NGO အလုပ်ခေါ်တယ်ဆိုပြီး ထိုင်းရောက်မြန်မာတွေကို ပစ်မှတ်ထားလိမ်လည်

0
2332

ဘန်ကောက်အခြေစိုက် NGO မှာ အလုပ်လုပ်ရမယ်၊ လစာကောင်းတယ်ဆိုတဲ့ မက်လုံးတွေပေးပြီး ထိုင်းနိုင်ငံရောက် မြန်မာတွေကို ပစ်မှတ်ထားလိမ်လည်တာတွေ တွေ့ရှိနေရပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကျန်းမာရေးအသိပညာပေးရမယ်၊ အခြေခံလစာ ဘတ် ၁၇၀၀၀ ရမယ့်အပြင် နေစရိတ် စားစရိတ်ငြိမ်း စီစဉ်ပေးမှာဖြစ်ပြီး ရုံးကနေ ပေးထားတဲ့ ကွန်ဒိုတိုက်ခန်းမှာ နေထိုင်ရမယ်ဆိုတဲ့ မက်လုံးပေးစည်းရုံးရေးသားပြီး လိမ်လည်နေတာပါ။

ထိုင်းရောက် မြန်မာတွေ တစ်စုတစ်စည်းတည်းရှိတဲ့ Facebook Group တွေထဲမှာ အကောင့်တုတွေနဲ့ အလုပ်ခေါ်စာ ကြော်ငြာတင်ပြီး စည်းရုံးနေကြတာပါ။ လျှောက်ထားသူတွေဆီကနေ လျှောက်လွှာကြေးတွေ တောင်းပြီး လိမ်လည်နေတာလည်း ဖြစ်ပါတယ်။

ထပ်ခါထပ်ခါ လိမ်ဖို့ကြိုးပမ်းနေတာတွေ့ရတယ်။

ဒီလို လိမ်လည်တာကို Dawei Watch က တွေ့ရှိတာက အခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာပါ။

‘Lwin Yati Hnin May’ ဆိုတဲ့ နာမည်သုံးထားတဲ့ Facebook အကောင့်တုနဲ့ ထိုင်းရောက် မြန်မာများစွာရှိနေတဲ့ All About Bangkok Facebook Group ထဲမှာ အလုပ်ခေါ်စာ ကြော်ငြာတင်ပြီး လိမ်လည်ခဲ့တာ တွေ့ရပါတယ်။

နောက်တစ်ခါ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့မှာလည်း ‘နှင်း ယမုံ မေ’ နာမည်နဲ့ အကောင့်က အလုပ်ခေါ်စာကို ထပ်တင်လာတာ တွေ့ရပါတယ်။ အကောင့် နာမည်သာ ပြောင်းသွားပေမယ့် အလုပ်ခေါ်စာက အတူတူ ဖြစ်နေတာကို တွေ့ရပါတယ်။

အလုပ်ခေါ်တွေ တစ်ထပ်တည်းတူတွေနေတာကို အောက်မှာ ကြည့်နိုင်ပါတယ်။

အမှန်တကယ် အလိမ်ခံရတယ်။

Lwin Yati Hnin May နာမည် အကောင့်နဲ့ All About Bangkok Facebook Group အလုပ်ခေါ်စာ လာတင်ပြီး လူဦးရေအကန့်အသတ်ရှိတာကြောင့် မြန်မာတွေ လျှောက်လွှာလာတင်ကြဖို့ ပြောဆိုခဲ့ပါတယ်။

လျှောက်လွှာတင်ရင် အလုပ်လျှောက်ကြေး ဘတ် ၂၅၀ ပေးသွင်းရမယ်လို့ ဆိုပါတယ်။

အလုပ်လျှောက်ကြေး အလိမ်ခံခဲ့ရတဲ့ မြန်မာတစ်ဦးရဲ့ ပြောကြားချက်အရ အလုပ်ကို စိတ်ဝင်စားရင် Lwin Yati Hnin May အကောင့် မက်ဆင်ဂျာကနေ မက်ဆေ့ပို့ခိုင်းပြီး ဆက်သွယ်ခိုင်းတယ်လို့ ဆိုပါတယ်။ အဲဒီလို ပို့လိုက်ရင် လျှောက်လွှာပုံစံတစ်ခု ပို့ပေးတယ်လို့ ဆိုပါတယ်။

အဲဒီလျှောက်လွှာပုံစံမှာ ဖြည့်စွက်ပြီး ပြန်ပို့ပေးရပါတယ်။ အဲဒီနောက်မှာ အလုပ်လျှောက်ကြေး ဘတ် ၂၅၀ ကို Myo Htet Aung အမည်နဲ့ ဖွင့်ထားတဲ့ ထိုင်း Kasikorn ဘဏ်အကောက်နံပါတ်သို့ ပြန်ပို့ပေးရတယ်လို့ ဆိုပါတယ်။

ငွေလွှဲပြီးချိန်မှာ Lwin Yati Hnin May အကောင့်ပိုင်ရှင်က BLOCK လုပ်ပြီး အဆက်အသွယ် ဖြတ်သွားတယ်လို့ ပြောပါတယ်။

“အမရော အမသူငယ်ချင်းတွေရော မိတယ်။ ငါတို့လည်း တစ်ယောက်နဲ့ တစ်ယောက် မချိတ်ဆက်မိကြဘူး။ နောက်မှ သူ့အကောင့်က တင်တဲ့ဟာကို သူများလာပြောမှ သိတော့ ပါသွားပြီ” လို့ ဟု အလိမ်ခံလိုက်ရတဲ့ မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးက ပြောပါတယ်။

‘ထိုင်းတွင် NGO အလုပ်ရမည်ဟုဆိုကာ မြန်မာလုပ်သားထံမှ ငွေလိမ်မှုများရှိလာ’ ဆိုတဲ့ သတင်းကနေ ကောက်နုတ်ထားတာပါ။

ရွှေ့ပြောင်းအလုပ်သမားတွေကို ကျန်းမာရေး အသိပညာပေးရမယ်ဆိုလို့ လျှောက်ခဲ့သူတွေလည်းရှိပါတယ်။ လိမ်လည်ခံရတဲ့ မြန်မာအများအပြားရှိခဲ့ပါတယ်။

Lwin Yati Hnin May မှာ သုံးထားတဲ့ Profile ပုံကလည်း ပုသိမ်မြို့တွင်နေထိုင်ပြီး စားသောက်ဆိုင်ဖွင့်ထားတဲ့ May Hnin Thet Khaing ဆိုသူရဲ့ ပုံတွေကို ယူသုံးထားတာကို ကာယကံရှင် မေနှင်းသက်ခိုင်ရဲ့ Facebook အကောင့်မှာ ရှင်းလင်းရေးသားချက်အရ သိရှိခဲ့ရပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ Lwin Yati Hnin May အကောင့်တုနဲ့ အလိမ်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ Dawei Watch က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၇ရက်နေ့က သတင်းဖော်ပြချက်ကို ဒီနေရာမှာကြည့်နိုင်ပါတယ်။

ထပ်လိမ်ဖို့ ကြိုးစားလာပြန်တယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့မှာ အလားတူ လိမ်လည်ဖို့ ကြိုးပမ်းလာပြန်ပါတယ်။

‘နှင်း ယမုံ မေ’ ဆိုတဲ့ အမျိုးသမီးနာမည်နဲ့ အကောင့်က Lwin Yati Hnin May အကောင့်တုက ရေးခဲ့တဲ့ အလုပ်ခေါ်စာအတိုင်း ပြန်တင်လာတာပါ။

အဲဒီအလုပ်ခေါ်စာနဲ့ ပတ်သက်လို့ မက်ဆင်ဂျာကနေ ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့) က ခေါ်တာလို့ လျှောက်ထားဖို့ စုံစမ်းသူတွေကို ပြောတဲ့အတွက် ILO ဆက်သွယ်မေးမြန်း ကြည့်တဲ့အခါ အလုပ်ခေါ်တာ မရှိဘူးလို့ ဖြေကြားတယ်လို့ FED အလုပ်သမားတာဝန်ခံ ဦးမင်းမင်းဦးက ပြောပါတယ်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ဆိုတာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး၊ ပညာရေးတို့အတွက် လုပ်ဆောင်နေတဲ့ ဖောင်းဒေးရှင်းဖြစ်ပါတယ်။

“သူတို့နာမည်ကြီးသုံးပြီးတော့ လုပ်ကတည်းက ILO က ဝန်ထမ်းတွေအနေနဲ့က အမှုဖွင့်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ တစ်စုံတစ်ခု ထုတ်ပြန်တာမျိုးဖြစ်ဖြစ် သူတို့လုပ်ရမယ်” လို့ သူက ပြောပါတယ်။

အဲဒီလို လိမ်လည်တာတွေက ယုတ္တိမရှိပေမယ့် မသိတဲ့ အလုပ်သမားတွေ သွားရောက်လျှောက်မိရင် လျှောက်ထားခ ဘတ် ၂၅၀ အလိမ်ခံရမယ်လို့ သူက သတိပေးပါတယ်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မက်လုံးပေးပြီး နည်းမျိုးစုံနဲ့ လိမ်လည်မူတွေ တိုးပွားလာလို့ ထိုင်းမှာ အလုပ်ရှာနေကြတဲ့ မြန်မာတွေ အထူးသတိထားဖို့ လိုတယ်လို့ FED အမှုဆောင်ဒါရိုက်တာကလည်း သူရဲ့ Facebook အကောင့်ကနေ တိုက်တွန်းထားပါတယ်။

‘နှင်း ယမုံ မေ’ အကောင့်က တင်ထားတဲ့ အလုပ်ခေါ်စာနဲ့ပတ်သက်လို့ အခုလို တိုက်တွန်းထားတာပါ။

ဦးထူးချစ်ရဲ့ သူရဲ့ လှုမှုကွန်ရက်အကောင့်မှာ ရေးသားမျှဝေ သတိပေးထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

Dawei Watch က သုံးသပ်ချက်နဲ့ အကြံပြုချက်

ထိုင်းမှာ အလုပ်ရှာပေးဖို့၊ တရားဝင် အထောက်အထားတွေ လုပ်ပေးဖို့အတွက် လူချင်းမြင်ဖူးတဲ့ ပွဲစားတွေဆီမှာ ငွေကြေးပေးပြီး သွားအပ်နှံရင်တောင် အလိမ်ခံရတာတွေ ဆက်တိုက် ကြုံနေရတဲ့ အခြေအနေမှာ လူချင်းလည်း မသိ၊ နာမည်ရှိတဲ့ ယုံကြည်ရတဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလည်း မဟုတ်တဲ့၊ အကောင့်တု အကောင့်စစ်လည်း ခွဲခြားဖို့ ခက်ခဲတဲ့ သူတွေရဲ့ အလုပ်ခေါ်စာတွေကို အလွယ်တကူ မယုံဖို့ လိုပါတယ်။

ပုံမှန်အားဖြင့် အလုပ်ခေါ်တာတွေမှာ လျှောက်လွှာကြေး သွင်းရလေ့လည်း မရှိပါဘူး။ ဒါကြောင့် အထူးသတိထား ရမှာကတော့ အလုပ်လျှောက်လွှာကြေး မလွှဲမိစေဖို့ပါပဲ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်တာကြောင့် ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေကို မြန်မာတွေ အကြောင်းအမျိုးမျိုး ကြောင့် နည်းမျိုးစုံနဲ့ ထွက်ခွာနေကြရပါတယ်။ ဒီလို သွားရောက်ကြရာမှာ ပြည်ပမှာ အခက်အခဲမျိုးစုံကြုံရတာကြောင့် ကြုံရာအလုပ်ဝင်လုပ်နေရချိန်မှာ ပစ်မှတ်ထားလိမ်လည်တာလို့ သုံးသပ်ရပါတယ်။

 အခုအလုပ်ခေါ်စာကိစ္စမှာ ဆိုရင်လည်း Facebook အကောင့် နာမည်ပဲ ပြောင်းသွားပြီး အလုပ်ခေါ်စာနဲ့ လိမ်နည်းတူတဲ့အတွက် တစ်ဦးတစ်ယောက်တည်း၊ တစ်စုတစ်ဖွဲ့တည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် စာဖတ်သူတွေအနေနဲ့ Facebook ပျံ့နှံ့လာတဲ့ အလုပ်ခေါ်စာတွေကို ချက်ချင်းမယုံကြည်ဘဲ သေချာစိစစ်ကြဖို့ တတ်ကျွမ်းနားလည်နိုင်သူတွေနဲ့ တိုင်ပင်ကြဖို့ တိုက်တွန်းလိုပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက်စိစစ်ထားတာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင်လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။