ထားဝယ်တွင် တစ်လအတွင်းဆန်နှင့်ဆီဈေး ဆက်တိုက်တက်

0
1429

ထားဝယ်တွင် ဇူလိုင်လ တတိယအပတ်မှစပြီး ဩဂုတ်လ ၁၉ရက်နေ့အထိ ဆန် နှင့်ဆီဈေးနှုန်း ဆက်တိုက်တက်နေသည်။

မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးတွင် ဇူလိုင်လတတိယပတ်မှ ဩဂုတ်လ ဒုတိယပတ်အတွင်း စပါးလက်ကျန်နည်းလာပြီ အဝယ်များနေခြင်းကြောင့် ဩဂုတ်လ အတွင်းဆန်ဈေးတက်နေခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၏ အချက်အလက်များအရသိရသည်။

ရွှေဘိုပေါ်ဆန်းမှာ ရွှေဘို ဒေသတစ်ခုတည်းမှသာဝင်ရောက်ပြီး လက်ကျန်နည်းခြင်းနှင့် လှောင်သမားများထံမှ ဝယ်ယူရခြင်းတို့ကြောင့် ရန်ကုန်ဈေးကွက်တွင်လည်း ဈေးတက်နေကြောင်း ပြည်တွင်းသတင်းဌာနများတွင် တွေ့ရသည်။

ရန်ကုန်ဈေးကွက်တွင် ဇူလိုင် ၂၁ ရက်မှ ဩဂုတ်လ ၁၉ ရက်နေ့အထိ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၉၅၀၀၀ ကျပ်မှ ၁၃၀၀၀၀ အထိဈေးတက်သွားသည်ကို မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၏ အချက်လက်များအရ သိရသည်။

ယင်းကြောင့် အဆိုပါဒေသမှ ဝယ်ယူရောင်းချသည့် ဆန်အမျိုးအစားများမှာ ထားဝယ်မြို့တွင် ဆက်တိုက်တက်နေခြင်းဖြစ်သည်။

ဇူလိုင်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ ထားဝယ်ဈေးကွက်တွင် အကယ်ဒမီ ဆန်ကြမ်း(ရက်၉၀) ၂၄ ပြည်တစ်အိတ်လျှင် ၈၁၀၀၀ ကျပ်မှ ၉၂၀၀၀ကျပ်၊ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၂၃၀၀၀ကျပ်မှ ၁၅၉၅၀၀ကျပ် အထိ ဆန်တစ်အိတ်လျှင် တစ်လအတွင်း ဆယ်ရာခိုင်နှုန်းမှ သုံးဆယ်ရာခိုင်နှုန်းအထိ ဈေးတက်သွားခြင်းဖြစ်သည်။

ထားဝယ်ဒေသရှိ အခြေခံလူတန်းစားများ အများဆုံးစားသုံးလေရှိသည် အကယ်ဒမီအစိမ်းရောင် အမျိုးအစားမှာ ၁၀၂၀၀၀ကျပ်မှ ၁၂၆၅၀၀ကျပ်ဖြစ်သွားသည်။

“နောက်လကျရင်တော့ ဈေးနည်းတဲ့ ‌ဆန်ပြောင်းစားမှပဲ ရတော့မယ်”ဟု ထားဝယ်ဒေသမှ အိမ်ရှင်မတစ်ဦးကပြောသည်။

ရန်ကုန်ဘက်က ဝယ်ယူရောင်းချသည့် ဆန်ဈေးတက်သည့်အပြင် ထားဝယ်ထွက် ဆန်များဖြစ်သည့် ထောပတ်သီး တံဆိပ်နှင့် နန်းတော်ဦးတံဆိပ် ဆန်တစ်အိမ်လျှင် ယခင်လ က ၃၆၀၀၀ ကျပ်သာရှိရာမှာ ယခုလ ၄၂၀၀၀ ကျပ်အထိဖြစ်လာသည်ဟု ထားဝယ်မြို့ရှိ ဆန်ကုန်သည်တစ်ဦးကပြောသည်။

“ထောပတ်သီးက လောင်းလုံးဘက်က ထွက်တယ်ပေါ့နော် နန်းတော်ဦးကတော့ ထားဝယ်ဆန်လို့ ပြောပေမယ့် ရန်ကုန်ဆန်တွေနဲ့ ရောပြီးတော့ ပြန်ရောင်းတာ”ဟု ၎င်းကပြောသည်။

ထားဝယ်တွင် ဆန်ဈေးတက်သည့်အပြင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသုံးဆီဈေးနှုန်းမှာလည်း အတက်ကြမ်းလျက်ရှိသည်။

ထိုင်းနိုင်ငံမှတင်သွင်းသည့် ယိုးဒယားပါကင်ဆီခေါ် စားအုန်းဆီ ပုံးဝါတစ်ပုံးလျှင် ဇူလိုင် လ ၂၁ ရက်နေ့က ၇၁၀၀၀ ကျပ်သာရှိရာမှာ ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့တွင် ၈၈၀၀၀ ကျပ်ခန့်ဖြစ်သွား သည်။

ဒါအပြင် ပုဇွန်နှစ်ကောင်တံဆိပ် စားသုံးဆီ ၁ လီတာတစ်ဘူးလျှင် ဇူလိုင်လ ၂၁ ရက်နေ့က ၄၅၀၀ ကျပ်သာရှိရာမှာ ယနေ့ဩဂုတ်လ ၁၉ ရက်နေ့တွင် ၅၅၀၀ကျပ်၊ ပဲလုံးတံဆိပ်ဆီ ၁ လီတာတစ်ဘူးလျှင် ၅၄၀၀ ကျပ်မှ ၆၀၀၀ ကျပ် အထိ ဈေးတက်လျက်ရှိသည်။

“အဓိကတော့ ဘတ်ဈေးပဲ ဘတ်ဈေးဒေါ်လာဈေးကြောင့်ပဲ တက်နေတာ” ဟုထားဝယ်မြို့ရှိ ကုန်ခြောက်ပွဲရုံ ပိုင်ရှင်တစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၁ ရက်နေ့က ပြင်ပငွေလဲနှုန်းမှာ ထိုင်းငွေတစ်ဘတ်ကို မြန်မာငွေ ၈၈ ကျပ်ကျော်မှ ဩဂုတ်လ ၁၉ ရက်နေ့တွင် ၁၀၈ ဘတ်ကျော်အထိတက်သွားပြီး ၊ဒေါ်လာဈေးမှာ ၃၁၃၃ ကျပ်မှ ယနေ့ ၃၉၄၆ ကျပ်အထိဖြစ်လာသည်။

နိုင်ငံခြားငွေ မာနေသရွှေ့ သွင်းကုန်ပစ္စည်းများဈေးကျဖို့ မဖြစ်နိုင်ကြောင်းလည်း အထက်ပါ လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။