တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1395

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၁၃ ရက်နေ့မှ ဩဂုတ်လ ၁၉ ရက်နေ့အထိ

အာဆီယံဥက္ကဋ္ဌနေရာ မြန်မာမယူနိုင်သေးပါ

၂၀၂၆မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံက တာဝန်မယူနိုင်သေးလို့ တစ်နှစ်နောက်ဆုတ် လိုက်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်သေးတာ၊ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်နေသေးတာတွေကြောင့် ရွှေ့ဆိုင်းလိုက်တာလို့ ထိုင်းအခြေစိုက် PBS သတင်းမှာ ဖော်ပြပါတယ်။

အာဆီယံဥက္ကဋ္ဌ တာဝန်ကို အင်္ဂလိပ်အက္ခရာစဉ်အတိုင်း အလှည့်ကျတာဝန်ယူကြတာပါ။ ၂၀၂၆ ဟာ မြန်မာနိုင်ငံရဲ့ အလှည့်ဖြစ်ပေမယ့် အဆင်သင့်မဖြစ်တာကြောင့် ဖိလစ်ပိုင်က အစားထိုး တာဝန်ယူရမှာပါ။ မြန်မာနိုင်ငံကတော့ ၂၀၂၇ မှာမှ တာဝန်ယူမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုကိစ္စကို ဆုံးဖြတ်ချက်မချရသေးဘူးလို့ ဘီဘီစီ မြန်မာပိုင်းသတင်းတစ်ရပ်မှာ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ စစ်အစိုးရလက်ထက် ၂၀၀၆ မှာလည်း အလှည့်ကျော်ခဲ့ဖူးပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၄ ကျမှသာ ဥက္ကဋ္ဌတာဝန်ကို ပြန်ယူခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံအရေးအတွက် ချမှတ်ထားတဲ့ အာဆီယံဘုံသောဘာတူညီချက် ငါးရပ်ကို အကောင် အထည်ဖော်မှု အားနည်းလို့ မြန်မာစစ်ကောင်စီဟာ အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ငြင်းပယ်ခံထားရပါတယ်။

……………………………………

မြန်မာငွေတစ်သိန်း ထိုင်းဘတ်တစ်ထောင်အောက် ရောက်သွားတယ်

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေတာကြောင့် ကျပ်တစ်သိန်းလဲရင် ထိုင်းဘတ်ငွေတစ်ထောင်အောက်ကို ရောက်ရှိသွားပါတယ်။

ကျပ်နှစ်သောင်းတန် ထုတ်မယ်ဆိုပြီး ကြေညာချိန်ကပင် ငွေတန်ဖိုး ထိုးကျလာတာဖြစ်ပြီး စစ်ကောင်စီထိန်းချုပ် ထားတဲ့ နိုင်ငံပိုင်ဘဏ်နှစ်ဘဏ်ကို အမေရိကန်က အရေးယူလိုက်တာကြောင့်လည်း ငွေတန်းဖိုး ကျသွားခဲ့ပါတယ်။

ဒါ့အပြင်မြန်မာနိုင်ငံက အဓိက ငွေအလွှဲအပြောင်းလုပ်နေတဲ့ စင်ကာပူနိုင်ငံအခြေစိုက် United Overseas Bank UOB ဘဏ်က မြန်မာဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတာကို ရပ်ဆိုင်းလိုက်တာကြောင့်လည်း ငွေတန်ဖိုး ထပ်ကျပါတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းနေချိန်မှာ ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေတာနဲ့ စာရင်းရှင်းလင်းတာ ဆောင်ရွက်နိုင်တဲ့ ငွေကြေးအဖြစ် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က သတ်မှတ်ကြေညာတာကြောင့်လည်း ဘတ်ငွေ တန်ဖိုး ပိုမာလာတာပါ။

ဩဂုတ်လ ၁၅ရက်နေ့မှာတော ငွေလဲနှုန်းဟာ မြန်မာကျပ်ငွေတစ်သိန်းကို ထိုင်းဘတ် ၉၉၅ သို့ ရောက်သွားတာလည်း ဖြစ်ပါတယ်။ ဩဂုတ်လ ၁၉ ရက်မှာဆိုရင် ထိုင်းဘတ်ငွေ တစ်ဘတ်ကို မြန်မာကျပ် ၁၀၈ကျပ်အထိ ဖြစ်လာပါတယ်။

ဘတ်ငွေတန်ဖိုးတက်တာ၊ ရေဘေးကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာတွေကြောင့် ထိုင်းနိုင်ငံကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေဟာလည်း ဈေးနှုန်းခုန်တက်နေပါတယ်။

……………………………………

ရွှေဈေး သိန်း ၄ဝနားကပ်လာ

တစ်ရက်ထက် တစ်ရက်တက်လာတဲ့ ရွှေဈေးဟာ ဩဂုတ်လ ၁၈ ရက်မှာ တစ်ကျပ်သားကို ကျပ်သိန်း ၄၀ နား ကပ်လာပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့မှာ ရွှေတစ်ကျပ်သားကို ကျပ် တစ်ဆယ့်ကိုးသိန်းလေးသောင်းကျော်အထိ ရှိခဲ့တာပါ။ ဩဂုတ်လ ၁၅ ရက်နေ့ကဆိုရင် ကျပ် သုံးဆယ့်ခုနစ်သိန်းနှစ်သောင်းကျော်ပဲ ရှိခဲ့တာဖြစ်လို့ သုံးရက်အတွင်း ကျပ်နှစ်သိန်းကျော် ခုန်တက်သွားတာပါ။

ဒေါ်လာဈေးကလည်း တစ်ဒေါ်လာကို မြန်မာကျပ်ငွေ လေးထောင်နားအထိ ကပ်လာနေသလို ထိုင်းဘတ်ငွေ ဈေးကလည်း ခုန်တက်နေတာဖြစ်ပါတယ်။

……………………………………

ဖားကန့်မှာ မြေပြိုလို့ လူ ၄ဝနီးပါးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်ထဲမှာ မြေပြိုကျတာကြောင့် လူ ၄၀ နီးပါးပျောက်ဆုံးနေတဲ့ အထဲက ၃၀ ကျော်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားပါတယ်။

ဖားကန့်မြို့နယ်ထဲက မနကျေးရွာက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ဩဂုတ်လ ၁၃ရက်နေ့က ရေကန်ကြီးထဲကို ပေရာချီမြင့်တဲ့ ကမ်းပါးမြေပြိုကျပြီး လှိုင်းလုံးကြီးတွေရိုက်ပုတ် ဆွဲယူတာကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ ရွှေမျောရှာသူတွေ နစ်မြုပ်ပျောက်ဆုံး ကုန်တာပါ။ 

ဩဂုတ်လ ၁၆ရက်အထိ ရုပ်အလောင်း ၃၀ ကျော်တွေ့ရှိပြီး ပျောက်ဆုံး၊ သေဆုံးသူတွေဟာ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတွေနဲ့ ကချင်၊ ရခိုင်ပြည်နယ်တွေက ဖြစ်တယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီဖြစ်ရပ်မှာ မြေစာပုံကို မိုးရေစိမ့်ဝင်ပြီး ပြိုကျသွားတာဖြစ်နိုင်လို့ သုံးသပ်မှုတွေရှိပါတယ်။ ကျောက်စိမ်းတူးဖော်ခွင့်ရ ကုမ္ပဏီတွေ မိုးကာလ လုပ်ငန်းရပ်နားထားချိန်မှာ ရေမဆေးကျောက်ရှာနေကြတာဖြစ်ပါတယ်။

……………………………………

အနည်းဆုံး လူငါးသောင်း ရေဘေးဒဏ်သင့်တယ်

တိုင်းနဲ့ ပြည်နယ်တချို့မှာ အနည်းဆုံး လူငါးသောင်းကျော် ရေဘေးဒဏ်သင့်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ စာရင်းတွေအရ သိရပါတယ်။

ပဲခူး၊ ကရင်၊ မွန်နဲ့ တနင်္သာရီတွေက မြို့နယ် ၁၆ ခုမှာ ရေဘေးသင့်သူ အနည်းဆုံး ငါးသောင်းရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ပါတယ်။ လူသုံးသောင်းကျော်ကိုတော့ ရေဘေးလွတ်ရာ ယာယီစခန်းတွေကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၇ရက်နဲ့ ၈ရက်နေ့တွေမှာ ရခိုင်ပြည်နယ်က မြို့နယ်ငါးခုမှာ ရေဘေးသင့်ခဲ့ပြီး လူတွေကို ဘေးကင်းရာဆီသို့ ယာယီရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်စခန်းက အိမ်ခြေ လေးရာလောက်လည်း ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

ရက္ခိုင့်တပ်တော် AA ကတော့ ရခိုင်က မြို့နယ် ခုနစ်ခုမှာ ရေဘေးကြောင့် အရပ်သားခြောက်ဦး သေဆုံးခဲ့ရပြီး ရေဘေးသင့်သူတွေ အရေးပေါ်အကူအညီတွေ လိုအပ်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆိုရင် အသက် ၂နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။ ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်က စပါးနဲ့သီးနှံစိုက်ခင်းများစွာ ရေလွှမ်းပြီးပျက်စီးတယ်လို့လည်း ဆိုပါတယ်။

……………………………………

စစ်ကောင်စီငွေစာရင်း ဘင်္ဂလားဒေ့ရှ်ထိန်းချုပ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ကုန်သွယ်ဘဏ်ဖြစ်တဲ့ Sonali ဘဏ်ဟာ မြန်မာစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံတော်ပိုင်ဘဏ်ကြီးနှစ်ခုရဲ့ ငွေစာရင်းတွေကို ပိတ်ပင်ထိန်းချုပ်လိုက်ပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တွေကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့လိုက်ပြီး အဲဒီဘဏ်နှစ်ခုနဲ့ ငွေလွှဲတာတွေ မလုပ်ဖို့လည်း သတိပေးထားပါတယ်။

အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု လိုက်နာတဲ့အတွက် Sonali ဘဏ်ကလည်း နှစ်ဘဏ်ပေါင်း အမေရိကန်ဒေါ်လာသန်းတစ်ရာကျော်ရှိတဲ့ မြန်မာဘဏ်နှစ်ခုရဲ့ ငွေစာရင်းတွေကို ထိန်းချုပ်လိုက်တာလို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံအခြေစိုက် United Overseas Bank (UOB) ကလည်း မြန်မာဘဏ်တွေနဲ့ လုပ်ငန်းချိတ်ဆက် လုပ်ကိုင်နေတာတွေ အားလုံးကို ရပ်ဆိုင်းထားပါတယ်။

……………………………………

နေပြည်တော်အနီးရောက်တဲ့ တိုက်ပွဲ

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်နဲ့ မိုင်းအနည်းငယ်ပဲဝေးတဲ့ ပျဉ်းမနားမြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဩဂုတ်လ ၁ဝကနေ စတင်တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်အထိ တိုက်ပွဲခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ဆိုပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကို သံတောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့ NTDF နဲ့ ရှမ်း/တောင်ဖယ်ခုံ သစ်ကြိတ် (1004) PDF တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ လေကြောင်းကနေ ပြန်လည်တိုက်ခိုက်လို့ ဘို့မအထက်ကျေးရွာမှာ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

……………………………………

ထောင်ပြောင်းတဲ့ယာဉ်တန်းမိုင်းဆွဲခံရလို့ နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်ကနေ မန္တလေးနဲ့ မြင်းခြံအကျဉ်းထောင်တွေကို ပြောင်းရွှေ့တဲ့ယာဉ်တန်း မိုင်းဆွဲခံရလို့ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်က ကားငါးစီးနဲ့ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်ကို တင်ဆောင်ပြီး ဩဂုတ်လ ၁၅ ရက်နေ့က ထောင်ပြောင်းရွှေ့ချိန် မုံရွာအထွက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာပါ။ နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ယောက်တစ်တွဲ ခြေကျင်းခတ်ပြီး တင်ဆောင်လာတာလို့ ဆိုပါတယ်။

မိုင်းဆွဲခံရတာကြောင့် နိုင်ငံရေးအကျဉ်းသား ဆရာဝန် ဒေါက်တာ ဇော်ထွယ်အောင်နဲ့ ကားသမား သေဆုံးပြီး နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၃၀လောက်လည်း ဒဏ်ရာရတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။ 

ကချင်လူမျိုးဖြစ်တဲ့ ဒေါက်တာဇော်ထွယ်အောင်ဟာ စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်တွေကို ဆေးကုသပေးလို့ ဖမ်းဆီးထောင်ချခံထားရသူဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်တာကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ အခုလို နိုင်ငံရေးအကျဉ်းသားတွေ ထိခိုက်မှုအပေါ် ဝေဖန်ပြစ်တင်မှုတွေလည်း ရှိနေပါတယ်။

……………………………………

အာဏာသိမ်းကာလအတွင်း အလုပ်ထုတ်ခံရမှုမြင့်တက်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကာလအတွင်း အလုပ်ထုတ်ခံရမှု မြင့်တက်လာတယ်လို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြပါတယ်။

အလုပ်ထုတ်ခံရမှု ၄၁ ရာခိုင်နှုန်းမြင့်တက်လာပြီး အလုပ်အကိုင်ရပ်စဲခံရမှု ၂၃ ရာခိုင်နှုန်းကျော်၊ အလုပ်ကနေ နုတ်ထွက်တာ ၂၂ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ ဩဂုတ်လ ၁၁ ရက်က ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြပါတယ်။

အလုပ်အကိုင်ရပ်စဲခံရသူ၊ အလုပ်ထုတ်ခံရသူတွေရဲ့ ၂၉ ရာခိုင်နှုန်းလောက်ကပဲ ဥပဒေအရ ပြဋ္ဌာန်းထားတဲ့ အလုပ်ထုတ်နစ်နာကြေးကို ရရှိကြတယ်လို့လည်း ILO က ဆိုပါတယ်။

……………………………………