ထင်တိုင်းကြဲနေသည့် လောင်းကစားဝိုင်းများ

0
1683

လူသူရှင်းသည့်နေရာများနှင့် လူသူအရောက်အပေါက်နည်းသည့်နေရာတွင်သာ ကျင်လည်ခဲ့သည့် လောင်းကစားဝိုင်းများမှာ အာဏာသိမ်းပြီးချိန်တွင် မြို့လယ်ကောင်သို့ ရောက်လာကြသည်။

တနင်္သာရီတိုင်းအတွင်း လေးပြား၊ အနီထောင်၊ ပေါက်တင်း အစရှိသည့် လောင်းကစားနည်းများကို လောင်းကြေးအဖြစ် ငွေကျပ်သိန်းရာချီ ကစားလေ့ရှိသည်။

ယခင်ကမူ လောင်းကစားဝိုင်းများကို လူသူအရောက်အပေါက်နည်းသည့် နယ်ဘက်ကျသည့် ရော်ဘာတောများ၊ ဥယျာဉ်ခြံများတွင် ပြုလုပ်လေ့ရှိသည်။

အာဏာသိမ်းပြီစအချိန်ကမူ ဒေသအများစုတွင် လိုင်းကြေးပေးထားသည့် လောင်းကစားဝိုင်းများရှိနေပြီး စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က မျက်စိမှိတ်ထားကြသည်။

အာဏာသိမ်းပြီး ရက်ပေါင်း ၉၀၀ ကျော်လာချိန်တွင်မူ ထားဝယ်မြို့လယ်ကောင်သို့ ပြောင်းရွေ့လာကြသည်။

အကြောင်းမှာ နယ်ဒေသများတွင်အဖြစ်များလာသည့် နှစ်ဖက်တိုက်ပွဲများ၊ ပဋိပက္ခများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ တားမြစ်မှုများကြောင့် ပိုမိုလုံခြုံသည့် မြို့ပေါ်သို့ ရွေ့လာကြခြင်းဖြစ်သည်။

အဆိုပါ လောင်းကစားဝိုင်းများမှာ စစ်အစိုးရလက်ထက်မှ အစိုးရအဆက်ဆက်တိုင်အောင် နည်းလမ်းမျိုးစုံ၊ အပေးအယူပေါင်းစုံဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ထားဝယ်ဒေသတွင် ကျင်းပလေ့ရှိသည့် ရိုးရာနတ်ပွဲများ၊ ဘာသာရေးပွဲများ၊ အထိမ်းအမှတ်ပွဲများတွင် အနီထောင်၊ လေးပြား၊ အန်ဂလုံ စသည့် လောင်းကစားဝိုင်းများက မပါမဖြစ်။

ဒီမိုကရေစီတစ်ပိုင်း အစိုးရဟုခေါ်ဆိုနိုင်သည့် NLD အစိုးရလက်ထက်တွင် ခေတ်စနစ်အရ ထိုက်သင့်သည့် ပွင့်လင်းမြင်သာမှုရှိလာခြင်းနှင့် ပြည်သူများ၏ ထောက်ပြမှုများကြောင့် လောင်းကစားဝိုင်းများမှာ နေရာပေါင်းစုံကို ပြောင်းရွေ့ပြုလုပ်ခဲ့ကြသည်။

ထိုကြောင့် ပုလောမြို့နယ်(ပလောက်မြို့) ဘက်မှ လောင်းကစားအုပ်စုပင်လျှင် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာနှင့် တစ်မိုင်ခန့်အကွာ ထားဝယ်မြစ်လယ်ကျွန်းတွင် စည်စည်ကားကား ပြုလုပ်ခဲ့ဖူးသည်။

လက်ရှိတွင်လည်း အာဏာသိမ်းဂယက်ကြောင့် နယ်ဒေသများထက် ပိုမိုလုံခြုံသည့် ထားဝယ်မြို့ပေါ်အထိ ရောက်လာနေပြီဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများ၏ လားရာကို သိရှိနိုင်ရန် တနင်္သာရီပုံရိပ်အဖြစ် ဖော်ပြလိုက်သည်။

“စစ်သားကိုလည်း ကြောက်စရာမလိုဘူး။ ရဲကိုလည်း ကြောက်စရာမလိုဘူး…….. အဖမ်းအဆီးမရှိဘူးလေ”

ထားဝယ်ဒေသအတွင်းရှိ လောင်းကစားဝိုင်းအများစုတွင် ကျင်လည်ခဲ့သူတစ်ဦး

DW ။ အခုလက်ရှိမှာ ထားဝယ်ဒေသက ကစားဝိုင်းတွေ ဘယ်လိုအခြေအနေရှိနေလဲ။

ဖြေ ။ အခုက နယ်တွေမှာက ကစားဝိုင်းတွေ ဘယ်နေရာမှာမှ မရှိတော့ဘူး။ ကံပေါက် ဓမင်းဆိပ်မှာကြတော့ ဖမ်းလိုက်တာ။ ဝိုင်းက အရမ်းကြမ်းတာ။အလယ်ကုန်းရွာက ကြက်ဝိုင်းကတော့ သုံးလေးနှစ်ဖြစ်သွားပြီ။ အလယ်ကုန်းဝိုင်း(ကြက်ဝိုင်း)က ပျူစောထီးဝိုင်းလေ။ ကျန်တဲ့နေရာကတော့ ဘယ်နေရာမှာမှ မရှိဘူး။ နယ်တွေမှာ ကစားဝိုင်းတွေ ပျောက်နေတာက အားလုံးက နှစ်ဖက်စလုံးကို ကြောက်နေရတာလေ အခုချိန်မှာက။ နှစ်ဖက်စလုံးကို ကြောက်နေရတော့ လုပ်လို့မရဲကြဘူးပေါ့။

DW ။ ဆိုရင် အခုက လောင်းကစားဝိုင်းတွေက ဘယ်နေရာတွေမှာ ဘယ်လိုလုပ်နေကြလဲ။

ဖြေ ။ ထားဝယ် လေးမြို့နယ်စလုံးမှာ ဒီတစ်ဝိုင်းပဲရှိနေတာ။ လေးပြားဝိုင်း လုပ်နေတာ သုံးလလောက်ရှိပြီ။ ရှယ်ယာဝင်ထားကြတာက ၁၅ ဦးလောက်ရှိတယ်။ စစ်တပ်နဲ့ရဲကို လိုင်းကြေးပေး ထားရတာ။ ဘယ်လောက်ပေးထားရတယ်ဆိုတာတော့ တိတိကျကျမသိဘူး။ လုပ်နေတဲ့နေရာက ကြက်သံဒိုင်းဘုန်းကြီးကျောင်း ဘေးက လမ်းထဲမှာ။ ကြက်သံဒိုင်းဘုန်းကြီးကျောင်း အနောက်ဘက်ထောင့်က အိမ်မှာ။ ဆိုင်ကယ်တွေ ကားတွေကို တစ်ဆောင်ခြား နှစ်ထပ်တိုက်မှာထားတယ်။ ကစားကြတဲ့ ငွေအမောင့်(ပမာဏ)ကလည်း များတယ်။တစ်ယောက်တစ်ယောက်ကို သိန်းရာဂဏန်းနဲ့ ရှုံးနေကြတာ။

ထားဝယ်မြို့ထဲမှာက လှုပ်ရှားမှုမရှိဘူးဆိုတော့ ဝိုင်းကြီးကြီးနဲ့ အေးအေးဆေးဆေး ကစားနေရတာပေါ့။ စစ်သားကိုလည်း ကြောက်စရာမလိုဘူး။ ရဲကိုလည်း ကြောက်စရာမလိုဘူး။ ညနက်သန်းခေါင်လည်း ကြိုက်သလိုကစားပဲ။ ဒီမှာကလုံခြုံတယ်။ ညနက်သန်းခေါင်လည်း ကြိုက်သလို ကစားလို့ရတယ်။ အဖမ်းအဆီးမရှိဘူးလေ။ အဖမ်းအဆီးမရှိဘူးဆိုတော့ လုံခြုံနေတာပေါ့။

“ကြီးကြီးမားမား ကစားတဲ့သူ၊ စီးပွားဖြစ်ကစားတဲ့သူတွေကြတော့ ရွာတွေမှာ မကစားကြတော့ဘူး”

လောင်းလုံးဒေသခံ အမျိုးသားတစ်ဦး

DW ။ လောင်းလုံးဘက်မှာ လောင်းကစားမှုတွေ ဘယ်လိုအခြေအ နေရှိလဲ။

ဖြေ ။ အရင်တုန်းကလိုတော့ မဟုတ်တော့ဘူး။ လူအများကြီးနဲ့ လုပ်ရတဲ့ လောင်းကစားတာမျိုးတော့ ပပျောက်သွားတယ်လို့ ပြောလို့ရတယ်။ ကြက်တိုက်တာမျိုးတွေပေါ့။အနီထောင်ကစားဝိုင်းတွေလည်း ဒီဘက်မှာ သိပ်မရှိကြတော့ဘူး။

DW ။ ဒါဆိုရင် အရင်ကလောင်းကစား ဝါသနာကြီးတဲ့သူတွေကတော့ ရွာတိုင်းနီးပါးရှိမှာပဲလေ။ အဲဒီလိုလူတွေ ကျတော့ရော ဘယ်လိုမျိုးပုံစံနဲ့ တွေ့ရသေးလဲ။

ဖြေ ။ ဘယ်လိုပြောရမလဲဆိုတော့ အရင်လိုတော့ ပေါ်ပေါ်ထင်ထင်မဟုတ်ဘဲနဲ့ ပုန်းလျှိုးကွယ်လျှိုး လုပ်နေတာမျိုးတော့ ရှိတယ်။ ဒီအိမ်မှာ လူသိသွားလို့ နောက်တစ်အိမ်ပြောင်းလုပ်တာတွေမျိုး။ အဲဒါကတော့ ရွာထဲကအလုပ်အားလို့ ကစားတဲ့သူမျိုးတွေပါ။ (လောင်း) ကြေးအများကြီးတော့ မဟုတ်ဘူး ။တစ်နေ့ကို နာရီပိုင်းလောက်ပေါ့။ အားတဲ့အချိန်လူစုပြီး အပျော်တမ်း ဆော့ကြတာမျိုးတွေရှိတယ်။ ကြီးကြီးမားမား ကစားတဲ့သူ၊ စီးပွားဖြစ်ကစားတဲ့သူတွေကြတော့ ရွာတွေမှာ မကစားကြတော့ဘူး။ မြို့မှာအိမ်ခန်းဟိုတယ်ခန်းတွေမှာ ကစားကြတယ်လို့သိရတယ်။ လိုင်းကြေးပေးပြီး ကစားကြတာမျိုးတွေပေါ့။ အဲဒါက အစကတည်းကပဲ။ ဒီလောင်းကစားအလုပ်ပဲ လုပ်ပြီး ဒီအလုပ်နဲ့ပဲ ငွေရှာတဲ့သူတွေမျိုး။ သူတို့တွေကျတော့ မြို့တက်ပြီး ကစားကြတယ်။

“(၂ လုံး၊ ၃ လုံး)ရောင်းတဲ့သူတွေ ပိုများလာတယ်”

ရေဖြူမြိုနယ် ဒေသခံတစ်ဦး

DW ။ ရေဖြူမြို့နယ်မှာလောင်းကစားဝိုင်းတွေ အခု ဘယ်လိုအခြေအနေရှိနေလဲ။

ဖြေ ။ အခုနောက်ပိုင်းက သိပ်မရှိတော့ဘူး။ အရင်ကတော့ ကျေးဇူးတော်ရွာဘက်မှာ အကြီးအကျယ်လုပ်ကြတယ်။ မြိတ်ဘက်ကအထိ လာပြီးကစားကြတယ်။

DW ။ တစ်ခြားလောင်းကစားတွေရော ဘယ်လိုအခြေအအနေရှိလဲ။ ဘယ်လိုလောင်းကစားမျိုးတွေရှိလဲ။

ဖြေ ။ ချဲ(၂ လုံး၊ ၃ လုံး)ကတော့ရှိတယ်။ အရင်ကလည်းရှိတာပဲလေ။ နှစ်လုံး၊သုံးလုံးတွေမျိုးပေါ့။ အရင်ကလို ပေါ်ပေါ်ထင်ထင်မျိုးတော့ မရောင်းကြဘူး။

DW ။ အခုနောက်ပိုင်း ရောင်းတဲ့သူနဲ့ ထိုးတဲ့သူ အ‌ခြေအနေလေးသိရသလောက်ပြောပြပါလား။

ဖြေ ။ ချဲထိုးတဲ့သူကတော့ ထိုးနေတာပါပဲ။ ဒါပေမဲ့ ထိုးတဲ့ငွေပမာဏ နည်းလာတယ်။အရင်က ဂဏန်းတစ်လုံး တစ်သောင်းဖိုးလောက် ထိုးတဲ့သူက အခု ငါးထောင်ဖိုးလောက်ပဲ ထိုးကြတယ်။ ဝင်ငွေနည်းလာလို့လည်း ဖြစ်မှာပေါ့။ ရောင်းအားအရေအတွက်များပြီး ထိုးတဲ့ငွေ ပမာဏ နည်းလာတာမျိုးတော့ရှိတယ် ။နောက်ပြီး ရောင်းတဲ့သူတွေ ပိုများလာတယ်။ဖုန်းဘေလ်ဖိုးလေး ၊စားဖို့သောက်ဖို့လေးရအောင်ဆိုပြီး ကိုယ်ပတ်ဝန်းကျင်မှာ တပိုင်တနိုင်ရောင်းတဲ့သူတွေမျိုးပေါ့ ။အဲလိုလူတွေက များလာတယ်လို့ဆိုရမယ်။

DW ။ တခြားလောင်းကစားတာတွေရော ဘယ်လိုဖြစ်သွားလဲ ။ ဥပမာ ဘောလုံးပွဲ လောင်းတာတွေမျိုးပေါ့။

ဖြေ ။ အဲဒါတွေကတော့ ဘယ်လိုပုံစံလဲဆိုတာမသိဘူး။ ဒါပေမဲ့ တစ်ချို့လူတွေကတော့ Wave Money လိုဟာမျိုး တစ်ခါထည့်ရင် (ကျပ်)သုံးသောင်းလောက်နဲ့ တစ်ရက်တစ်လေ အကြိမ်ကြိမ်ထည့်တာ။ တစ်နေ့ကို (ကျပ်)ခုနှစ်သောင်းလောက် ထည့်ပေးရတာတွေမျိုးရှိတယ်။ ဒိုင်ဖွင့်ပြီး လောင်းနေတာမျိုးတွေတော့ မရှိဘူး။

(ဘောလုံးလောင်းကစားမှာ အွန်လိုင်းကတင် လောင်း၍ရလာပြီဖြစ်သဖြင့် အများစုက အွန်လိုင်း သို့မဟုတ် လောင်းကစား အက်ပလီကေးရှင်း များမှတစ်ဆင့် လောင်းကြခြင်းဖြစ်သည်။ အာဏာမသိမ်းခင်က ပေါ်ပေါ်ထင်ထင် မကြော်ငြာရဲသော အွန်လိုင်းလောင်းကစားမှာ ယခုအခါ ကြော်ငြာအားကောင်းကောင်းဖြင့် အွန်လိုင်းပေါ်တွင် နေရာယူထားကြပြီဖြစ်သည်။ လောင်းကြေးကိုလည်း ပြည်တွင်းရှိ Kpay, Wave money စသည့် မိုဘိုင်းဖုန်းငွေပေးချေစနစ်များဖြင့် ချိတ်ဆက်ကာ အလွယ်တကူလောင်းနိုင်သည်)