ရွှေနှင့်ဘတ် တစ်ပတ်အတွင်း သုံးသပ်ချက်

0
3761

ရွှေဈေးမှာ ဆက်တိုက်ကျလာပြီး အကျကြမ်းသည့်ကာလ ဖြစ်သည်။

ထိုင်းဘတ်ဈေးလည်း ကျရိပ်ပြလာပြီး ဓာတ်ဆီဈေးမှာ အလှုပ်အခတ်နည်းနေသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

အတက်ကြမ်းခဲ့သည့် ပြည်တွင်းရွှေဈေးသည် ယခုအပတ်တွင် အကျကြမ်းခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်သိန်းဂဏန်းအထိ ဈေးအပြောင်းအလဲဖြစ်နေခဲ့သည်။

စက်တင်ဘာလ ၄  ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်းစွန်းစွန်းဖြင့် ဈေးဖွင့်ခဲ့ရာမှ နောက်ရက်များတွင် သိန်းချီ ဈေးကျလာခဲ့သည်။

ယခုအပတ်သောကြာနေ့တွင်မူ တစ်ကျပ်သားလျှင် ၃၅ သိန်းဈေးဖွင့်ထားပြီး ငါးရက်အတွင်း ငွေကျပ်နှစ်သိန်းကျော် ဈေးကျသွားသည်။

ထိုင်းဘတ်ဈေးလည်း ရွှေနှင့်အတူ ကျရိပ်ပြလာပြီး တစ်ဘတ်လျှင် ငွေကျပ်တစ်ရာအောက်သို့ ကျသွားသည်။

တနင်္လာနေ့က ထိုင်းငွေတစ်ဘတ်လျှင် ၁၀၃ ကျပ် နီးပါးဖြင့် လဲလှယ်နေရာမှ သောကြာနေ့တွင် ၉၇ ကျပ်ဝန်းကျင်သာ ဈေးပေါက်ခဲ့သည်။

 ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၃၃  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာမူ အပြောင်းအလဲနည်းနေပြီး ငြိမ်သလောက်ဖြစ်နေသည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၃၅၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၈၀၀ ကျပ်မှ  ၃၃၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ အကျဘက်တွင် ဆက်ပြီးအားကောင်းနေမည် ဖြစ်သည်။

စစ်ကောင်စီက ရွှေနှင့် ဒေါ်လာဈေးအပါအဝင် အထွေထွေကုန်ဈေးနှုန်းကျဆင်းစေရန်ဟုဆိုကာ ကုန်သည်များကို ဖမ်းဆီးစစ်ဆေးခြင်းများ သေနတ်ပြပြီး ခပ်ကြမ်းကြမ်းလုပ်ဆောင်နေသည်။

ယင်းကဲ့သို့ ဈေးကွက်ပေါက်ဈေးကို အတင်းဆွဲချနေသည့်အတွက် လတ်တလောတွင် ကုန်ပစ္စည်းဈေးနှုန်းများမှာ အကျဘက်တွင် ဆက်ရှိနေမည့် သဘောဖြစ်သည်။

ထိုသို့ ဈေးကျစေရန် စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) က ဦးဆောင်သည့် ကုန်ဈေးနှုန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီများဖွဲ့ကာ အတင်းဈေးဆွဲချရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဈေးကစားသည်ဟုဆိုကာ ရွှေ ၊စားသုံးဆီ၊ နိုင်ငံခြားငွေရောင်းဝယ်ရေး စသည့်လုပ်ငန်းရှင်များကို စစ်ဆေးဖမ်းဆီး နေသည်။

ထိုကြောင့်လည်း ဒေါ်လာငွေလဲနှုန်းအပေါ် မှီတည်နေသည့် ပြည်တွင်းရွှေဈေးမှာ ဆက်တိုက်ကျလာခြင်းဖြစ်သည်။

လက်ရှိတွင် ပြင်ပဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ၃၄၀၀ ကျပ် ဝန်းကျင် ဈေးဖွင့်ထားသည်။

ယင်းအခြေအနေတွင် ကမ္ဘာ့ရွှေဈေးလည်း ကျရိပ်ပြနေပြီး တစ်အောင်စလျှင် ၁၉၂၄ ဒေါ်လာသာ ဈေးဖွင့်ထားသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၁၉၄၀ ဒေါ်လာပေါက်ဈေးရှိခဲ့သည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ ဆက်တိုက်ကျနေမည်ဟု သုံးသပ်ရသည်။

ဘတ်ဈေးမှာ ဒေါ်လာပေါက်ဈေး၊ ရွှေဈေးနှင့် ကုန်သွယ်ရေး စသည့်အချက်များအပေါ် မှီတည်နေသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေပြီး ဒေါ်လာငွေလဲနှုန်းမှာ ကျနေသည်။

ထိုကြောင့်လာမည့်အပတ် 92 ဓာတ်ဆီတစ်လီတာလျှင် နှစ်ထောင်သုံးရာကျပ်ဝန်းကျော်ဖြင့်ပင် ဈေးဖွင့်နေမည်ဖြစ်သည်။