❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၆) ❞

0
1735

ကိုယ်တို့ခေတ် အစဉ်အလာကြီးမားတဲ့ ပွဲတော်တွေအထဲက ဒီနေ့အထိ မှတ်မှတ်ထင်ထင် ရှိနေတဲ့ ဘုရားပွဲတော်ကြီး တစ်ခုရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း စာသင်ကျောင်းတွေ အတန်းတင် စာမေးပွဲဖြေဆိုပြီးချိန် နွေရာသီ ကျောင်းပိတ်ရက်တွေဖြစ်တဲ့ တပေါင်းလဆန်း(၉)ရက်နေ့ကစလို့ တပေါင်းလ ပြည့်နေ့အထိ (၇)ရက်တိုင်တိုင် ကျင်းပလေ့ရှိတဲ့ ဘုရားပွဲတော်ကြီးပါ။

ပွဲတော်ကျင်းပတဲ့ရွာက မြို့နဲ့ သိပ်မဝေးလှဘဲ မြစ်ကမ်းနံဘေး ကပ်လျှက်ရှိတဲ့ ရွာလေးပါ။ ကိုယ်တို့ရွာနဲ့တော့ အတော်လှမ်းပါသေးတယ်။ ကားနဲ့သွားရင် တစ်နာရီကျော်ကျော်ခရီး၊ လှည်း နဲ့သွားရင် နေ့တစ်ဝက်ခရီးလောက် ရှိပါတယ်။

ပထမဆု နွားမတမ်းလေးတစ်ကောင်နဲ့ ဘုရားဆင်းတုတော်တစ်ဆူဆိုတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ ကံစမ်းမဲမျိုးကို ရောင်းလေ့ရှိသလို နိုင်ငံတဝှမ်းက လက်ဝှေ့အကျော်အမော်တွေ လာရောက် ယှဉ်ပြိုင်ထိုးသတ်ကြတဲ့ လက်ဝှေ့ပွဲလည်းရှိလေတော့ ဒေသတွင်းမှာ လူသိများတဲ့ နာမည်ကျော်ပွဲတော်ကြီး တစ်ခုပါ။ တနည်းပြောရရင် လက်ဝှေ့ပွဲနဲ့ တွဲပြီးမြင်လေ့ရှိတဲ့ ပွဲတော် လို့လည်း ဆိုနိုင်ပါတယ်။ ကိုယ်တို့တွေအတွက်တော့ တစ်နှစ်စာ အသစ်အဆန်းတွေကို တွေ့ကြုံ ရမယ့် ပွဲတော်ကြီးပေါ့။

ပွဲတော်မကျင်းပခင် လနဲ့ချီပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေထားခြင်း၊ ပွဲတော်ကျင်းပ နေချိန်အတွင်း မော်တော်ကားပေါ် ဆိုင်းဝိုင်းတင်ပြီး ဒေသတစ်ခုလုံးကို ဗိန်းမောင်းတီး ကြေညာခြင်း (ကိုယ်တို့ရွာတွေအထိ ရောက်ပါတယ်။) တို့ကြောင့် နေ့ရော ညပါ လူစည်းကားတဲ့ ပွဲတော်ကြီး ဖြစ်ပါတယ်။

ပွဲတော်အစရက်တွေမှာ အနီးပတ်ဝန်းကျင်ရွာများက ဆရာတော်သံဃာတော်တွေကို ညအိပ်ညနေ ပင့်ဖိတ်ကာ ပဋ္ဌာန်းတရားရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းခြောက်လောင်းလှူပွဲတွေကို လုပ် ကြပါတယ်။ ကြွရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကို ရွာခံအိမ်တွေက မဟာဒုတ်ဆွမ်း ကပ်လှူကြတာကြောင့် အိမ်တိုင်းမှာ သံဃာတော်တွေအပြင် အသိမိတ်ဆွေဧည့်သည်တွေနဲ့ စည်ကားနေတတ်ကြပါတယ်။

ဘုရားပွဲလာကြသူတွေဟာ မိမိတို့ရပ်ရွာက အဆင်ပြေရာ လှည်း၊ လှေ၊ မြင်းလှည်း၊ ကား၊ စက်ဘီး၊ ဆိုင်ကယ်တွေနဲ့ သွားကြလာကြတာပေါ့။ ကိုယ်တို့ရွာသူရွာသား အများစုကတော့ အတော်လေး လှမ်းတဲ့အတွက် အုပ်စုဖွဲ့ပြီး ကားငှားသွားကြတာ များပါတယ်။ အမျိုးရင်းရှိလို့ ရက်အတန်ကြာ နေကြမဲ့သူတွေက လှည်းနဲ့သွားကြတာမျိုးလဲ ရှိကြပါတယ်။ ကိုယ်တို့လူငယ် တွေကတော့ ပွဲတော်မပြီးမချင်း အခေါက်ခေါက်အခါခါ သွားလိုက်ပြန်လိုက်ပေါ့။

လက်ဝှေ့ရုံကို ဓနိမိုး၊ ထရံကာနဲ့ ဆောက်လုပ်ထားပါတယ်။ ရိုးရိုးတန်း ပရိသတ်သတ်အတွက် ဝါးလုံးတွေကိုခင်းကာ စင်ထိုးပေးထားပြီး အထူးတန်းပရိသတ်တွေအတွက် ကုလားထိုင်များကို ခင်းပေးထားပါတယ်။

ပွဲကြီးပွဲကောင်းဖြစ်လာလို့ ပရိသတ်ရဲ့အားပေးမှု ပြင်းထန်လာရင် လက်ဝှေ့ရုံ ပွင့်ထွက်သွား တာမျိုး၊ စင်ပြိုကျသွားတာမျိုး၊ အထူးတန်းနဲ့ ရိုးရိုးတန်း ရောနှောသွားတာမျိုးကို(ရောနှောအောင် အတင်းတိုးဝင် ခိုးဝင်ကြတာမျိုးလည်း ရှိပါတယ်။) နှစ်တိုင်းနီးပါး ကြားရကြုံရလေ့ ရှိပါတယ်။ တစ်ခါတစ်ရံ ပရိသတ်အားပေးမှု များပြားလွန်းတာကြောင့် လက်ဝှေ့ပွဲကို နေ့ပွဲညပွဲခွဲပြီး ပြတာမျိုး လည်း ရှိတတ်ပါတယ်။

မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က အသိအမှတ်ပြု တံခွန်စိုက်ဆုတွေ ချီးမြှင့်လေ့ရှိတဲ့ လက်ဝှေ့ပွဲကြီး ဖြစ်ပါတယ်။ နယ်ခံလက်ဝှေ့သမားများသာမက ရန်ကုန်၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်အစရှိတဲ့ နိုင်ငံတဝှမ်းက ထင်ရှားတဲ့ လက်ဝှေ့အကျော်အမော်များ အလျဉ်းသင့်သလို လာရောက် ယှဉ်ပြိုင်ထိုးသတ် ကြပါတယ်။

ဒီဘုရားပွဲတော်မှာ ကြည့်ခဲ့ဖူးတဲ့ လက်ဝှေ့သမားတွေအထဲက သမန်းကျား၊ ရွှေဝါထွန်း၊ ထားဝယ်ဝင်းနိုင်၊ ရွှေဓူဝံ၊ ဝမ်ချိုင်း အစရှိတဲ့ ခေတ်အဆက်ဆက် လက်ဝှေ့သမားတွေကို ဒီနေ့ အထိ မှတ်မိနေပါသေးတယ်။ နယ်ခံလက်ဝှေ့သမားထဲမှာ မောင်မယ်ရှောင်ကြည်ဝင်းဟာ သူခေတ်သူ့အခါက ရေပန်းစားသူတစ်ယောက် ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ နာမည်ကျော်တဲ့ တွေ့မရှောင် (နယ်ခံလို့ ထင်ပါတယ်) လည်း ဒီဘုရားပွဲတော်မှာ ထိုးသတ်ဖူးခဲ့ပါတယ်။

စိတ်ဝင်စားစရာ နောက်ပွဲတစ်ခုကတော့ မျောက်ပွဲဖြစ်ပါတယ်။ မျောက်တွေကို လူလို ဝတ်ဆင် လိမ်းခြယ်ပေးထားပြီး အသံချဲ့စက်ကဖွင့်တဲ့ သီချင်း၊ ဇာတ်လမ်းတွေအတိုင်း ကပြ သရုပ်ဆောင်နေတာကို ရုံဝင်ကြေးပေးပြီး ကြည့်ရတာပါ။ ငယ်ရွယ်သူတွေ ဆိုတော့လည်း မျောက်တွေက လူတွေလို ဇာတ်လမ်းဇာတ်ကွက်အတိုင်း ငိုဆိုငို ရယ်ဆိုရယ် သရုပ်ဆောင်နေ တာကိုကြည့်ပြီး တအံ့တသြ ဖြစ်ခဲ့ရတာပေါ့။ အရင်က ဒီလိုမျောက်ပွဲတွေကို နေရာအတော် များများမှာ တွေ့နိုင်ပေမဲ့ အခုခေတ်မှာ သိပ်မတွေ့ရတော့ဘူး ထင်ပါတယ်။

အထက်မြို့တွေက နာမည်ကျော် ဆပ်ကပ်အဖွဲ့တွေလည်း ဒီဘုရားပွဲတော်ကို လာကြပါ တယ်။ မိန်းကလေးတစ်ယောက်က ကြိုးတန်းပေါ်မှာ တစ်ဘီးတည်းရှိတဲ့ စက်ဘီးကို စီးပြတာ မျိုး၊ အုပ်စုလိုက် ခုန်ပျံကျော်လွှား နေကြတာမျိုး၊ စင်ပေါ်မှာ ဆင်တွေ မြင်းတွေက လူတွေခိုင်း သမျှ လုပ်နေကြတာတွေဟာ ကိုယ်တွေအတွက်တော့ တကယ့်ကိုရင်သပ်ရှုမော စရာတွေပါပဲ။

တစ်ခါတလေ ရုံဝင်ခပေးပြီးကြည့်ရတဲ့ မျက်လှည့်ပွဲမျိုးရှိသလို ပိုက်ဆံပေးစရာ မလိုပေမဲ့ ပရဆေး၊ အဆောင် လက်ဖွဲ့တွေ ရောင်းတဲ့ မြေဝိုင်းမျက်လှည့်ပွဲမျိုးကိုလည်း ကြည့်ရလေ့ရှိပါ တယ်။

ထုံးစံအတိုင်း ပိုက်ဆံမကုန်ဘဲ မိုးအလင်းကြည့်ရတဲ့ အဓိကဖျော်ဖြေရေးကတော့ ဇာတ်ပွဲ ပဲပေါ့။ ကိုယ်တို့ခေတ်မှာ ပြည်သူလူထုနဲ့ အနီးစပ်ဆုံး ဖျော်ဖြေရေးဆိုလို့ ဇာတ်ပွဲပဲ ရှိတယ်လေ။

နေ့ခင်းဘက်မှာ လက်ဝှေ့ပွဲ၊ မျောက်ကပွဲတွေကို ကြည့်နိုင်ပြီး ညဘက်မှာတော့ ဇာတ်ပွဲ၊ ဆပ်ကပ်ပွဲတွေ ကြည့်နိုင်ပါတယ်။ ရောင်စုံမီးတွေ အလှဆင်ထားတဲ့ လူကြီးစီး ကလေးစီး ချားရဟတ်တွေ ရှိပါတယ်။ ပိုက်ဆံပေးရတဲ့ ကလေးကစားတဲ့ ကစားနည်းပေါင်းစုံကိုလည်း တွေ့ရပါတယ်။ (ပိုက်ဆံပေးရတဲ့ လူကြီးကစားနည်း ပေါင်းစုံကိုတော့ သီးခြားရေးသားပါဦးမယ်။)

နယ်ခံတွေရော နိုင်ငံအနှံ့ကပါ ပွဲဈေးရောင်းသူတွေ လာရောက်ရောင်းချတဲ့ ပွဲဈေးတန်း ဖြစ်လေတော့ အသီးအနှံမျိုးစုံ၊ အစားအသောက်မျိုးစုံ လူသုံးကုန်ပစ္စည်းမျိုးစုံသာမက လယ်ယာ သုံး ပစ္စည်းကိရိယာတွေကိုပါ ဝယ်ယူနိုင်တဲ့ နေရာဖြစ်ပါတယ်။

ပွဲဆက်များလို့ အိပ်ငိုက်နေတဲ့ ကောက်ညှင်းကျည်တောက်(က္လယ်မွန်း) ရောင်းသူတွေကို လည်း နေရာခပ်များများမှာ တွေ့ရနိုင်ပါတယ်။ ကောက်ညှင်းကျည်တောက်(က္လယ်မွန်း)ဟာ ဇာတ်ပွဲနဲ့ ခွဲမရတဲ့ အစားအစာတစ်မျိုးပါ။ ရောင်းသူတွေက အများအားဖြင့် အမျိုးသမီးတွေ ဖြစ်ပြီး အဒေါ်ကြီးအရွယ် အပျိုအရွယ်စသဖြင့် အရွယ်မျိုးစုံက တစ်ဆိုင်တစ်ယောက်နဲ့ ပွဲခင်းအနှံ့ တွေ့ရတတ်ပါတယ်။ အမည်အမျိုးမျိုးနဲ့ မုန့်ဟင်းခါး(မုက္လောင်းဆီ) ဆိုင်တွေကလည်း ပေါမှပေါ ပါပဲ။

အရက်၊ ဘီယာကို မီးရောင်အောက်မှာ ဇိမ်ကျကျထိုင်သောက်နိုင်တဲ့ ဆိုင်တွေရှိသလို တောချက်အရက်ကို တောချက်ဟင်းနဲ့ ချောင်ကျကျနေရာလေးမှာ ရေနံဆီမီးခွက်လေး ထွန်းပြီး ရောင်းတဲ့ ဆိုင်မျိုးလည်း ရှိပါတယ်။

ဇွဲ၊ သတ္တိ ဆိုတဲ့ စာလုံးမျိုးကစလို့ အရုပ်မျိုးစုံကို ကိုယ်ပေါ်မှာ ရေးထိုးတဲ့ ဆေးမှင်ကြောင် (Tattoo) ဆိုင်ကတွေတော့ လူငယ်တွေ အစည်ဆုံးနေရာပေါ့။ ပန်းချီရေးဆွဲထားတဲ့ နောက်ခံ ရှုခင်းပုံအမျိုးမျိုးမှာ ဓါတ်ပုံရိုက်နိုင်တဲ့ ဓါတ်ပုံဆိုင်ကိုလည်း တွေ့ရပါတယ်။

ဘုရားပွဲလာတဲ့ ကိုယ်တို့ကတော့ ပွဲခင်းထဲလျှောက်လိုက် ညောင်းလာရင် ရွာကလူစုပြီး ငှားလာတဲ့ ချက်ဘလက်ကာကြီးရဲ့ ခေါင်းမိုးပေါ်မှာ သွားအိပ်လိုက် တရေးနိုးလာရင် ထကြည့် လိုက်နဲ့ မိုးလင်းခါနီး ကားမှာပါလာတဲ့ လူစုံပြီဆိုတော့မှပဲ ရွာပြန်ကြတော့တာပေါ့။

ဒီဘုရားပွဲတော်ကို အခုထိလည်း အစဉ်အလာမပျက် ကျင်းပနေသေးတယ်လို့ သိရပါ တယ်။ အရင်တုန်းကလို ပုံစံမျိုးတော့ မဟုတ်တော့ပါဘူး။ ဖြစ်တည်မှုတွေကလည်း တစ်စတစ်စ ပြောင်းလဲသွားပြီဆိုတော့ သူလည်းပဲ လိုက်ပါပြောင်းလဲရတာပေါ့လေ။

ဧသုနိုင်

ဆက်လက်ဖော်ပြပါမည်။