ရန်ကုန်-မြိတ်ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး ခရီးသည်နှစ်ဦးဒဏ်ရာရ

0
4802

ရန်ကုန်မြို့မှ မြိတ်မြို့သို့ထွက်ခွာလာသည့် ရွှေပုလဲသီယာဉ်လိုင်းက ခရီးသည်တင်မော်တော်ယာဉ်သည် ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၅နာရီကျော်က သံဖြူဇရပ်နှင့် ရေးမြို့ကြားရှိ လိမ္မောခြံရွာအနီးတွင် သေနတ်ဖြင့်ပစ်ခံရကြောင်း အထက်ပါယာဉ်လိုင်းထံမှ သိရသည်။

သေနတ်ဖြင်ပစ်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသည့် ခရီးသည် ၃၂ ဦးအနက် မြိတ်မြို့သို့လိုက်ပါမည့် ခရီးသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရသွားကြောင်း ခရီးသည်တင်ယာဉ်၏ ယာဉ်မောင်းက ပြောသည်။

“အဲဒီနေရာက အမြဲတမ်းစစ်ဆေးနေကျ နေရလည်းမဟုတ်ဘူး။ နောက်ပြီး အစောကြီးပဲ ရှိသေးတယ်။ မိုးကလည်း ရွာနေတော့ ဘေးမှာလည်း ရော်ဘာတောတွေနဲ့ မမြင်ရဘူးပေါ့နော်။ ရှေ့မှာလည်း ကားတွေကို စစ်ဆေးနေတာမျိုး လည်း မရှိတော့ ကားတားတာကို မမြင်လိုက်မိဘူး” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါပစ်ခတ်မှုကြောင့် ကား၏လက်ဝဲဘက်မှန်ကို ကျည်ဆံတစ်ချက်ထိမှန်ထားပြီး ခရီးသည်အမျိုးသား တစ်ဦး၏ နှုတ်ခမ်းနှင့် အမျိုးသမီးတစ်ဦး၏ လက်တွင် မှန်ကွဲရှသည့် ဒဏ်ရာရကြောင်း အဆိုပါယာဉ်လိုင်းထံမှ သိရသည်။

“ကျွန်တော်တို့ ဒီလမ်းခရီးမှာ ဘယ်လက်နက်ကိုင်အဖွဲ့ပဲတားတား ရပ်ပေးပါတယ်။ ကျွန်တော်တို့ အန္တရာယ် ကင်းကင်းပဲ သွားချင်ပါတယ်” ဟု အထက်ပါယာဉ်မောင်းက ပြောသည်။

ဒဏ်ရာရရှိသူများကို ယာဉ်လိုင်းတာဝန်ရှိသူများက ရေးမြို့ဆေးခန်းတွင် ဆေးကုသမှုခံယူစေပြီး ဆက်လက် ထွက်ခွာလာရာ ယနေ့ ဩဂုတ်လ ၂၅ ရက် နေ့လယ်ပိုင်းတွင် မြိတ်မြို့သို့ ရောက်ရှိကြောင်း ရွှေပုလဲသီ မော်တော်ယာဉ်လိုင်းထံမှ သိရသည်။

ရေးမြို့ခံတစ်ဦးကလည်း “ဒဏ်ရာက မများတော့ ဆေးတွေထည့်ပြီးတော့ ကားက ဆက်ထွက်သွားတယ်။ ရေးလမ်းတစ်လျှောက်မှာ ဒီလို ခရီးသည်ကားတွေ ပစ်ခတ်ခံရတာ ခဏခဏပါပဲ။ ဘာကြောင့် ဒီလိုတွေ လုပ်နေလဲဆိုတာ ကျွန်တော်တို့လည်း မသိဘူး” ဟု ပြောသည်။

အဆိုပါမော်တော်ယာဉ်ကို မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်သည်ကိုမူ မသိရှိသေးကြောင်း ယာဉ်မောင်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလကလည်း လိမ္မော်ခြံကျေးရွာအနီးတွင် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဩဂုတ်လ ၁၆ ရက်နေ့ကလည်း ရေး-သံဖြူဇရပ်ကားလမ်းပိုင်း နှစ်ကရင်ကျေးရွာတွင် ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။