ကွမ်းသီးပင်ပေါ်မှ ပြန်မဆင်းနိုင်သည့်ကြောင်ကို ထားဝယ်မီးသတ်ကယ်ဆယ်ခဲ့ရ

0
1609

ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်၊ စံပယ်လမ်းတွင် ယနေ့ ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းက ကွမ်းပင်ပေါ်တက်ပြီး ပြန်မဆင်းနိုင်တော့သည့် ကြောင်တစ်ကောင်ကို ကယ်ဆယ်ခဲ့ရကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့ နံနက် ၈ နာရီခန့်က ကြောင်ပိုင်ရှင်၏ အကူညီတောင်းခံချက်အရ ဒုဦးစီးမှူးဦးမောင်မောင်အေးနှင့် တပ်ဖွဲ့ဝင် ငါးဦး သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ ရွှေဝါရောင်ကြောင်မှာ လမ်းမဘေးရှိ နေအိမ်ခြံထောင့်တွင်ရှိသော ကွမ်းသီးပင်၏ ထိပ်တွင်တက်ရောက်နေခြင်းဖြစ်သည်။

အဆိုပါကြောင်အား မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကား၊ လှေကားတို့အသုံးပြုကာ ကယ်ဆယ်ခဲ့ရပြီး ပိုင်ရှင်ထံပြန်လည်အပ်နှံပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့သည် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဩဂုတ်လ ၂၅ ရက်နေ့အထိ ရှစ်လအတွင်း မီးလောင်မှု ၁၄မှု၊ သဘာဝဘေးခြောက်မှုတို့ကို ဒေသခံပရဟိအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီ‌ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယင်းအပြင် ရှစ်လအတွင်း ရုံးအဆောက်အအုံနှင့် ဒေသခံများ၏ နေအိမ်အတွင်းဝင်ရောက်နေသည့် မြွေ ၂၄ ကောင် ကို ဖမ်းဆီးပေးပြီး ဘေးလွတ်ရာလွှတ်ပေးခဲ့ကြောင်းလည်း ယင်းအဖွဲ့က လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။