အစာအိမ်ရောဂါပျောက်တယ်ဆိုပြီး လိမ်လည်ရောင်းချနေတဲ့ဆေး 

0
1922

အသိအမှတ်ပြုရရှိထားပြီး ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးပြီး အစာအိမ်အနာဖြစ်တာကို ကုသပေးတယ်ဆိုတဲ့ Hera Turmeric Milk ဆိုပြီး ရောင်းချနေတဲ့ Facebook Page တစ်ခု ထွက်ပေါ်နေပါတယ်။

ဒီ Page မှာ ကြော်ငြာထားချက်တွေကို Dawei Watch က စစ်ဆေးကြည့်တဲ့အခါ အချက်အလက်အမှားဖြစ်နေတာကို တွေ့ရှိပါတယ်။

“Hera Turmeric Milk – အစာအိမ်ဝေဒနာရှင်များအတွက် ဖြေရှင်းချက်” ဆိုတဲ့ နာမည်နဲ့ Facebook Page ဖြစ်ပြီး “အစာအိမ်နာကျင်မှု၊ ဝမ်းဗိုက်နာကျင်မှုတို့အတွက် ၁၀ နှစ်၊ ၁၅ နှစ်ကြာတာတောင် အမြစ်ပြတ်ကုသနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအခြေမျိုးကြုံနေရသော Custoumer များ ဒီပို့စ်ကို မေ့မထားသင့်ပါဘူး” လို့ အစချီပြီး ရေးသားဖြန့်ချိနေပါတယ်။

မူရင်းပို့စ်ကို ဒီနေရာတွင် ကြည့်ပါ။  

ပျံ့နှံ့မှုလည်း အတော်များပြားနေပြီး Like လုပ်သူပေါင်း ၈၅,၀၀၀ ရှိပြီး Comment ၄၅၀၀ နဲ့ ၁၁,၀၀၀ Share ရှိပါတယ်။ ဒီ ပို့ရဲ့ Comment အောက်မှာဆိုရင်လည်း ဖုန်းနံပါတ်တွေ ပေးထားတာတွေ၊ ဝယ်ယူချင်တယ်လို့ ပြောထားတာတွေ အတော်များတာ တွေ့ရပါတယ်။

Hera Turmeric Milk ဝယ်ယူဖို့အတွက် Website လင့်ကိုလည်း အဆိုပါ Post ရဲ့ Comment မှာ ရေးသားထားပြီး ဝင်ကြည့်တဲ့အခါမှာ “အစာအိမ်ပြဿနာများကို ၇ ရက်အတွင်း ထိရောက်စွာ ဖြေရှင်းပါ” လို့ ကြော်ငြာထားပြန်ပါသေးတယ်။

Archive  Link – https://archive.ph/wip/LOm2a

FDA အသိအမှတ်ပြု မဟုတ်ပါ

အသိအမှတ်ပြုလို့ ကြော်ငြာထားပေမယ့် Hera Turmeric Milk ဟာ FDA အသိအမှတ်ပြုလက်မှတ် ရရှိထားခြင်း မရှိပါဘူး။ 

ဒါ့အပြင် Hera Turmeric Milk ဟာ မြန်မာနိုင်ငံမှာ ကြော်ငြာရောင်းချနေတာ အခုမှ မဟုတ်ဘဲ ၂၀၂၂ ခုနှစ်အတွင်းကလည်း Hera Nano Curcumin Milk – ဗိုက်နာတာကို သက်သာစေတယ်။ 1  နာမည်နဲ့ ရောင်းချခဲ့ပါသေးတယ်။

၂၀၂၂ ခုနှစ်ကတည်းက ကြော်ငြာပါ အချက်အလက်တွေဟာ မှားယွင်းနေတယ်လို့ AFP အချက်အလက်စိစစ်မှု ဌာနက စစ်ဆေးပေးတာပါ။

Archive Link – https://archive.ph/wip/MnH9V 

AFP ရဲ့ စစ်ဆေးပေးမှုမှာ Hera Turmeric Milk   ထုတ်ကုန်ဟာ မြန်မာနိုင်ငံမှာတင် ပျံ့နှံ့မှုရှိပြီး ကြော်ငြာရောင်းချနေတာ မဟုတ်ဘဲ ဖိလစ်ပိုင်နိုင်ငံမှာလည်း ပျံ့နှံ့နေလို့ ဖိလစ်ပိုင်နိုင်ငံရဲ့ FDA ကို မေးမြန်းအတည်ပြုပြီး ရေးသားထားတာဖြစ်ပါတယ်။

ဖိလစ်ပိုင် FDA ပြောရေးဆိုခွင့်ရှိသူက အသိအမှတ်ပြု ပစ္စည်းမဟုတ်ကြောင်း၊ အန္တရာယ်ကင်းမှုနဲ့ အရေးအသွေးကို အာမခံနိုင်မှာ မဟုတ်ကြောင်း ပြောကြားခဲ့တာပါ။

ဒါအပြင် ဖိလစ်ပိုင်နိုင်ငံရဲ့ အွန်လိုင်း မီဒီယာ တစ်ခုဖြစ်တဲ့ Rappler ကလည်း Hera Turmeric Milk နဲ့ ပတ်သက်ပြီး အချက်အလက်စစ်ဆေးပေးခဲ့ပြီး FDA ထောက်ခံထားတဲ့ ထုတ်ကုန်မဟုတ်ကြောင်း ရေးသားထားပါတယ်။

Archive Link – https://archive.ph/wip/0Fu3M 

ဗီဒီယိုရုပ်နဲ့ အသံနဲ့ ကွဲလွဲချက်

ပျံ့နှံ့မှုများတဲ့ Hera Turmeric Milk ကြော်ငြာမှာ ပါတဲ့ ဗီဒီယိုမှာဆိုရင် “ရန်ကုန်ဆေးရုံကြီးက ဒေါက်တာကြည်ကြည်ဝင်း” ဟု နောက်ခံစကားပြောအသံမှာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ထားပြီး စာတန်းမှာလည်း Kyi Kyi Win – Yangon General Hospital ဆိုပြီး စာတန်းထိုးထားပါတယ်။

ဒါပေမဲ့ ဗီဒီယိုမှာ သတင်းကြေညာနေတဲ့ဟန်နဲ့ အမျိုးသမီးရဲ့ စကားပြောပုံနဲ့ နောက်ခံစကားပြော နှုတ်ခမ်းလှုပ်ပုံစံဟာ လုံးဝ ကိုက်ညီမှုမရှိဘဲ ကွဲလွဲနေတာပါ။ အမျိုးသမီး ပြောဆိုဟန်ဟာ သတင်းကြေညာတဲ့ ပုံစံနဲ့  ပိုပြီး တူညီနေတာ တွေ့ရပါတယ်။

Dawei Watch အနေနဲ့ ရုပ်သံမှာပါတဲ့ ရုပ်ကတ်ရဲ့ မူလ ဇာစ်မြစ်ကို သိနိုင်ဖို့ tools တွေနဲ့ စစ်ဆေးကြည့်ပေမယ့် မူရင်းဖိုင်ကိုတော့ ရှာမတွေ့ခဲ့ပါဘူး။

Dawei Watch သုံးသပ်ချက်

အစာအိမ်ရောဂါပျောက်ကင်းတယ်လို့ ကြော်ငြာရောင်းချနေပေမယ့် ဘယ်နိုင်ငံက ထုတ်လုပ်တယ်ဆိုတာ မပါဝင်သလို ရှာဖွေကြည့်တဲ့အခါလည်း ခိုင်မာတဲ့ ရင်းမြစ်မတွေ့ရပါ။

FDA ထောက်ခံချက်လည်း ရရှိထားခြင်းမရှိတာမို့ မိမိမှာ အစာအိမ်ရောဂါရှိပါက တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေနဲ့သာ ကုသမှုခံယူတာကသာ အကောင်းဆုံးဖြစ်ပါတယ်။