❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း – (၅) ❞

0
1941

ကိုယ်တို့ခေတ် ကျောင်းသူကျောင်းသားတွေက ခုနှစ်တန်း၊ ရှစ်တန်းအရွယ်ဆို အပျို လူပျိုပေါက်စလေးတွေ ဖြစ်နေကြပါပြီ။ ရွာနီးချုပ်စပ်က ကျောင်းနေဖက် သူငယ်ချင်းတွေ လည်း ရှိနေပြီဆိုတော့ အကြောင်းအမျိုးမျိုးပြလို့ သူ့ရွာကိုကိုယ်ကသွားလိုက် ကိုယ့်ရွာကို သူကလာလိုက်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ အရေးပါသူအဖြစ် အထင်ရောက်နေ ပြီဆိုပါတော့။ တနည်းပြောရရင် ကိုယ့်ရပ်ရွာရဲ့ သာရေးနာရေးကိစ္စတွေမှာ ပါဝင်လှုပ်ရှားစ ပြုလာပြီဖြစ် အရွယ်တွေပေါ့။

ကိုယ်တို့ရပ်ရွာတွေက လူကြီးသူမတွေဟာ သူတို့ဘဝမှာ အနည်းဆုံး ကထိန်အလှူ တစ်ကြိမ်လောက်တော့ လှူခွင့်ရမှ လူဖြစ်ကျိုးနပ်တယ်လို့ ယုံကြည်ကြပါတယ်။ သူတို့ရဲ့ သားမြေးမြစ်တွေကို ရှင်ရဟန်းအသွင်နဲ့ မြင်ရတာကို ကျေနပ်ဂုဏ်ယူကြပြီး ကုသိုလ်အထူး ရတယ်လို့ ယူဆကြပါတယ်။ တတ်နိုင်သူများကတော့ တစ်ကြိမ်မက လှူကြတာပေါ့လေ။

ကထိန်အလှူ မတတ်နိုင်ရင်တောင်မှ ရဟန်းခံရှင်ပြုအလှူတော့ ကြိုးစားပြီး ဖြစ်တဲ့ နည်းနဲ့ လှူတတ်ကြပါတယ်။ တချို့ဘိုးဘွားတွေဆို နောက်ဆုံးအချိန်မှာ သူတို့သားမြေးတွေ ကို ရှင်ရဟန်းအသွင်နဲ့မြင်ချင်လို့ ချက်ချင်းသင်္ကန်းစည်းပေးပြီး ပြရတဲ့အထိ အစွဲအလန်းရှိကြ ပါတယ်။

ကိုယ်တို့ရွာမှာ ကထိန်ကာလရောက်ပြီဆို ကထိန်အလှူပွဲက ဆယ်ပွဲဝန်းကျင်လောက် နှစ်တိုင်း ရှိတတ်ပါတယ်။ ထုံးစံအတိုင်း မိုးလေကင်းတဲ့ ပွင့်လင်းရာသီဆိုတော့ အခြားလူမှုရေး ပွဲတွေကလည်း လှိုင်လှိုင် စကြပြီပေါ့။ အခုခေတ်လို ဝတ်စရာ Ready Make တွေ မပေါသေး တော့ အပ်ချုပ်သူတွေ စီးပွားဖြစ်တဲ့ အချိန်ပါ။

ရွာဆိုတော့ အပ်ချုပ်ဆိုင်က များများစားစား မရှိ။ ပုဆိုးအင်္ကျီ အကုန်လုံးကို အထည်စ ဝယ်ပြီး ချုပ်ရပါတယ်။ အလှူပွဲမှာဝတ်မယ့်ဝတ်စုံ အချိန်မီရနိုင်ဖို့အရေး အပ်ချုပ်ဆိုင်ကို ချောင်းပေါက်မတက် သွားမေးနေရတာကိုက အလုပ်တစ်ခုပါ။ မိန်းကလေးတွေဆို ပိုဆိုးမယ် ထင်ပါတယ်။

တစ်ကျောင်းတည်းသော ဘုန်းကြီးကျောင်းက ဆရာတော်ဟာ ရွာသူရွာသားတွေ အပေါ် သြဇာအတော်ကြီး ညောင်းပါတယ်။

ငယ်ဆရာလည်းဖြစ်လေတော့ ရွာသူရွာသား တွေကလည်း သားစဉ်မြေးဆက် ချစ်ကြောက် ရိုသေ လေးစား ကြပါတယ်။

ထို့နည်းတူ ကာလသားခေါင်းတွေကလည်း အပျိုလူပျိုတွေအပေါ်မှာ သြဇာညောင်းပါ တယ်။ အပျိုလူပျိုတွေက လစဉ်ကြေးကို ပုံမှန်ထည့်ရပါတယ်။ သူတို့ကလည်း ခေသူတွေ တော့ မဟုတ်ကြပါ။

အစဉ်အဆက်ကိုမီတဲ့ အပျိုကြီးလူပျိုကြီးတွေဖြစ်တဲ့အပြင် ဆရာတော်ရဲ့ ထောက်ခံမှုကို ရရှိထားကြသူတွေ ဖြစ်ကြပါတယ်။

အလှူပွဲတွေ မတိုင်ခင် အစည်းအဝေးလုပ်ပြီး ယခင်နှစ်က ရန်ပုံငွေအသုံးပြုခဲ့မှုကို ရှင်းလင်းပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက အတွေ့အကြုံတွေကို သုံးသပ်ရပါတယ်။ ဒီနှစ်အတွက် ဘယ်သူတွေက ဘယ်အလှူမှာတော့ ဘာလုပ်ရမယ်ဆိုပြီး တာဝန်တွေ ခွဲပေးပါတယ်။

အကျိုးအကြောင်း မခိုင်လုံဘဲ ပျက်ကွက်ခဲ့ရင် ဆရာတော်ကို တိုင်ပါတယ်။ တချို့ဆို အခု အချိန်အထိ သူတို့ကို မသိစိတ်က ကြောက်နေရဆဲပါ။

အလှူပွဲအတွက် ရပ်ဝေးက ဆွေမျိုးမိတ်သင်္ဂဟတွေဟာ ခရီးလမ်းပန်းဆက်သွယ်ရေး အခြေအနေအရ ညအိပ်ညနေ လာကြရပါတယ်။ ခရီးဝေးရင်ဝေးသလို ကြိုတင်လာကြရပါ တယ်။ အမျိုးရင်းရင် ရင်းသလောက် ကြာကြာနေကြ လေ့ရှိကြပါတယ်။ တစ်ခေါက်တစ်ခါ အရောက်လာဖို့က မလွယ်လှဘူးလေ။

အပျိုလူပျိုတွေဟာ မဏ္ဍပ်ထိုး၊ အုန်းသီးခြစ်၊ မုန့်ထိုး၊ ဧည့်ခံ ကျွေးမွေးရေးအပါအဝင် အလှူပွဲအစမှအဆုံးအထိ ကိစ္စအတော်များများကို တာဝန်ယူကြရပါတယ်။ မျက်နှာကြီး အလှူတွေဆိုပါက ဆင်တွေ မြင်းတွေနဲ့ ရှင်လောင်းလှည့်တာမျိုး ရှိသလို ဇာတ်ပွဲထည့်တာ မျိုးလည်း ရှိတတ်ပါသေးတယ်။ ဒီလိုအလှူမျိုးကျရင် တစ်ပါတ်ဆယ်ရက် ဧည့်ခံကျွေးမွေး ရပါတဲ့အပြင် အဝတ်အစားတွေလည်း ပိုပြီးပြင်ဆင်ရပါတယ်။

ရွာခံအပျိုလူပျိုတွေက ဧည့်သည်ရှိတဲ့အိမ်တွေကို နီးစပ်ရာတေးမှတ်ထားပြီး ညဘက် ရောက်ရင် တစ်အိမ်တက်ဆင်း မိတ်ဖွဲ့ဧည့်ခံကြတာပေါ့။ နေ့ခင်းဘက်‌ရောက်တော့ ရွာအနီး ပတ်ဝန်းကျင်က စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေကို လိုက်ပို့ကြပါတယ်။

ပင်လယ်ရွာ ဆိုတော့လည်း လည်ပတ်ကြည့်ရှုစရာနေရာတွေက ပေါတယ်မဟုတ်လား။ ဒါမှလည်း သူတို့ ရွာတွေကို ကိုယ်တွေရောက်ရင် ကိုယ်တွေကိုလည်း ပြန်ဧည့်ကြတော့မှာပေါ့။

အခုတော့လည်း ညအိပ်ညနေ အလှူပွဲသွားဖို့ မဆိုထားနဲ့ အလှူရှင်မိသားစုနဲ့ တွေ့ခွင့် ရဖို့ တရားနာသာဓုခေါ်ခွင့်ရဖို့ကို အတော်ကိုကြိုးစား အချိန်ယူကြ ရပါတယ်။ စတိသဘော သွားပြီး ပြန်ပြေးခဲ့ရတာများပါတယ်။ ခရီးလမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန် လာတာနဲ့အမျှ လှုပ်ရှားရုန်းကန်ရတဲ့ ပုံစံတွေလည်း ပြောင်းလဲလာတော့ အပြစ်မဆိုသာ လှပါဘူး။ ဒါကြောင့်လဲ “ စားပြန်စံပြား အလှူသွား ” ဆိုတဲ့စကား ပေါ်လာတာလို့ ထင်ပါရဲ့။

ခေတ်ကာလအခြေအနေအရ အလုပ်အကိုင်အခွင့်အလမ်းလည်း မရှားပါးသေး ငွေ ကြေးတန်ဖိုးကလည်း အတန်အသင့် ရှိနေသေးတဲ့အချိန်ဆိုတော့ ဆင်းရဲချမ်းသာ ကွာဟမှုက ကြီးကြီးမားမား သိပ်မရှိပါဘူး။ ရပ်ရွာတိုင်းလိုလိုမှာ သူ့အချိန်နဲ့သူ ပွဲလမ်းသဘင်တွေ ရှိတတ် ကြပါတယ်။ အစဉ်အလာကြီးမားတဲ့ ဘုရားပွဲတော်တွေ ရှိသလို ရိုးရာနတ်ပူဇော်ပွဲတွေလည်း ရှိကြပါတယ်။

အသိမိတ်ဆွေတွေရဲ့ ရွာတွေမှာ ပွဲတော်ရှိတဲ့အချိန် ကိုယ်တွေကလည်း အုပ်စုလိုက် ချီတက်ပြီး ညအိပ်ညနေ ဧည့်သည်အဖြစ်နဲ့ သွားရောက်အားပေးကြပါတယ်။ ဒါတွေကိုပဲ လူမှုရေးလို့ သဘောထားပြီး ပျော်နေကြတာမျိုးပါ။

စဉ်းစားလိုက်ရင် အရာရာဟာ လွမ်းစရာတွေပါပဲလေ။

ဧသုနိုင်

ဆက်လက်ဖော်ပြပါမည် >>>>