ရေကြီးမှုကြောင့် ကျိုက်မရောတွင် စာသင်ကျောင်းအချို့ပိတ်ထားရ

0
1834

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး အတ္ထရံမြစ်ရေ တိုးလာသည့် အတွက် အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာအများစုတွင် ရေကြီးရေလျှံနေသဖြင့် အခြေခံပညာစာသင်ကျောင်းအချို့ ပိတ်ထားရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေကြီးမှုကြောင့် ကျိုက်မရောမြို့ပေါ် ကျောင်းတစ်ကျောင်းအပါအဝင် ချောင်းနှစ်ခွ၊ ငပြေမ၊ နိတုံ၊ ကြခတ်ကုန်း၊ ကွာငန်း၊ အောင်ဗလကုန်း၊ လမုခို၊ ညောင်ကုန်း စသောကျေးရွာတို့မှ စာသင်ကျောင်း ကိုးကျောင်းကို ယနေ့ ဩဂုတ်လ ၈ ရက်နေ့မှစပြီး ယာယီပိတ်ထားကြောင်း ၎င်းတို့ထံမှ သိရသည်။

“ရေက တချို့နေရာမှာဆို ခါးလောက်အထိ ရောက်နေတယ်။ ဒီလိုအခြေအနေမှာ ကလေးတွေ ကျောင်းသွားဖို့က လုံးဝအဆင်မပြေတော့ဘူးလေ။ အဲဒါကြောင့်မို့ ကျောင်းတွေက ယာယီပိတ်လိုက်တာ” ဟု ကျိုက်မရောဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

အတ္ထရံမြစ်ရေ မြင့်တက်လာသည့်အတွက် ကျိုက်မရောမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရှင်စောပု ရပ်ကွက် ၁၊ ရပ်ကွက် ၂ အပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းတို့တွင် ရေကြီးရေလျှံနေကြောင်း ဒေသခံတို့က ဆိုသည်။

“မိုးကတော့ ဒီနေ့အထိ ရွာနေတုန်းပဲဆိုတော့ ရေက တိုးလာနိုင်တာပေါ့။ အခုကတော့ အနိမ့်ပိုင်းနေရာတွေတော့ မြုပ်နေတာပေါ့။ ရေက ဘုရားရှေ့ရောက်ပြီးဆိုရင် အကုန်မြုပ်ပဲ။ အခု ဘုရားရှေ့အထိတော့ ရေမရောက်သေးဘူး” ဟု ကျိုက်မရောမြို့ခံတစ်ဦးက ပြောဆိုသည်။

ရေကြီးရေလျှံနေသည့် ရပ်ကွက် ကျေးရွာတို့မှ ပြည်သူများကို ပြောင်းရွှေ့ထားနိုင်ရန်လည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က လုပ်ဆောင်လျက်ရှိကြောင်းလည်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ရေဘေးသင့်ပြည်သူများအတွက် ရေနှင့် စားနပ်ရိက္ခာအကူအညီလိုအပ်နေပြီး လက်ရှိတွင် လူမှုကယ်ဆယ်ရေး အဖွဲ့နှင့် အလှူရှင်တို့က ရေဘေးသင့်ပြည်သူများအတွက် သောက်သုံးရေများ၊ အစားအသောက်များ လှူဒါန်းပေးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းတိုင်းထွာချက်အရ အတ္ထရံမြစ်ရေသည် ၄၄၂ စင်တီမီတာအထိ ရောက်ရှိလာနေကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

အတ္ထရံမြစ်ရေ၏ အစိုးရိမ်ရေအမှတ်သည် ၅၂၀ စင်တီမီတာဖြစ်သည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ပေါင်မြို့နယ်တို့တွင် ရေကြီးရေလျှံမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။

ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း ကလေးအပါအဝင် ၄ ဦး ရေနစ်သေဆုံးခဲ့သည့်အပြင် တောင်ပြိုမှု၊ အုတ်တံတိုင်းပြိုကျမှုကြောင့် လူထိခိုက်မှုရှိခဲ့ပြီး ထောင်နှင့်ချီသည့်ပြည်သူများမှာလည်း ပြောင်းရွှေ့ခဲ့ရသည်။