ပွဲတိုင်း ဂိုးသွင်းသည့် မက်ဆီ၏စံချိန်နှင့်အတူ အင်တာမီယာမီအသင်း ပထမဆုံးအကြိမ် ဆုဖလားရရှိ

0
1631
Photos - Inter Miami Twitter

အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းသည် မက်ဆီ ပါဝင်ကစားသည့်ပွဲစဉ်တိုင်းတွင် အနိုင်ရရှိသည့်စံချိန်နှင့်အတူ အသင်းသမိုင်းကြောင်းတလျှောက်၌ ပထမဆုံးသောဆုဖလားကို ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်သည်။

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်သော အင်တာမီယာမီအသင်းသည် လိဂ်ဖလားဗိုလ်လုပွဲတွင် နတ်ရှ်ဗီးလ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဆုဖလားကို ရရှိသွားခဲ့ခြင်းဖြစ်သည်။

အင်တာမီယာမီအသင်းသည် ပွဲအစ ၂၃ မိနစ်ကတည်းကပင် မက်ဆီ သွင်းယူပေးသောဂိုးနှင့်အတူ နတ်ရှ်ဗီးလ်ကို ဦးဆောင်ထားနိုင်ခဲ့ပြီး အဆိုပါသွင်းဂိုးကြောင့် မက်ဆီမှာ အင်တာမီယာမီအသင်းအတွက် ပါဝင်ကစားပေးထားသောပွဲစဉ်တိုင်း၌ ဂိုးသွင်းယူပေးနိုင်သည့်စံချိန်တစ်ခုကိုလည်း ရရှိသွားခဲ့သည်။

နတ်ရှ်ဗီးလ်သည် ပွဲချိန် ၅၇ မိနစ်သို့အရောက်တွင် ချေပဂိုး ပြန်သွင်းလိုက်နိုင်သည့်အတွက် သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးချိန်၌ တစ်ဖက်နှင့် တစ်ဖက် တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်လာခဲ့ပြီး သာမန်ပွဲကစားချိန်ပြီးဆုံးသွားသည့်အခါ၌ အချိန်ပို ဆက်လက်မကစားတော့ဘဲ ပင်နယ်အဆုံးအဖြတ် တိုက်ရိုက်ကန်သွင်းစေခဲ့ခြင်းလည်းဖြစ်သည်။

ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာတွင် ဂိုးသမားများ ကန်သွင်းရသည်အထိ တစ်ဖက်နှင့် တစ်ဖက် ၁၁ လုံးစီ အပြိုင်ကန်ခဲ့ရကာ အင်တာမီယာမီက တစ်လုံးသာ လွဲချော်ခဲ့ပြီး နတ်ရှ်ဗီးလ်မှာ နှစ်လုံးလွဲချော်သွားခြင်းကြောင့် အဆုံးသတ်၌ မက်ဆီ ဦးဆောင်သော အင်တာမီယာမီအသင်းက ပင်နယ်တီအဆုံးအဖြတ် ၁၀ ဂိုး ၉ ဂိုးဖြင့် အနိုင်ရကာ ချန်ပီယံဖြစ်သွားခဲ့ခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျလိဂ်တွင် အယ်လ်နတ်စ်ဆာကို ဦးဆောင်နေသော စီရော်နယ်ဒိုက အယ်လ်နတ်စ်ဆာအတွက် အသင်းသမိုင်းတလျှောက် ပထမဆုံးသော အာရပ်ကလပ်ချန်ပီယံဖလား ဆွတ်ခူးနိုင်စေရန် စွမ်းဆောင်ပေးခဲ့ပြီးနောက် ရက်အနည်းငယ်အကြာ၌ပင် မက်ဆီကလည်း ၎င်း၏အသင်းသစ် အင်တာမီယာမီအတွက် ယခုကဲ့သို့ အသင်းသမိုင်းကြောင်းတလျှောက် ပထမဆုံးသောဆုဖလားကို ရယူပြလိုက်ခြင်းဖြစ်သည်။