပြင်းထန်တယ်ဆိုတာ ထိုင်းဘက်ကလူတွေ သိပ်လေးလေးနက်နက် မသိကြသေးဘူး ဆိုတာ ကျွန်မ ကောင်းကောင်းပြောနိုင်ပါတယ်။ နောက်ပြီး ထိုင်းဘက်ကလည်း PDF တွေ တော်လှန်ရေးအုပ်စုတွေကို တိုက်ဖို့ မြန်မာတပ်မတော်ကို ဘယ်လိုတွေ ကူပေးနေတယ်ဆိုတာ ထိုင်းလူထုက သိပ်မသိကြသေးပါဘူး။ ထိုင်းနယ်စပ် မဲဆောက်၊ မဲဆိုင်၊ တပ်ခ် နယ်တွေက လူတွေက မြန်မာစစ်တပ် လေယာဉ်တွေ ထိုင်းဘက်ပျံလာပြီး တိုက်တာ ခိုက်တာမျိုးကိုတော့ စိတ်ပူကြတာရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထိုင်းအစိုးရ တာဝန်ရှိသူတွေ ပြောတာရှိတယ်။ ဒါမျိုးကို မြန်မာစစ်တပ်က တမင်လုပ်တာမျိုး မရှိပါဘူး။ အားလုံး အဆင်ပြေပါတယ် ဆိုပြီး ပြောတာ ရှိပါတယ်။ ဒါကြောင့် ထိုင်းလူထုအနေနဲ့ နယ်စပ်ကနေ မြန်မာဘက်ကို လက်နက်တွေ နေရာတကာမှာ ပြန့်နေတာကို စိုးရိမ်တာမျိုးထက် လေယာဉ်နဲ့ လာပစ်တာ ခတ်တာမျိုးကို နည်းနည်းပိုကြောက်စေပါတယ်။

DW – ကျွန်တော် သိရသလောက် ထိုင်းနိုင်ငံမှာလည်း လက်နက်ကိုင် ဓလေ့ ထွန်းကားတာမျိုး တွေ့ရတယ်။ မြန်မာနိုင်ငံမှာ အခု ဒီလိုမျိုး ဖြစ်လာတယ်ပေါ့။ ဒီနိုင်ငံနှစ်ခုရဲ့ တူတာတွေ၊ ကွဲတာတွေက ဘာဖြစ်မလဲ။

ဒေါက်တာ လာလီတာ – မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လက်နက်ကိုင် ဓလေ့ ကိစ္စအကြောင်းကိုတော့ သိပ်မသိပါဘူး။ မြန်မာနိုင်ငံမှာ လက်နက်တွေ များလာတာ၊ ပျံ့နေတာ နားလည်လို့ ရပါတယ်။ မြန်မာနိုင်ငံမှာ နယ်မြေတော်တော်များများကို စစ်ကောင်စီက မထိန်းချုပ်ထားနိုင်ပါဘူး။ လက်နက်တွေ အသင့်ဝယ်လို့ ပြုလို့ရနေတယ်။

ထိုင်းမှာလည်း လက်နက်တွေ ဝယ်လို့ရပါတယ်။ မှတ်ပုံတင်ပြီး ဝယ်ဖို့ပဲ လိုတာ။ တချို့လူတွေက အစိုးရအရာရှိတွေကို လာဘ်ထိုးပြီး လွယ်လွယ်နဲ့ လိုင်စင်ရအောင် လုပ်လို့ရတယ်ဆိုတာလည်း ကျွန်မသိပါတယ်။ တချို့ဆိုင်တွေမှာဆိုရင် တရားမဝင်လက်နက်လည်း ဝယ်လို့ရပါတယ်။ အဲဒီလို ဆိုင်တွေမှာ အတော့ကို လွတ်လွတ်လပ်လပ် ဝယ်လို့ ရပါတယ်။ ဘန်ကောက်က မြို့ဟောင်းတချို့နေရာမှာ သေနတ်ရောင်းတဲ့ နေရာ နှစ်ဆယ်၊ သုံးဆယ်လောက် ရှိပါတယ်။ ကျွန်မထင်တယ် အဲဒါကြောင့်ပဲ ရဲအရာရှိတွေ၊ စစ်တပ်အရာရှိတွေမှာ သေနတ်တွေရှိတာကို ထိုင်းလူထုက တော်တော့ကို အထိတ်တလန့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်လောက်မှာ ရဲအရာရှိ၊ တပ်အရာရှိက မိန်းမနဲ့ ကလေးတွေကို သတ်ပြီး ကိုယ်ကိုယ့်ကိုယ်လည်း သတ်သွားတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ဖူးပါတယ်။ နောက်ပြီး တပ်အရာရှိဟောင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားတာမျိုးလည်း ရှိခဲ့ပါတယ်။ ရဲအရာရှိက ခိုးမှု ကျူးလွန်တာမျိုးတွေ၊ အဲဒါမျိုးတွေ ရှိခဲ့ပါတယ်။

ထိုင်းလူ့အဖွဲ့အစည်းမှာတော့ လက်နက်ကိုင်ဓလေ့ကို သိပ်မကြိုက်ပါဘူး။ ဆိုရှယ်မီဒီယာတွေမှာ မှတ်ချက်ပေးတာတွေ ကြည့်နိုင်ပါတယ်။ လက်နက်လိုင်စင်တွေကို လွယ်လွယ်နဲ့ လူတိုင်းကို ထုတ်ပေးနေတာထက် စာရင် သာမန် ထိုင်းလူထုကတော့ လက်နက်ကို ထိုင်းအစိုးရက တင်းတင်းကြပ်ကြပ်ကိုင်တွယ်တာမျိုးတွေ အလိုရှိပါတယ်။

DW – မြန်မာနိုင်ငံက တော်လှန်ရေးအုပ်စုတွေ၊ ထိုင်းဘက်မှာ လက်နက်လာထုတ်တာ၊ စမ်းတာတွေအထိ ရှိလာတယ်ပေါ့နော်။ မဲဆောက်မှာလည်း ဖမ်းမိတာမျိုးတွေလည်း ရှိတယ်။ အဲဒါမျိုးကို ထိုင်းလူထုက သိကြလား၊ သူတို့ရဲ့ စိုးရိမ်ချက်က ဘာတွေ ဖြစ်မလဲ။

ဒေါက်တာ လာလီတာ – ကျွန်မကတော့ မထင်ပါဘူး။ ကျွန်မ သိသလောက်ဆိုရင် အဲဒါတွေက မဲဆောက်မှာ ဖြစ်တာ၊ မဲဆောက်မှာ မိတာ၊ သာမန်ပြည်သူတွေကတော့ နယ်စပ် မဲဆောက်မှာ ဖြစ်နေတာနဲ့ ပတ်သက်ပြီး သိပ်ပြီး စိုးရိမ်တာမျိုး မရှိပါဘူး။ ဘန်ကောက်နဲ့ လည်းဝေးပါတယ်။ မဲဆောက်ဆိုတာ မြန်မာအများစု ရှိတဲ့နေရာဆိုတာ ကျွန်မတို့ အားလုံး သိပါတယ်။

မဲဆောက်မှာ ရှိတဲ့ ကျွန်မမိတ်ဆွေက ဒါမျိုးကို စိုးရိမ်တကြီး ပြောလာတာမရှိပါဘူး။ မဲဆောက်မှာ လက်နက်တွေရှိနေတယ်။ သူတို့ ကိုယ်ပိုင် လက်နက်တွေလည်း ထုတ်နေတယ်၊ ထိုင်းလူထု အနေနဲ့ကတော့ အဲဒီ ကိစ္စ အပေါ် ယေဘုယျအားဖြင့် သိပ်ပြီး စိုးရိမ်တာမျိုး မတွေ့ပါဘူး။

DW – နောက်တစ်ခုက အာဆီယံ ဒေသတွင်း အရေးနဲ့ ပတ်သက်လို့ပါ။ မြန်မာပြည်ဟာ ကမ္ဘာမှာ အရှည်ကြာဆုံး ပြည်တွင်းစစ် ကြုံနေရဆဲပါ။ အခုလည်း ပဋိပက္ခတွေ ပိုဆိုးလာနေတယ်။ ဒါက ဒေသတွင်းကို ဘယ်လိုမျိုး သက်ရောက်မှုရှိစေလဲ။

ဒေါက်တာ လာလီတာ – ပထမဆုံးပြောရရင် အာဆီယံက လုံးလုံးကြီးကို အားမကောင်းပါဘူး။ ပြီးခဲ့တဲ့လက အာဖရိကက နိုင်ဂျာမှာ အာဏာသိမ်းမှု ဖြစ်တော့ သုံးသပ်ထောက်ပြချက် ပေးတာ ရှိခဲ့ပါတယ်။ အခုလည်း အာဖရိကက ကဘွန်နိုင်ငံမှာ အာဏာသိမ်းမှု ထပ်ဖြစ်တယ်။ အဲဒီမှာ ဖြစ်တာနဲ့ ဒီမှာ ဖြစ်တာကို ဒေသနှစ်ခု နှိုင်းယှဉ်သုံးသပ်ဖို့ လူတွေက မေးကြတယ်။ အနောက်အာဖရိကမှာ သူတို့ကိုယ်ပိုင် အဖွဲ့ ရှိပါတယ်။ တကယ်တော့ စီးပွားရေးအဖွဲ့ပါ။ ECOWAS ဆိုတာ ရှိပါတယ်။ ယုံချင်ယုံ မယုံချင်နေပါ။ ECOWAS မှာ သူတို့ ကိုယ်ပိုင် စစ်တပ်ရှိပါတယ်။ ECOWAS ထဲမှာ အနောက်အာဖရိက ၁၅ နိုင်ငံ ရှိပါတယ်။ ပြီးခဲ့တဲ့ လက နိုင်ဂျာမှာ အာဏာသိမ်းမှု ဖြစ်တော့ ECOWAS က နိုင်ဂျာ အာဏာသိမ်းခေါင်းဆောင်ကို ခြိမ်းခြောက်တာ ရှိပါတယ်။ ဟေး . . . ငါတို့မှာ ကိုယ်ပိုင် စစ်တပ်ရှိတယ်။ တရားဝင်အစိုးရကို အာဏာပြန်လွှဲပေးလိုက်ပါ။ ဒါမှမဟုတ်ရင် မင်းတို့ ပြည်တွင်းရေးမှာ ငါတို့ ဝင်ပါရလိမ့်မယ်။ အဲဒီလိုမျိုး ပြောတာရှိတယ်။

ဒါပေမဲ့ အာဆီယံမှာ ဒါမျိုး မတွေ့နိုင်ပါဘူး။ အာဆီယံမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဘူးဆိုတာရှိပါတယ်။ ဒါကြောင့် အာဆီယံဆီက လောက်လောက်လားလား ဖိအားမျိုးလာတာ မတွေ့ရပါဘူး။ ငါတို့မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထူးသံတမန် ပို့မယ်။ အဆင့်မြင့် သံတမန် နိုလင်းဟေဇာ လိုမျိုး သိပ်အလုပ်မဖြစ်ပေမဲ့ လာတာရှိမယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရတဲ့ တစ်ဦးတည်းသော နိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမတ်ဝီနိုင် ဖြစ်တယ်။ နိုလင်းဟေဇာနဲ့တောင် မတွေ့ခဲ့ရပါဘူး။ အာဆီယံခေါင်းဆောင်တွေလည်း မတွေ့ခဲ့ရပါဘူး။ ပြောချင်တာက ဒေသတွင်းမှာ ဖြစ်နေတဲ့ ပြည်တွင်းရေးနဲ့ နိုင်ငံတကာ အရေး တင်းမာမှုတွေကို ဖြေရှင်းဖို့ နိုင်ငံရေးယန္တရားက သိပ်အားမကောင်းလှဘူး။ အာဆီယံအနေနဲ့ ဒီနေရာမှာလည်း ကြီးကြီးမားမား လှုပ်ရှားဆောင်ရွက်မှာ မဟုတ်ပါဘူး။ အဆုံးသတ်မှာတော့ မြန်မာနိုင်ငံမှာဖြစ်နေတာကို ဖြေရှင်းနိုင်ဖို့ဆိုရင် အနောက်အုပ်စုဘက်က ဖိအားကောင်းကောင်းလိုပါတယ်။ တရုတ်၊ အိန္ဒိယတွေဆီက ဖိအားကောင်းကောင်း လိုပါတယ်။ အာဆီယံထက်ပေါ့။ နောက်ဆုံးမှာတော့ အာဆီယံက တစ်နိုင်ငံနဲ့ တစ်နိုင်ငံရဲ့ နိုင်ငံရေးမှာ ဝင်စွက်ဖက်ဖို့ထက် စီးပွားရေး အကျိုးစီးပွားကို ပိုကြည့်မှာပါ။ အာဆီယံက ဘာမှ လောက်လောက်လားလား အပြောင်းအလဲ လုပ်နိုင်မှာ မဟုတ်ပါဘူး။

အခု ထိုင်းနိုင်ငံမှာ အကြီးဆုံး အရေးကိစ္စလို့ ပြောရင် ကရင်နီပြည်နယ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လူသားခြင်းစာနာထောက်ထားမှု အကူအညီတွေ ပေးဖို့ပါပဲ။ သူတို့ကို အကူအညီပေးဖို့ ကျွန်မတို့ တစ်ခုခု လုပ်သင့်ပါတယ်။ ဒါပေမဲ့ အာဆီယံက အဲဒီ ကိစ္စကို လုံး၀ မဆွေးနွေးပါဘူး။ UNHCR မှာ အလုပ်လုပ်ဖူးတဲ့ အတိုက်အခံ အမတ်တစ်ယောက်ရှိပါတယ်။ သူက ထိုင်းလွှတ်တော်မှာ မနေ့က ဒီကိစ္စကို အရေးဆို ပြောကြားတာရှိပါတယ်။ ထိုင်းလူ့အဖွဲ့အစည်းကတော့ ကရင်နီ ပြည်နယ်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို သိလာတာ သူ့ကြောင့်ပဲ။ သူက ဒီကိစ္စကို ဖိဖိစီးစီးလုပ်တယ်။ ဘာလို့လဲ ဆိုတော့ ထိုင်းက ဒီကိစ္စ အများကြီး လုပ်နိုင်တယ်။ ထိုင်းနဲ့ မြန်မာက အရမ်းကို နီးနီးကပ်ကပ် ရှိတယ်။ ထိုင်းစစ်တပ်ခေါင်းဆောင်တွေကလည်း မြန်မာစစ်တပ်နဲ့ အတော့်ကို နီးကပ်တဲ့ ဆက်ဆံရေး ရှိတယ်။ မြန်မာအရေး တကယ် ပြောင်းလဲနိုင်ဖို့လုပ်နိုင်သူတွေဆိုရင် ထိုင်းခေါင်းဆောင်တွေပါ။ မြန်မာနိုင်ငံမှာ ပိုပြီး ငြိမ်းချမ်းအောင် လုပ်နိုင်သူတွေပါ။ ထိုင်းခေါင်းဆောင်တွေ၊ အခု ထိုင်းအစိုးရသစ် တောင်မှာ မြန်မာနိုင်ငံမှာ လောက်လောက်လားလား ပြောင်းလာအောင် လုပ်မှာ မဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ နံပါတ်တစ် ဒါက သူတို့ ဦးစားပေး ကိစ္စ မဟုတ်ဘူး။ နံပါတ်နှစ် ဒါက ထိုင်းပြည်သူတွေကို ကျေနပ်အားရလောက်စေတဲ့ ကိစ္စ မဟုတ်ဘူး။ နောက်ဆုံး တစ်ခုက ထိုင်းအနေနဲ့ မြန်မာဆီက အရင်လိုမျိုး များများစားစား အမြတ်ရမှာ မဟုတ်ပါဘူး။

DW – အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ မတည်မငြိမ် ဖြစ်နေတာက ထိုင်းကိုလည်း ခြိမ်းခြောက်ရာရောက်ပါတယ်။ လူကုန်ကူးတဲ့ ကိစ္စ၊ ဒုက္ခသည် ကိစ္စလိုမျိုး။ ထိုင်းတင် မကပါဘူး အာဆီယံကိုလည်း သက်ရောက်မှု ရှိပါတယ်။ မလေးရှားလိုမျိုးပေါ့။ အခုဆိုရင် မြန်မာပြည်ကလူတွေ ထိုင်းနယ်စပ်ကို ဖြတ်ပြီး မလေးရှားကို ထွက်ခွာနေတာမျိုးလည်း ရှိတယ်လေ။

ဒေါက်တာ လာလီတာ – အဲဒါနဲ့ ပတ်သက်ပြီး စဉ်းစားကြည့်ရင် . . . မြန်မာပြည်မှာ ဒုက္ခရောက်လေလေ၊ ထိုင်းက ရဲလိုမျိုးသူတွေက မြန်မာပြည်က သာမန်ပြည်သူတွေဆီက ပိုအမြတ်ထွက်လေလေ ပါပဲ။ ထိုင်းရဲတွေ၊ ထိုင်းစစ်အရာရှိတွေ၊ မှောင်ခိုလောက ကနေ အကျိုးအမြတ်ရနေသူတွေ၊ မြန်မာပြည်မှာ မငြိမ်သက်မှုတွေ ဖြစ်လို့ အကျိုးရှိနေသူတွေကြောင့် ထိုင်းနိုင်ငံ ထိခိုက်နေတာပါ။ မဲဆောက်မှာ ကျွန်မမိတ်ဆွေ အတော်များများ ရှိပါတယ်။ မိတ်ဆွေ တစ်ယောက်က ပြောတယ်။ သူနဲ့ သိတဲ့ မြန်မာတစ်ယောက်ဆိုရင် ဆိုင်ကယ်စီးရင်း ဦးထုပ်မဆောင်းရုံ သက်သက်နဲ့ အဖမ်းခံရတယ်တဲ့။ အဲဒီလိုမျိုးတွေ ဖြစ်နေတယ်။

ကျွန်မကောက်ချက်ကတော့ ရှင်းပါတယ်။ နယ်စပ်မှာ တာဝန်ကျတဲ့ ရဲအရာရှိတွေဟာ တခြားနယ်က ရဲတွေက ပိုပြီး ချမ်းသာကြတယ်။ မြန်မာ ရွေ့ပြောင်းအလုပ်သမားတွေကနေ၊ ဒုက္ခသည်တွေကနေ ပိုက်ဆံပိုရတယ်၊ လာဘ်လာဘ ပိုရတယ်ဆိုတာ သူတို့ သိပါတယ်။

DW – ထိုင်းမှာ အခု ဝန်ကြီးချုပ်လည်း ရှိနေပြီ။ အာဏာရနိုင်ငံရေး သမားတွေက ဘာလို့ မြန်မာကိစ္စကို သိပ်အလေးမထားရတာလဲ။

ဒေါက်တာ လာလီတာ – အာဏာရပါတီရဲ့ သန္ဓေထဲမှာကို အဲဒါက ရှိမနေတာ။ ဒါက နံပါတ် ၁ အချက်။ ဖွထိုင်းပါတီက လူသားချင်းစာနာထောက်ထားမှု ကိစ္စတွေ လုပ်ဆောင်တယ်ဆိုတာမျိုး ရှိကို ရှိမနေတာ။ သက်ဆင် ဝန်ကြီးချုပ်ဖြစ်တုန်းကဆိုရင် လူသားချင်းစာနာထောက်ထားမှု ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျော်မကောင်း ကြားမကောင်းတာတွေ အများကြီးပဲ။ ဥပမာ ထိုင်းတောင်ပိုင်းစွန်းက ပြည်နယ်သုံးခုမှာ အစုလိုက် အပြုံလိုက် လူသတ်မှု အကြီးကြီး နှစ်ခု ရှိခဲ့တယ်။ တစ်ခုက ဗလီထဲမှာ တစ်ခုက အခြားနေရာမှာ။ သက်ဆင်ကို ဒီလိုမျိုး လူအဖြစ် သိကြတယ်။ လူအခွင့်အရေးနဲ့ ပတ်သက်ပြီး ဘာမှ သိပ်အလေးမထားဘူး။ အဲဒါ သူတို့ ဦးစားပေးမဟုတ်ဘူး။ အသုံးစရိတ်အရမ်းမြင့်လာလို့ ထိုင်းလူထုက ဒေါသထွက်နေတယ်ဆိုတာ အခု ဖွထိုင်းပါတီကလည်း သိတယ်။ လူနေမှု စနစ်ကလည်း အရမ်းနိမ့်နေတယ်။ သူတို့ကအခု စီးပွားရေးရာ ကိစ္စတွေ၊ မညီမျှမှုတွေမှာ ပိုပြီး အာရုံစိုက်လိမ့်မယ်။ ထိုင်းအောက်ခြေလူထုနဲ့ သိပ်မနီးစပ်တဲ့ ဒုက္ခသည်အရေး၊ ကိုးကွယ်ယုံကြည်မှု မြှင့်တင်ရေး အဲဒီလိုမျိုးတွေထက် ပိုပြီး လက်တွေ့အကောင်အထည်ပေါ်တဲ့ ကိစ္စတွေမှာ အဓိက ဦးတည်ထားဖို့ ကြိုးစားနေပါတယ်။ ဒါက ကျွန်မရဲ့ ယူဆချက်တစ်ခု။

နံပါတ်နှစ်တစ်ခုကတော့ အဲဒီလောက် မရိုးရှင်းဘူး။ အခု အစိုးရက သိပ်ပြီးအားကောင်းတဲ့ အစိုးရ မဟုတ်ဘူး။ ပါတီအများအပြားနဲ့ ညွန့်ပေါင်းဖွဲ့ထားတာပါ။ အများစုက ပရာယွတ်အစိုးရ လက်ထက်ကတည်းက လူတွေပါ။ ပူချိုင်ထိုင်းလိုမျိုး၊ ပလမ်ပန်ချာလတ်လိုမျိုးပေါ့။ ဒီပါတီတွေကို လက်ယာပါတီတွေလို့ လူသိများကြပါတယ်။ အရမ်းကို ကွန်ဆာဗေးတစ်ဖြစ်တဲ့သူတွေ။ ရှင်အနေနဲ့ ဒီမြန်မာအရေးကိစ္စကို ထိုင်းစစ်တပ်လူတွေကို သွားအရေးဆိုမယ် ဆိုရင် သူတို့က အရမ်းကို စဉ်းစားစရာ ဖြစ်လိမ့်မယ်။ ငါတို့က ဘာလို့ မြန်မာပြည်ကို ကူညီဖို့လိုလဲ ဆိုပြီး မေးခွန်းထုတ်ကြလိမ့်မယ်။ ဒါကြောင့်လည်း ထိုင်းက ၁၉၅၁ ဒုက္ခသည်ဆိုင်ရာ သဘောတူစာချုပ်ကို ဘယ်တုန်းကမှ လက်မှတ်မထိုးခဲ့တာ။ ဒီလိုမျိုး ဒုက္ခသည်သန်းချီတဲ့ ဝန်ထုပ်ဝန်ပိုးကို မလိုချင်တာ။ အခုတောင် ထိုင်း မြန်မာနယ်စပ်က ဒုက္ခသည် စခန်း ၉ ခုရှိတယ်။ ပြည်ထဲရေးဝန်ကြီးဌာနမှာ ကျွန်မ မိတ်ဆွေ တစ်ယောက်ရှိတယ်။ သူက မြန်မာ ဒုက္ခသည်တွေနဲ့ တိုက်ရိုက်ထိတွေ့ တာဝန်ယူ အလုပ်လုပ်နေတာ။ ထိုင်းအစိုးရက ဒုက္ခသည်တွေကို ဒုက္ခသည်လို့ကို ခေါ်တာ မဟုတ်ဘူး။ ဒုက္ခသည်လို့ ခေါ်ဝေါ်သုံးစွဲတာကို ထိုင်းအစိုးရက ရှောင်တယ်။ ဘာလို့လဲဆိုရင် ဒုက္ခသည်ကို ဒုက္ခသည်လို့ သုံးလိုက်ရင် ဒုက္ခသည်တွေက ထိုင်းနိုင်ငံမှာနေဖို့ အခွင့်အရေးရှိသွားတယ်။ ဒုက္ခသည်လို့ မသုံးရင် သူတို့မှာ ထိုင်းမှာနေဖို့ အခွင့်အရေး မရှိတော့ဘူး။

အခု မြန်မာပြည်က ဒုက္ခသည်နှစ်မျိုးရှိတယ်။ တစ်မျိုးက ပြည်တွင်းမှာ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာရသူတွေ၊ နောက်တစ်မျိုးက ဒီကိုလာပြီး အခွင့်အလမ်း လာရှာသူတွေ ဆိုတာမျိုး . . . ၊ ဒီလူတွေဟာ ဒုက္ခသည်တွေပဲလေ။ ဒါပေမဲ့ ထိုင်းက ဒုက္ခသည်လို့ တရားဝင် လက်မခံဘူး။ ဖွထိုင်းပါတီအစိုးရလက်ထက်မှာတော့ မြန်မာကိစ္စ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး။ ဘာလို့လဲ အဲဒါက သူတို့ ဦးစားပေး ကိစ္စမဟုတ်ဘူး။ နားလည်းမလည်ဘူး။ နောက်တစ်ခုက သူတို့မှာ ဒီကိစ္စ လုပ်ဖို့ လုံလောက်တဲ့ လူ့စွမ်းအားအရင်းအမြစ် မရှိဘူး။

DW – ဆိုတော့ မြန်မာ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အုပ်စုတွေအနေနဲ့ လာမဲ့ ထိုင်းအစိုးရသစ်နဲ့ ဘယ်လို လက်တွဲ အလုပ်လုပ်ဖို့၊ ကိုင်တွယ်ဖို့ ကြိုးစားသင့်လဲ။

ဒေါက်တာ လာလီတာ – NUG, NUCC PDF တွေ အနေနဲ့ ထိုင်းအစိုးရသစ်နဲ့ ဘယ်လိုမျိုး ထိတွေ့ ဆောင်ရွက်သင့်တာလဲလို့ ပြောချင်တာလား။

DW – NUG NUCC မကပါဘူး။ တခြား အရပ်ဘက် အုပ်စုတွေ၊ NUG မဟုတ်တဲ့ အုပ်စုတွေပါ ပါပါတယ်။

ဒေါက်တာ လာလီတာ – ဘယ်လိုပဲ ဖြစ်ဖြစ်၊ အနည်းဆုံးတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးအသစ်ဟာ ဝါရင့် သံတမန်ဟောင်းဖြစ်လိမ့်မယ်။ ပန်ပရီလို့ ခေါ်တယ်။ သူက အရမ်းကို လူသိများတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အခြား ဝန်ကြီးလိုမျိုး သူက အရင်အစိုးရ အဖွဲ့မှာ ပါခဲ့တဲ့သူ မဟုတ်ဘူး။ ဒါဟာ ကောင်းတဲ့ လက္ခဏာပဲ။ သူက နိုင်ငံခြားရေး ကိစ္စတွေမှာ ပရော်ဖက်ရှင်နယ် ဖြစ်တယ်။ နိုင်ငံခြားရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိတယ်။ ဒါကတော့ တကယ့်အမှန်ပါပဲ။ တခြားဝန်ကြီးတွေမှာ အဲဒီလိုမျိုး အတွေ့အကြုံ မရှိဘူး။ သူ့ကို ပုဂ္ဂိုလ်ရေးအရတော့ မသိဘူး။ သူအလုပ်လုပ်တာလည်း သိပ်မကြုံဖူးသေးဘူး။ ဒါကြောင့် မှတ်ချက်ပေးဖို့ မလွယ်သေးဘူး။ ဘယ်လိုလူ ဘာညာဆိုပြီး မှတ်ချက်မပေးလိုသေးဘူး။ သူကတော့ အဆင်ပြေနိုင်လောက်တယ်။ အရင် နိုင်ငံခြားရေးဝန်ကြီးထက်တော့ သာလိမ့်မယ်။ ဒါက ကျွန်မ အမြင်ပါ။ အခု အစိုးရအဖွဲ့ကတော့ ရွေးကောက်ခံ အစိုးရအဖွဲ့ဖြစ်တယ်။ ဘယ်လိုပဲ အရှုပ်အထုပ်တွေ ရှိခဲ့၊ ရှိခဲ့၊ သူတို့ကတော့ လုပ်ငန်းစဉ်အတိုင်း သွားရမှာပဲ။ နိုင်ငံခြားရေးဝန်ကြီးအသစ်ကတော့ ထိုင်းအတွက် မြန်မာကိစ္စဟာ အရေးကြီးတဲ့ ကိစ္စဆိုတာ အတိုင်းအတာ တစ်ခုအထိ သိလိမ့်မယ်လို့ ထင်တယ်။ ဥပမာ သူ မင်းအောင်လှိုင်ကို သွားတွေ့ရလိမ့်မယ်။ တော်လှန်ရေး အုပ်စုတွေကို တွေ့ဖို့ ပြုဖို့ သူဘယ်လောက်ထိ လုပ်နိုင်မယ်ဆိုတာတော့ မပြောတတ်ဘူး။ ဖွထိုင်းပါတီအနေနဲ့ မြန်မာကိစ္စ ဘယ်လောက် အလေးထားမယ်ဆိုတာ မသိဘူး။ သုံးသပ်ချက်ပေးရရင် အဆုံးသတ်မှာတော့ လက်ရှိ ထိုင်းအစိုးရဟာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စစ်တပ်အရာရှိတွေ ထိန်းချုပ်ထားနိုင်တုန်းပဲ။ ဒါကြောင့် လက်ရှိ တည်ဆဲအုပ်စု စိတ်ပျက်လက်ပျက်ဖြစ်အောင်တော့ လုပ်မှာ မဟုတ်ဘူး။

DW – ကျွန်တော် မေးချင်တာကတော့ အဲဒီလောက်ပါပဲ။ ဆရာမမှာ လက်နက်ဓလေ့ ကိစ္စကော၊ ထိုင်းနဲ့ မြန်မာ လူထုအချင်းချင်း ဆက်ဆံရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ကော အခြား ဘာများမှတ်ချက်ပေးချင်သေးလဲ။

ဒေါက်တာ လာလီတာ – တခြားအထူးအထွေတော့ မရှိပါဘူး။ ပြောခဲ့သလိုပဲ ထိုင်းလူထုက မြန်မာပြည်မှာ ဘာတွေ ဖြစ်နေလဲဆိုတာ တိတိပပ သိပ်မသိပါဘူး။ လက်နက်ကိုင်ဓလေ့ ထွန်းကားလာတာ၊ နယ်စပ်မှာ လက်နက်ထုတ်တာတွေကော ဒီလိုမျိုးတွေ သိပ်မသိဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့တော့ ထိုင်းလူထုက သိလာပါပြီ။ ကျွန်မကို မေးမြန်းလာတဲ့ မိတ်ဆွေတွေ အများအပြားရှိတယ်။ ဟေ့ . . . မြန်မာမှာတော့ ဒီလိုမျိုး ဆိုးဆိုးဝါးဝါးတွေ ဖြစ်နေတယ်။ သူတို့ ကူနိုင်တာရှိလား၊ ကူပေးဖို့ ဆန္ဒရှိတယ်။ ဒါမျိုးတွေ မေးလာကြပါတယ်။ ကျွန်မ ဒီအလုပ်ကို စလုပ်တယ်၊ မြန်မာအကြောင်း စလေ့လာတယ်၊ အဲဒီအချိန်တုန်းက ထိုင်းလူ့အဖွဲ့အစည်းရဲ့ မြန်မာအပေါ် အမြင်က အဲဒီလိုမျိုး မရှိခဲ့ဖူးဘူး။ အခုတော့ အကောင်းမြင်တာတွေ ပိုများလာပြီ။ အထူးသဖြင့် လူငယ်မျိုးဆက်တွေက မြန်မာပြည်အကြောင်း ကောင်းကောင်း ပိုသိလာသူများလာပြီ။ မြန်မာပြည်မှာ ဖြစ်နေတာတွေက တော်တော်ဆိုးတယ်။ ထိုင်းက အကူအညီ ပေးကိုပေးရမယ်ဆိုတာမျိုး။ နောက်ဆုံးမှာတော့ ထိုင်းဟာ မြန်မာနိုင်ငံအတွက် အတော်ကို အရေးပါပါတယ်။ မြန်မာတပ်မတော် အတွက်ကော၊ တော်လှန်ရေး အင်အားစုတွေ အတွက်ကောပါ။ ရှင်တို့ ထိုင်းကို သိပ်မကြိုက်ဘူးဆိုရင်တောင်မှ၊ ထိုင်းအစိုးရက မြန်မာကိစ္စနဲ့ ပတ်သက်ပြီး ကျေနပ်လောက်အောင် သိပ်အလုပ်လုပ်ဘူးဆိုရင်တောင်မှ၊ ထိုင်းက အရေးပါနေတုန်းပဲ။ တကယ်လို့ NUG သာ ထိုင်းအစိုးရသစ်နဲ့ အပြုသဘောစပြီး ဆွေးနွေးပြောဆိုနိုင်မယ် ဆိုရင် အရမ်းကို ကောင်းပါလိမ့်မယ်။ အနည်းဆုံးတော့ NUG ဘက်မှာ ထင်ရှားတဲ့ သံတမန်တွေ ရှိပါတယ်။ အဲဒီလို အမြင်နဲ့၊ အဲဒီလို အတွေ့အကြုံတွေနဲ့ သံတမန်အချင်းချင်းက သံတမန်စကားပြောလို့ရတယ်။ ထိုင်းနဲ့ မြန်မာစင်ပြိုင် အစိုးရတို့ တစ်ခုခု စလုပ်လို့ရတယ်။ အနည်းဆုံးတော့ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရတဲ့ ထိုင်းမြန်မာ နယ်စပ်တစ်လျှောက် မြေပြင်ကလူတွေကို အခုကိုပဲ ကူညီလို့ရပါတယ်။

DW – ကျေးဇူးတင်ပါတယ်။