နဘုလယ် ဒေသခံအချို့ကို စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးဟုဆို

0
1488

နဘုလယ်ဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် ဝက်ချောင်း၊ ထိန်ကြီး၊ မူးဒူးမှ ဒေသခံအချို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဩဂုတ်လ ၈ ရက်နေ့က မူးဒူးရွာသားတစ်ဦးနှင့် ငါးရှာနေသည့် ထိန်ကြီးရွာသားလေးဦး ဖမ်းဆီးခံခဲ့ရပြီး ဩဂုတ်လ ၉ ရက်တွင် ဝက်ချောင်းရွာက အမျိုးသား၊ အမျိုးသမီးခြောက်ဦးခန့် အဖမ်းခံရသည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲပြီး နဘုလယ်ဒေသမှ ထိန်ကြီး၊ မူးဒူး၊ ဧကနိ၊ ရငဲ၊ ခမောင်းချောင်း၊ ဝက်ချောင်း ကျေးရွာများကို စစ်ကြောင်းထိုးနေသဖြင့် ယင်းကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“မူးဒူးလည်း ပြေးနေရတယ်။ အမျိုးတွေကို ဒီကိုခေါ်ထားရတယ်။ မနက်တုန်းကလည်း လက်နက်ကြီးလေးငါးဆယ်ချက်လောက် ပစ်တယ်ဆိုပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများအနက် ဝက်ချောင်းရွာမှ နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သလို အချို့ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံအချို့က ပြောဆိုသော်လည်း အဖမ်းခံရသည့် အရေအတွက်နှင့် ပြန်လွတ်လာသည့် အရေအတွက်ကို Dawei Watch အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။

ဩဂုတ်လ ၉ ရက် မနက်ပိုင်းက ခမောင်းချောင်းရွာ သင်္ချိုင်းအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရေဖြူမြို့နယ် နဘုလယ်ဒေသကို စစ်ကောင်စီတပ်က ဇူလိုင်လ ဒုတိယအပတ်မှစပြီး စစ်ကြောင်းထိုးနေခြင်းလည်းဖြစ်သည်။