မြေမြှုပ်မိုင်းအန္တရာယ်ပိုကြီးလာသည့် တောင်ပိုင်းတနင်္သာရီ

0
2115

မြေမြှုပ်မိုင်းဟုဆိုလျှင် တောင်ပိုင်းသားအများစုနှင့် မသက်ဆိုင်သည့် ဝေါဟာရတစ်ခုသာ သတ်မှတ်ထားကြသည်။

တိုင်းအတွင်း နယ်စပ်ဒေသနေ တိုင်းရင်းသားများနှင့်သာ သက်ဆိုင်သည့် အန္တရာယ်တစ်ခုဟု စွဲမှတ်ထားသည်။။

အာဏာသိမ်းပြီးချိန်တွင်မူ စစ်နယ်ပိုကျယ်လာသဖြင့် နယ်စပ်ဒေသနေ တိုင်းရင်းသားများအပြင် မြို့နှင့်အနီးတဝိုက်နေ ပြည်သူများအတွက်လည်း အန္တရာယ်ရနံ့သင်းလာသည်ဟု ဆိုနိုင်သည်။

လက်ရှိအချိန်တွင် တနင်္သာရီတိုင်းအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသည့် အရပ်သားဦးရေ တစ်စတစ်စ များလာသည်။

အဓိကအားဖြင့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲအများဆုံးဖြစ်ပွားနေသည့် ပုလော၊ တနင်္သာရီနှင့် သရက်ချောင်းမြို့နယ်များတွင် အရပ်သားမိုင်းထိသည့်ဖြစ်စဉ် အများဆုံးဖြစ်သည်။

ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် မြေမြှုပ်မိုင်းထိသည့် စာရင်းပြုစုကောက်ယူနေသည့်အဖွဲ့များမရှိသဖြင့် ထိခိုက်သေဆုံးမှု အရေအတွက်ကို မသိရပေ။

သို့သော် Dawei Watch က လက်လှမ်းမီသမျှပြုစုထားသည့် အချက်အလက်များအရ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းမှ ယခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့အထိ မြေမြှုပ်မိုင်းနင်းမိသည့်အကြိမ်ရေ ၇ ကြိမ်ရှိခဲ့သည်။

အဆိုပါ မိုင်းနင်းမိသည့် ၇ ကြိမ်တွင် ပြည်သူ ၂ ဦးသေဆုံးပြီး ၉ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။

ယင်းအရေအတွက်မှာ မီဒီယာတွင် ဖော်ပြထားသည့် အချက်အလက်များအပေါ် အခြေခံထားခြင်းဖြစ်ပြီး မြေပြင်တွင် ယင်းပမာဏထက် ပိုများနိုင်သည်။

ထိုကြောင့်လက်ရှိပဋိပက္ခအခြေအနေတွင် မိုင်းထောင်ထားနိုင်သည့် အခင်းအကျင်း၊ မိုင်းဟုသံသယရှိပါက ဆောင်ရန် ရှောင်ရန် အချက်များကိုသိရှိနိုင်ရန် တနင်္သာရီစစ်ဒေသခွဲ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားအား မေးမြန်းထားချက်ကို ထုတ်နုတ်တင်ဆက်လိုက်သည်။

DW – အခုဆိုရင် မြိတ်ခရိုင်ထဲက ပုလောမြို့နယ်မှာဆိုရင် မြေမြှုပ်မိုင်းနင်းမိလို့ အရပ်သားထိခိုက်မှုတွေ ရှိနေတာပေါ့နော်။ ဆိုတော့ မြိတ်ခရိုင် အပါအဝင် တနင်္သာရီတိုင်းထဲမှာ မြေမြှုပ်မိုင်းနဲ့ပတ်သက်တဲ့အန္တရာယ်တွေက ဘယ်လောက်အထိ ရှိနေလဲ။

ရဲဘော်စတား- မြေမြှုပ်မိုင်းအန္တရာယ်ကတော့ စစ်ကောင်စီဘက်က သွားလာလှုပ်ရှားတတ်တဲ့နေရာတွေ၊ တော်လှန်ရေး အင်အားစုတွေ သွားလာလှုပ်ရှားတတ်တဲ့နေရာတွေမှာတော့ အဲဒီအန္တရာယ်ရှိနိုင်တယ်ပေါ့နော်။ ဆိုတော့ကာကျတော့ တနင်္သာရီတိုင်းမှာဆိုရင်လည်း တစ်တိုင်းလုံးအနေအထားနဲ့ စစ်ကောင်စီကို တွန်းလှန်နေကြတယ်ဆိုတော့ စစ်ကောင်စီဘက်ကလည်း လှုပ်ရှားမှုတွေရှိတယ်။ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း လှုပ်ရှားမှုတွေရှိတဲ့ အခါကျတော့ တစ်တိုင်းလုံးအနေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကလည်း ရှိနေတယ်လို့ ပြောလို့ရတယ်ပေါ့နော်။

DW – သိသလောက်ဆိုရင် မိုင်းနင်းမိတဲ့သူတွေက လယ်ယာလုပ်ငန်းခွင်တို့ ဥယျာဉ်ခြံတို့ကို သွားရာကနေ နင်းမိကြတာပေါ့နော်။ မိုင်းတွေကို ပြည်သူတွေလုပ်ကိုင်စားသောက်တဲ့ နေရာတွေမှာ ထောင်ထားကြတယ်လို့ ပြောနိုင်မလား။ အကို အတွေ့အကြုံအရဆိုရင် ဘယ်လိုနေရာတွေမှာ အတွေ့များတတ်လဲ။ မိုင်းနင်းမိသူစာရင်းကို အကိုတို့အနေနဲ့ မှတ်တမ်းပြုစုထားတာရှိလားခင်ဗျား။

ရဲဘော်စတား – ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေကတော့ စစ်ဆင်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့နေရာမှာ အထူးသဖြင့် အဲဒီလိုမိုင်းတွေထောင်တဲ့နေရာမှာ အများပြည်သူထိခိုက်မှု မရှိတဲ့နေရာတွေကိုပဲ အထူးဦးစားပေးပြီးတော့ ရွေးချယ်ဆောင်ရွက်တာမျိုး ရှိတယ်ပေါ့နော်။

တော်လှန်ရေးအင်အားစုတွေဘက်က အများအားဖြင့် မိုင်းထောင်ကြတဲ့နေရာကတော့ စစ်ကောင်စီဘက်က သွားလာနေတဲ့ နေရာတွေ၊ ပြီးလို့ရှိရင် ထူးခြားတဲ့သတင်းဖြစ်စဉ်တွေအရ လမ်းပိုင်းတွေမှာ မိုင်းထောင်ဖို့ လိုအပ်တယ်ဆိုလို့ရှိရင် လမ်းဘေးတွေမှာ ထောင်တာမျိုးတော့ရှိတယ်။ ဒါပေမဲ့ ထောင်ပြီးလို့ရှိရင် အဲဒီဟာသည် မိုင်းကို ခွဲပစ်လိုက်မျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် ဒီမစ်ရှင်မလုပ်ဖြစ်ဘူးဆိုရင်လည်းပဲ ထောင်ထားတဲ့မိုင်းတွေကိုတော့ ပြန်ဖြုတ်ပါတယ်ဗျ။

နောက်တစ်ခုက မိုင်းထောင်တယ်ဆိုတဲ့နေရာမှာကျတော့ တော်လှန်ရေးအင်အားစုတွေရဲ့စခန်းလုံခြုံရေးအတွက်ပေါ့နော်။ အဲဒါမျိုးတွေ ထောင်ထားတာမျိုးတော့ရှိတယ်။ စခန်းရှိတဲ့နေရာဆိုလို့ရှိရင်တော့ အများပြည်သူ ဝင်ထွက်သွားလာနေတဲ့ နေရာမျိုး မဟုတ်ဘူး။ နောက်တစ်ခုက စခန်းရှိတဲ့ဘက်ကို စစ်တပ်ဘက်က လာမယ်ဆိုလို့ရှိရင် သတင်းအရ သွားပြီးတော့ ထောင်တာမျိုးပဲ ရှိမယ်။ မိုင်းကို ဒီအတိုင်းကြီးထောင်ထားတာမျိုး မဟုတ်ဘူး။ ကျွန်တော်တို့ သုံးတဲ့မိုင်းကျတော့ ရှော့တိုက်မိုင်းတွေ ဖြစ်တဲ့အခါကျတော့ မိုင်းထောင်တဲ့လူ ကိုယ်တိုင်ရှိနေတယ်ဆိုတဲ့ သဘောမျိုးပေါ့နော်။ ဒါကြောင့်မို့ အများပြည်သူသွားလာတယ်ဆိုရင်လည်း ကျွန်တော်တို့က မိုင်းကို အသုံးမပြုဘူး။ စစ်တပ်ဘက်က လာတယ်ဆိုမှ ဒီမိုင်းကို ခွဲတဲ့ပုံစံမျိုးရှိပါတယ်ဗျ။

မိုင်းနဲ့ပတ်သက်ပြီးတော့ အရပ်သားပြည်သူထိခိုက်တဲ့ဟာမျိုးတော့ ကျွန်တော်တို့ မှတ်တမ်းတင်ထားတာမျိုးတော့ မရှိဘူး။ သို့သော်လည်း မြို့နယ်အလိုက်မှာတော့ အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ သိရှိထားတာမျိုးတော့ ရှိနိုင်တယ်။ ကျွန်တော်တို့ဘက်က မှတ်တမ်းတင်တယ်ဆိုတာက ရဲဘော်တွေရဲ့ မိုင်းနဲ့ပတ်သက်တဲ့ ဖြစ်စဉ်လေးတွေကိုပဲ မိုင်းထိတယ် ဒါမှမဟုတ် မိုင်းမတော်တဆ ကွဲမိတာမျိုးရှိတယ်ဆိုရင်တော့ ကျွန်တော်တို့မှာ မှတ်တမ်းတင်ထားတာ ရှိပါတယ်ဗျ။

ပြည်သူတွေအနေနဲ့ကတော့ စစ်ရေးတင်းမာနေတဲ့မြို့နယ်တွေမှာပေါ့နော်။ မြေမြှုပ်မိုင်းနဲ့ပတ်သက်တဲ့ အန္တရာယ်တွေ အသိပညာပေးတဲ့လုပ်ငန်းစဉ်တွေကို သေသေချာချာသိရှိထားဖို့လိုအပ်ပါတယ်။ နောက်တစ်ချက်က မြေမြှုပ်မိုင်းကိုတော့ မသင်္ကာဖွယ်ရာတစ်ခုခုတွေ့တယ်ဆိုလို့ရှိရင် သွားရောက်ကိုင်တွယ်တာမျိုး မလုပ်ဘဲနဲ့ နားလည်တတ်ကျွမ်းတဲ့ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီးတော့ပဲ ရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်သင့်တယ်လို့တော့ ကျွန်တော်မြင်တယ်ပေါ့နော်။

ကျွန်တော်တို့ကာကွယ်ရေးအင်အားစုတွေဘက်ကတော့ မလိုအပ်ဘဲနဲ့ (မိုင်း) မြေမြှုပ်ထားတာမျိုးကို ကျွန်တော်တို့ မလုပ်ဘူး။ လုပ်မယ်ဆိုရင်လည်းပဲ စစ်ဆင်ရေးလိုအပ်ချက်အရပဲ ဆောင်ရွက်တာမျိုးပဲဖြစ်ပြီးတော့ စစ်ဆင်ရေးပြီးဆုံးတာနဲ့ ဒါတွေကို ကျွန်တော်တို့ ပြန်လည်ပြီးတော့ တူးဖော်တယ်။ ပြန်ပြီးတော့ သိမ်းဆည်းတယ်ဆိုတဲ့ဟာမျိုးပဲ ရှိတယ်ပေါ့နော်။ စစ်ကောင်စီဘက်မှာကျတော့ သူတို့မသင်္ကာတဲ့ ဥယျာဉ်ခြံမြေတွေထဲမှာ သူတို့တပ်ရင်းတွေနဲ့ နီးစပ်တဲ့နေရာတွေမှာ အဲဒီနေရာတွေမျိုးမှာတော့ သူတို့အမြဲတမ်းထောင်ထားတတ်တဲ့ဟာတွေမျိုး ကျွန်တော်တို့တွေ့ရတယ်။ တချို့မြို့နယ်တွေမှာဆိုလို့ရှိရင် တပ်ရင်းပတ်ပတ်လည် ဥယျာဉ်ခြံမြေတွေထဲမှာ မိုင်းတွေထောင်ထားတာပေါ့နော်။ အဲဒါကိုမသိဘဲ ဥယျာဉ်ခြံထဲကိုသွားလာနေတဲ့ တိရစ္ဆာန်တွေ၊ တချို့လူပုဂ္ဂိုလ်တွေကတော့ မိုင်းထိတယ်ဆိုတဲ့ သတင်းမျိုးကိုလည်း ကျွန်တော်တို့ ကြားထားတာရှိတယ်ဗျ။

DW – စစ်တပ်က အာဏာမသိမ်းခင်ကရော တိုင်းထဲကမြေမြှုပ်မိုင်း အခြေအနေက ဘယ်လိုရှိလဲ။

ရဲဘော်စတား – အာဏာမသိမ်းခင်ကာလတုန်းကဆိုရင်တော့ မြေမြှုပ်မိုင်းသည် နယ်စပ်ဒေသဘက်မှာရှိတယ်လို့ ကျွန်တော်တို့ သိထားရတာပေါ့နော်။ အခုချိန်လည်း ရှိသေးတယ်ဆိုတဲ့အခါကျတော့ နယ်စပ်ဒေသတွေမှာ ပြီးတော့ ရန်သူစစ်ကြောင်းတွေ သွားလာတတ်တဲ့နေရာတွေမှာကတော့ အဲဒီနယ်စပ်ဘက်တွေမှာကတော့ အဲဒီမိုင်းတွေ ရှိနိုင်ပါတယ်ဗျ။

DW – မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အဓိက ဆောင်ရန် ရှောင်ရန် အချက်တွေက ဘာတွေဖြစ်မလဲ။

ရဲဘော်စတား – ပြည်သူတွေအနေနဲ့ကတော့ စစ်ကောင်စီဘက်က အမြဲတစေသွားလာနေတတ်တဲ့ လမ်းတွေပေါ့နော်။ တောထဲမှာ သွားနေတဲ့လမ်းတွေမှာ ကိုယ်သွားနေကြမဟုတ်ဘူးဆိုလို့ရှိရင်တော့ အဲဒီနေရာတွေကို မသွားသင့်ဘူးပေါ့နော်။ အဲဒါလေးကတော့ သတိထားရမယ့်အချက်လို့ပဲ ကျွန်တော့်အနေနဲ့ ပြောချင်တယ်။

DW – မိုင်းအန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး တနင်္သာရီစစ်ဒေသခွဲအနေနဲ့ ဘာတွေလုပ်ဆောင်နေလဲ။

ရဲဘော်စတား – မြေမြှုပ်မိုင်းနဲ့ပတ်သက်တဲ့ အသိပညာပေးတဲ့လုပ်ငန်းစဉ်တွေအနေနဲ့ကတော့ ကျွန်တော်တို့ကာကွယ်ရေး ဘက်ကဆိုတာထက်ကို NUG ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေပေါ့နော်။ အုပ်ချုပ်ရေးအဖွဲ့တွေ ဒေသတွင်းမှာရှိနေတဲ့ စေတနာ့ ဝန်ထမ်းအဖွဲ့တွေကနေပြီးတော့ ပြည်သူလူထုကို အသိပညာပေးတဲ့ဟာတွေရှိတယ်။ ပြီးတော့ အခြားသော ဘက်မှာ လည်းပဲ ဆိုရှယ်မီဒီယာဘက်ကနေပြီးတော့ မြေမြှုပ်မိုင်းအန္တရာယ်ကင်းရှင်းအောင်ဆိုပြီးတော့ အသိပေးဆောင်ရွက်နေတဲ့ ဟာတွေမျိုးကတော့ ရှိပါတယ်ဗျ။

DW – နိုင်ငံတကာအဖွဲ့အစည်းတွေကရော မြေမြှုပ်မိုင်းအန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး ကူညီနေတာမျိုးရှိလား။

ရဲဘော်စတား – နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့တော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကူညီဆောင်ရွက်ပေးနေတာမျိုးတော့ လောလောဆယ်မှာ မရှိသေးပါဘူး။

DW – မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး အခြားဘာများဖြည့်စွက်ပြောဖို့ရှိလဲခင်ဗျား။

ရဲဘော်စတား – စစ်ကောင်စီနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေ၊ စခန်းတွေ၊ ဂိတ်တွေရဲ့အနီးအနားမှာ ပြည်သူတွေအနေနဲ့ သွားလာတဲ့နေရာမှာ ပိုပြီးတော့ သတိထားကြဖို့လိုအပ်တယ်ပေါ့နော်။ အဲဒါလေးကိုပဲ ဖြည့်စွက်ပြီးတော့ ပြောချင်ပါတယ်ဗျ။