Pheu Thai ဝန်ကြီးချုပ်လောင်းကို ထောက်ခံမည်မဟုတ်ဟု Move Forward ပါတီဆုံးဖြတ်

0
1732

လာမည့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲတွင် Pheu Thai ပါတီက တင်သွင်းမည့် ဝန်ကြီးချုပ်လောင်းဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် Srettha Thavisin ကို ထောက်ခံမဲပေးသွားမည်မဟုတ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် Move Forward ပါတီသတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။

ပါတီထောက်ခံသူများ၏ တုံ့ပြန်ချက်များအပေါ် အခြေခံ ထည့်သွင်းစဉ်းစားခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

Pheu Thai ပါတီ၏ ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲပေးခြင်းက ၎င်းတို့ပါတီကို မဲပေးခဲ့သော ပြည်သူများကို သစ္စာဖောက်ရာရောက်နေကြောင်း Move Forward ပါတီ၏ အထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့သည်။

Pheu Thai ပါတီက ဦးဆောင်မည့် အစိုးရအဖွဲ့အသစ်တွင်လည်း ချိတ်ဆက်ပါဝင်ရန် ဆန္ဒမရှိကြောင်း ၎င်းကဆိုခဲ့သည်။

၎င်းတို့အနေဖြင့် ရွေးကောက်ပွဲကတိအတိုင်း အစိုးရအဖွဲ့ကို ပြည်သူများ၏ ဆန္ဒနှင့်အညီသာ ဖွဲ့စည်းရန် ကြိုစားအားထုတ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုခဲ့သည်။

ဖီထာက ဒုတိယအကြိမ်ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် အမည်စာရင်းတင်သွင်းခွင့် ပိတ်ပင်ခံရပြီးနောက်ပိုင်း Pheu Thai ပါတီကလည်း ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး အခြားစစ်တပ်ကျောထောက်နောက်ခံပါတီများနှင့်အတူ ညွန့်ပေါင်းအဖွဲ့အသစ်ကို ဖွဲ့စည်းနေခဲ့သည်။

လက်ရှိအချိန်အထိ Pheu Thai ပါတီက ဦးဆောင်ဖွဲ့စည်းထားသည့် ညွန့်ပေါင်းအဖွဲ့အသစ်တွင် စစ်တပ်ကျောထောက်နောက်ခံပါတီ Bhumjaithai ပါတီအပါအဝင် ပါတီကိုးပါတီပါဝင်နေပြီး ဝန်ကြီးချုပ်လောင်းအတွက် ၂၃၈ မဲရရှိနေပြီဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရရန်အတွက် အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်များထံမှ အနည်းဆုံး ထောက်ခံမဲ ၃၇၅ မဲရရှိရန်လိုအပ်မည်ဖြစ်သည်။

သို့သော်လည်း နောက်တစ်ကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် Pheu Thai ပါတီက တင်သွင်းမည့် ဝန်ကြီးချုပ်လောင်း Srettha Thavisin က ဝန်ကြီးချုပ်ဖြစ်ဖို့ လုံလောက်သော ထောက်ခံမဲရရှိမည်ဟု ယုံကြည်မှုရှိကြောင်း ပြောကြားထားသည်။

နောက်တစ်ကြိမ်ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲ ကျင်းပမည့်နေ့ကိုမူ ပီထာအပေါ်စွဲထားသော အမှုများအပေါ် အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ထွက်ပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

Ref: Khaosod English, The Nation Thailand