ဘီးလင်းတွင် ရေဘေးကြောင့် ဒေသခံရှစ်ထောင်ကျော်ကို ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ထားရ

0
1739

မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေပြီး ဒေသခံ ၈၃၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရကြောင်း ဘီးလင်းမြို့နယ် အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာမှုကြောင့် ဩဂုတ်လဆန်းပိုင်းမှစပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာကာ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ၆ အုပ်စုတို့က ကျေးရွာများတွင် ရေကြီးရေလျှံနေသည်။

ရေကြီးရေလျှံမှုကြောင့် ဩဂုတ်လ ၉ ရက်နေ့အထိ အိမ်ထောင်စု ၁၇၀၀ ကျော်တို့မှ လူဦးရေ ၈၃၀၀ ကျော်ကို ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၂၉ ခုသို့ ပြောင်းရွှေ့ထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“လောလော ရေက တက်နေတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေ ရွာတွေအကုန်လုံးက ရေမြုပ်ကုန်တာ။ လူတွေကတော့ နီးစပ်ရာ ဘုန်ကြီးကျောင်း စာသင်ကျောင်းတွေမှာ ပြောင်းရွှေ့ထားရတယ်။ ရေက မကျဘူး။ တိုးလာနေဆဲပဲ” ဟု ဘီးလင်းမှ လူမှုကယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းတိုင်းတွာချက်အရ ဘီးလင်းမြစ်ရေသည် ၁၀၉၅ စင်တီမီတာရှိနေသည်။ ဘီးလင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာရှိသည်။

ဘီးလင်းမြစ်ရေ ဆက်လက်မြင့်တက်နေသည့်အတွက် ရွှေ့ပြောင်းရမည့်သူ များလာနိုင်ကြောင်းလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ဆိုသည်။

ရေဘေးသင့်ပြည်သူများကို လူမှုကယ်ဆယ်ရေးနှင့် အလှူရှင်တို့က ကူညီဆောင်ရွက်ပေးနေပြီး အဓိက သောက်သုံးရေနှင့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။

“ဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့ထားတဲ့လူတွေအတွက်က စားသောက်ရေး အဆင်ပြေပေမယ့် စာသင်ကျောင်းမှာ ရောက်နေတဲ့လူတွေအတွက်က လာပေးမှပဲ စားရမယ့်အနေအထားရှိတယ်။ ချက်ပြုတ်ဖို့က မလွယ်ဘူးလေ။ အဲဒီလိုတော့ အခက်အခဲရှိတယ်။ သောက်ရေတွေလည်း လိုအပ်တယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးနစ်မြုပ်နေသည့်အပြင် ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်း၊ မီးရထားလမ်းပိုင်း ရေကျော်ပြီး ရေစီးသန်နေသည့်အတွက် ဩဂုတ်လ ၉ ရက် နံနက်ပိုင်း ကစပြီး ကားများ၊ ရထားများ ဖြတ်သန်းသွားလာခြင်းကို ယာယီပိတ်ထားရကြောင်း ဒေသခံတို့ထံမှ သိရသည်။  

ကား၊ ရထား ဖြတ်သန်းသွားလာ၍ မရတော့သဖြင့် လက်ရှိတွင် ဘီးလင်းသို့ ရေစီးမသန်သည့် နေရာတို့မှ လှေဖြင့် ဖြတ်သန်းကာ အသွားအလာလုပ်နေရပြီး လှေစီးခကို တစ်ဦးလျှင် တစ်သောင်းကျပ် ပေးရကြောင်း ခရီးသွားတို့ထံမှ သိရသည်။  

၂၀၁၈ ခုနှစ်တုန်းကလည်း ဘီးလင်းမြစ်ရေမြင့်တက်သည့်အတွက် ဘီးလင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အများအပြား ရေးကြီးနစ်မြုပ်ခဲ့ပြီး လူဦးရေ ၁၃၀၀၀ နီးပါးကို ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြရသည်။

မွန်ပြည်နယ်တွင် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ ရေး အစရှိသည့် မြို့နယ်တို့တွင် ရေကြီးရေလျှံမှု နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ဘီးလင်းမြို့နယ်သည် ပြည်နယ်အတွင်း ရေကြီးရေလျှံမှု အဆိုးဆုံးဖြစ်ပွားသည့် မြို့နယ်တစ်ခုဖြစ်သည်။