နျူကလီယားဆိုင်ရာ မူဝါဒများကို ဟီနိုရှီးမား မြို့တော်ဝန် ရှုံ့ချ

0
2044

ဂျပန်နိုင်ငံ ၊ ဟီနိုရှီးမား မြို့အပေါ် အဏုမြူဗုံးကြဲချခြင်း ဖြစ်ရပ်သည် ၂၀၂၃ခုနှစ် ၊ ဩဂုတ်လ ၆ရက်နေ့တွင် ၇၈နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

အဆိုပါ ဖြစ်စဉ် အပေါ် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပစဉ် ယူကရိန်းနိုင်ငံတွင်း ရုရှား၏ တိုက်စစ်ဆင်မှု အပြင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုများ စသည့် အခင်းအကျင်းများကို တားဆီးနိုင်ရန် လက်နက်အဖြစ် နျူကလီးယားအခြေပြု လက်နက်များကို အားပေးမှု ပြန်လည် မြင့်တက်လာခြင်း အပေါ် ဟီနိုရှီးမား အာဏာပိုင်များက ဝေဖန်ခဲ့ကြသည်။

စက်မှုထိပ်သီး ၇နိုင်ငံ ပါဝင်သည့် G7 အစည်းအဝေး ကို မကြာသေးမီက ဟီနိုရှီးမား မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များသည် ဟီနိုရှီးမား၏ ငြိမ်းချမ်းရေး ပန်းခြံနှင့် ကမ္ဘာ့ ပထမဆုံး အဏုမြူဗုံး တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများ အတွက် ရည်စူးထားသည့် ပြတိုက်သို့ လည်ပတ်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင်း သက်ဆိုင်ရာ ခေါင်းဆောင်များသည် နျူကလီးယားလက်နက်များ ဆက်လက်အသုံးမပြုရန် တောင်းဆိုသည့် ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သော်လည်း တစ်ဖက်မှာလည်း “ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန်၊ ရန်လိုမှုကို ဟန့်တားရန်နှင့် စစ်ပွဲနှင့် အကျပ်ကိုင်မှုများကို တားဆီးရန်” ဟူသော ရည်ရွယ်ချက်များအတွက် ဤကဲ့သို့ လက်နက်များ ထားရှိခြင်းကိုလည်း ခွင့်ပြုထားဆဲ ဖြစ်သည်။

ထို့ကြောင့် ယင်းသို့သော နူကလီးယားဆိုင်ရာ မူဝါဒများကို ရှုံ့ချကြောင်း ဟီရိုရှီးမား အာဏာပိုင်များက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၇၈နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွင် “အချို့သောမူဝါဒချမှတ်သူတွေဆီကနေ နျူကလီးယား ခြိမ်းခြောက်မှုတွေပါဆိုပြီး ပြောပြထားတာတွေက နျူကလီးယား တားဆီးကာကွယ်ရေးသီအိုရီ ရဲ့ မိုက်မဲမှုကို ထုတ်ဖော်ပြသနေတဲ့ အဖြစ်မှန်ကို ကမ္ဘာတစ်ဝှမ်းက ခေါင်းဆောင်တွေအနေနဲ့ ရင်ဆိုင်သင့်ပါပြီ” ဟု ဟီရိုရှီးမား မြို့တော်ဝန် ခါဇူမီ မတ်စုအိက ပြောကြားခဲ့သည်။

“ခေါင်းဆောင်တွေအနေနဲ့ ကျွန်တော်တို့ကို အန္တရာယ်ရှိတဲ့ ပစ္စုပ္ပန်ကနေ စံပြထားစရာ ကမ္ဘာဆီ ဦးတည်ဖို့ ခိုင်မာပြတ်သားတဲ့အဆင့်တွေကို ချက်ချင်း လုပ်ဆောင်ရပါမယ်”

ရုရှား၏ ယူကရိန်းကို ကျူးကျော်ပြီး နျူကလီးယားလက်နက် အသုံးပြုနိုင်ကြောင်း သတိပေးခဲ့မှု အပြင် မြောက်ကိုရီးယား က သူ၏ ဒုံးကျည်နှင့် နျူကလီးယား ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နေချိန်မှာ ဂျပန်အပါအဝင် ကမ္ဘာတဝှမ်း နိုင်ငံများက ဆောင်ရွက်နေသည့် နျူကလီးယား တားဆီးရေး တောင်းဆိုမှုများအပေါ် ဟီရိုရှီးမား မြို့တော်ဝန် ဟီဒဲဟီကို ယုဇအိ က ယခုလို မေးခွန်းထုတ်ခဲ့သည်။

“နျူကလီးယား ဟန့်တားမှုကို ဆောင်ရွက်ဖို့နဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ရာ နျူကလီးယားလက်နက်ကို မရှိမဖြစ် လိုအပ်တယ်လို့ ယုံကြည်နေကြတဲ့သူတွေကပဲ နျူကလီးယားလက်နက် ဖျက်သိမ်းရေး လုပ်ငန်းစဉ်တွေရဲ့ တိုးတက်မှုကို နှောင့်နှေးစေတာပါ” ဟု ယုဇအိ က ပြောကြားခဲ့သည်။

၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ဟီရိုရှီးမားတွင် အမေရိကန်မှ ကြဲချခဲ့သော အဏုမြူဗုံးသည် မြို့ကို ဖျက်ဆီးခဲ့ပြီး လူပေါင်း ၁၄၀,၀၀၀ သေဆုံးကာ ဒုတိယမြောက် ဗုံးတစ်လုံးကျပြီး သုံးရက်အကြာတွင် နာဂါဆာကီတွင် နောက်ထပ် လူ ၇၀,၀၀၀ သေဆုံးခဲ့သည်။

ဂျပန်သည် သြဂုတ် ၁၅ ရက်တွင် လက်နက်ချခဲ့ပြီး အဆိုပါ ဖြစ်စဉ်နှင့်အတူ အာရှတွင် ဒုတိယကမ္ဘာစစ်နှင့် ဂျပန်တို့၏ ရာစုနှစ်တစ်ဝက်နီးပါး ကျူးကျော်မှုကို အဆုံးသတ်ခဲ့သည်။

လွှတ်တော်တွင် ဟီရိုရှီးမားကို ကိုယ်စားပြုသည့် ၀န်ကြီးချုပ် ဖူမီအို ခီရှီဒါ သည် G7 ၏ နျူကလီးယား လက်နက်ဖျက်သိမ်းရေး ကတိကဝတ်ကို မီးမောင်းထိုးပြရန်နှင့် အဏုမြူလက်နက်အသုံးပြုရန် ရုရှား၏ ခြိမ်းခြောက်မှုများကို ရှုတ်ချရန် ကြိုးပမ်းခဲ့သည်။

သို့သော် နျူကလီးယားလက်နက် တားမြစ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သည့်အတွက် အဆိုပါ ဖြစ်စဉ်မှ အသက်ရှင်ကျန်ရစ်သူများ၏ ပြစ်တင်ရှုတ်ချမှုကို ခံခဲ့ရသည်။

အဆိုပါ လက်နက် ဖျက်သိမ်းရေး သဘောတူညီချက်သည် အလုပ်မဖြစ်နိုင်ဟု ငြင်းဆိုကာ ဂျပန်အစိုးရအနေနှင့် နျူကလီးယား လက်နက်မကိုင်ဆောင်သည့် နိုင်ငံအဖြစ် လက်မှတ် မထိုးထားခဲ့ပေ။
ယင်းကြောင့် ခီရှီဒါ သည် နျူကလီးယားလက်နက်ရှိနိုင်ငံများနှင့် နျူကလီးယားလက်နက်မရှိသော နိုင်ငံများကြား ပေါင်းကူးတံတားတစ်စင်းအဖြစ် ဆောင်ရွက်ကာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ကို အကောင်အထည်ဖော်ရန် ကတိပြုခဲ့သည်။

ဂျပန်သည် အမေရိကန်၏ နျူကလီးယားဆိုင်ရာ အရိပ်အာဝါသကို အကာအကွယ် အဖြစ် မှီခိုနေပြီး ၎င်း၏စစ်တပ်ကို လျင်မြန်စွာ တိုးချဲ့ လုပ်ဆောင်နေခြင်းကြောင့် ယခုလို ကတိပြုခြင်းသည် အနှစ်မရှိသော ကတိကဝတ်တစ်ခု ဖြစ်သည်ဟု ဝေဖန်သူများက ဆိုကြသည်။

ပိုမိုအင်အားကောင်းလာသော တရုတ်နှင့် မြောက်ကိုရီးယားထံမှ ကြီးထွားလာသော နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ အမေရိကန်အစိုးရနှင့် တောင်ကိုရီးယားအစိုးရ တို့သည် ၎င်းတို့၏ နျူကလီးယား တားဆီးရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် သဘောတူညီခဲ့ကြပြီး ဂျပန်သည်လည်း အမေရိကန်၏ နျူကလီးယားလက်နက်များထံမှ အကာအကွယ်ကို ပိုမိုခိုင်မာစေလိုသည့် သဘော ရှိနေသည်။

ဟီနိုရှီးမား အောက်မေ့ဖွယ် အခမ်းအနားသို့လည်း တက်ရောက်ခဲ့သူ ဂျပန်ဝန်ကြီးချုပ် ခီရှီဒါ က တင်းမာမှုများနှင့် ပဋိပက္ခများ မြင့်တက်လာခြင်းကြောင့် နျူကလီးယားကင်းစင်သော ကမ္ဘာဆီသို့ လမ်းကြောင်းသည် ပိုမိုကြမ်းတမ်းလာနိုင်ကြောင်း ပြောကြားခဲ့သည်။ “ဒါပေမဲ့ ဒီအခြေအနေက ကမ္ဘာကြီးအတွက် အရှိန်ပြန်ရဖို့ရာ ပိုအရေးကြီးလာစေပါတယ်” ဟု ၎င်းက ဆိုသည်။

ဟီနိုရှီးမား မြို့ပေါ် အမေရိကန်၏ B-29 ဗုံးကြဲချသည့်အချိန် ၊ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ငြိမ်းချမ်းရေး ခေါင်းလောင်းသံနှင့်အတူ အခမ်းအနားရှိ ပြည်သူများ ငြိမ်သက်သွားကြသည်။ အဆိုပါ အောက်မေ့ဖွယ် အထိမ်းအမှတ် အဖြစ် ငြိမ်းချမ်းရေး၏ သင်္ကေတ ၊ ချိုးဖြူငှက် ရာပေါင်းများစွာကို လွှတ်ပေးခဲ့သည်။

အဏုမြူဗုံးပေါက်ကွဲမှုမှ အသက်ရှင် ကျန်ရစ်သူ အများအပြားသည် ပေါက်ကွဲမှုများနှင့် ဓာတ်ရောင်ခြည် ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများနှင့် နောက်ဆက်တွဲ ရောဂါဝေဒနာများ ရရှိခဲ့ကြသည့်အပြင် ဂျပန်နိုင်ငံတွင်းမှာလည်း ခွဲခြားဆက်ဆံမှုများနှင့် ရင်ဆိုင်နေရသည်။

ယခုနှစ် ၊ မတ်လအထိ ပျမ်းမျှအသက် ၈၅ နှစ်ရှိပြီဖြစ်သော အသက်ရှင်ကျန်ရစ်သူ ၁၁၃,၆၄၉ ဦး ကို အစိုးရဆေးဘက်ဆိုင်ရာ ပံ့ပိုးကူညီမှုများအတွက် အရည်အချင်းပြည့်မီသည်ကို အသိအမှတ်ပြုထားကြောင်း ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ သို့သော် ကနဦး သတ်မှတ်ထားသော နေရာများ အပြင်ဘက်တွင် နေထိုင်နေကြသည့် ၊ ကံဆိုးမှု၏ သားကောင်များဟု သူတို့ကိုယ်သူတို့ ဆိုကြသူများ အပါအဝင် အခြားသော အဏုမြူဒဏ်သင့်သူ အများအပြားမှာမူ ထောက်ပံ့မှု မရရှိသေးပေ။

ဟီနိုရှီးမား မြို့တော်ဝန်က ခီရှီဒါ အစိုးရအား အဆိုပါ လူထုအပေါ် ပိုမိုခိုင်မာသောပံ့ပိုးကူညီမှုများပေးရန်နှင့် ၎င်းတို့၏ဆန္ဒများကို ဖြေရှင်းပေးရန် တိုက်တွန်းခဲ့သည်။

ဂျပန်တွင် ဟီဘကူရှာဟု လူသိများသော အဏုမြူဒဏ်မှ ရှင်ကျန်ခဲ့သည့် သက်ကြီးရွယ်အို လွတ်မြောက်သူများသည် နျူကလီးယားလက်နက် ပိတ်ပင်ရေးအတွက် ဆက်လက် တွန်းအားပေးနေပြီး နောက်ထပ် မျိုးဆက်သစ်လူငယ်များအနေနှင့်လည်း အဆိုပါလှုပ်ရှားမှုတွင် ပါဝင်လာဖို့ရာ စည်းရုံးနိုင်ရေး မျှော်လင့်နေကြသည်။

ဟီရိုရှီးမားမှ လူငယ်များ အပါအဝင် ထောက်ခံသူ အများအပြား ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့သည် ၂၀၃၀ခုနှစ်တွင် ဂျပန်နိုင်ငံ အစိုးရ အနေနှင့် နျူကလီးယား လက်နက် တားမြစ်ရေး စာချုပ်ကို လက်မှတ်ရေးထိုးစေရန် ကြိုးပမ်းနေလျက် ရှိသည်။
(ဟီနိုရှီးမား အဏုမြူဗုံးကြဲချခံရခြင်း ၇၈နှစ် မြောက် နှစ်ပတ်လည် ဆောင်းပါး)

=========================================================
ဘာသာပြန် – ဒါလီ

Hiroshima Mayor Calls Nuclear Deterrence ‘Folly’ As City Marks 78th Anniversary Of Atomic Bombing by Associated Press, published on Khaosod English ဆောင်းပါး ကို ဘာသာပြန်ဆိုရေးသားသည်။