ကော့သောင်း မလိဝမ်းရွာအနီးတွင်တိုက်ပွဲဖြစ်ပြီး ရွာသားများထိုင်းဘက်ထွက်ပြေးရ

0
1795

ကော့သောင်းမြို့နယ် ထိုင်းနယ်စပ်ရှိ မလိဝမ်းကျေးရွာအနီးတွင် ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း မလိဝမ်းရွာသားအချို့က ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ရွာသားအချို့ ကြောက်လန့်ကာ ထိုင်းဘက်သို့ လှေဖြင့်ထွက်ပြေးရကြောင်း မလိဝမ်းရွာသားတစ်ဦးက ဆိုသည်။

“သေနတ်သံတွေကြားရတာဆိုတော့ နီးရာထွက်ပြေးရတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

ဩဂုတ်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ဆုတ်ခွာသွားသဖြင့် ထွက်ပြေးခဲ့သည့် ရွာသားတစ်ရာခန့်လည်း ရွာသို့ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြောင်း အထက်ပါဒေသခံက ဆိုသည်။

တိုက်ပွဲမဖြစ်မီ ဩဂုတ်လ ၂၁ ရက် ညဘက်အချိန်က မလိဝမ်းရွာနေ အမျိုးသမီးတစ်ဦးအား စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသေးကြောင်း ရွာသားအချို့က ပြောဆိုသည်။

အဆိုပါ မလိဝမ်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာခဲ့သည့် စစ်ကောင်စီအင်အား ၅၀ ခန့်အား ကြိုတင်စောင့်ဆိုင်းပြီး ရှေ့ထွက်မိုင်းသုံးလုံး ဖောက်ခွဲကာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဩဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေး တပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ကော့သောင်းမြို့ နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်သားများ၊ ရဲတပ်သားများ၊ အုပ်ချုပ်ရေး ထောက်တိုင်များ၊ ပျူစောထီးနှင့် ဒလန်သတင်းပေးများအား ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။