ရေကြီးနစ်မြုပ်သဖြင့် ထားဝယ်ခရိုင်ရှိ လယ်များ စပါးမအောင်၊ ပျိုးပင်လည်း ဝယ်မရ

0
1713

‌ထားဝယ်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသတွင်းရှိ စိုက်ပျိုးထားသည့် လယ်အများစု ရေလွှမ်းပျက်စီးသွားကြောင်း လယ်သမားအချို့ကပြောသည်။

ဇူလိုင်လ နောက်ဆုံးအပတ်မှစပြီး ထားဝယ်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံခဲ့သည်။

ရေကြီးရေလျှံချိန်တွင် စိုက်ပျိုးထားသည့် ပျိုးပင်ပေါက်များ ရေကြီးနစ်မြုပ်ခဲ့သဖြင့် ပျိုးမအောင်ဖြစ်ခဲ့ရကြောင်း ထားဝယ်ခရိုင်ရှိလယ်သမားအချို့ကပြောဆိုသည်။

“တော်တော်များများ လယ်သမားတွေ ပျိုးလိုက်ရှာနေကြတယ်။ မိုးကြီးတုန်းကသေသွားတာတွေကို စိုက်ဖို့၊ ဖာဖို့ပေါ့” ဟု ထားဝယ်မြို့ စောမိညိုကွင်းက လယ်သမားတစ်ဦးက ပြောသည်။

ယင်းနည်းတူ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်တို့တွင်လည်း ရေကြီးသဖြင့် စပါးပင်များ ပျက်စီးသေဆုံးမှုများကြောင်း ဒေသခံလယ်သမားတို့က ပြောဆိုကြသည်။

“ပျိုး (ပျိုးပင်ပေါက်) ပင်က ဝယ်ရတအားခက်တယ်။ အခုက လူတိုင်းနီးပါး (စပါး) သေကြတော့ ပျိုးလိုတဲ့သူကများနေတာကိုး” ဟု သရက်ချောင်းမြို့နယ် ကဇိကျေးရွာက လယ်သူမတစ်ဦးက ဆိုသည်။

ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် လယ်ဧကမည်မျှရှိသည်ကိုမူ အတိအကျ မသိရသေးပေ။

အချို့လယ်သမားတို့မှာမှု ပျိုးပင်ဝယ်မရသဖြင့် ထပ်မစိုက်‌တော့ဘဲ လယ်ပစ်လိုက်သူများလည်းရှိလာနေကြောင်းစုံစမ်းသိရှိရသည်။

“တချို့ကလည်း လယ်ပစ်လိုက်ကြတယ်။ ပစ်လိုက်တယ်ဆိုတာက မအောင်တဲ့အပိုင်းကိုပစ်လိုက်တာပေါ့။ ရသလောက်ပဲယူတော့မယ်ဆိုပြီး။ ပျိုးကဝယ်လို့မှ မရဘဲကို” ဟု လောင်းလုံးမြို့နယ် ကထောင်နီကျေးရွာက လယ်သမားတစ်ဦးကဆိုသည်။

ပျိုးပင်ဝယ်မရသည့် အချို့လယ်သမားတို့မှာ မျိုးစပါးပြန်ကြဲပြီး စိုက်ပျိုးနေကြရကြောင်းဆိုသည်။

“နောက်တစ်ကြိမ်ပျိုးကြဲမယ်ဆို လယ်ထပ်ထွန်ရမှာ။ အခုက ထွန်စက်လည်းဆင်းလို့မရတော့ဘူး။ စပါးပင်နဲ့ဖြစ်နေပြီကိုး။ ထန်းခက်ကို ကြိုးနဲ့ဆွဲပြီး ရေနှောက်အောင်လုပ်ပြီး ပျိုးပြန်ကြဲတဲ့သူကကြဲ အဲဒီလိုလုပ်နေကြတာတော့ရှိတယ်” ဟု လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာက လယ်သမားတစ်ဦးကဆိုသည်။

ရေမြုပ်ပျက်စီးမှုများပြားသဖြင့် စပါးစိုက်ပျိုးသည့်စရိတ်လည်း သုံးဆခန့်မြင့်တက်သွားကြောင်း လယ်သမားအချို့ကဆိုသည်။

ယမန်နှစ်က သောင်းဂဏန်း ကုန်ကျသည့်နောရတွင် ယခုနှစ် သိန်းဂဏန်း ကုန်ကျနေကြောင်း ကထောင်နီရွာက လယ်သမားက ဆိုသည်။

“တစ်ခါမှ အဲဒီလောက်ပိုက်ဆံကုန်ခံပြီး စိုက်ရတယ်ဆိုတာ မရှိဘူး” ဟု ၎င်းက ပြောသည်။

ယခုနှစ်တွင် တိုင်းအတွင်း စပါးစိုက်ဧက ကိုးသောင်းကျော် (၉၂၉၈၂ ဧက) ရှိကြောင်း စစ်ကောင်စီ ပြန်ကြားရေးဌာန Facebook စာမျက်နှာတွင်ရေးသာထားသည်။