တနင်္သာရီမြစ်ရေကြီးမှုကြောင့် နေအိမ်လေးဆယ်ကျော် ပြောင်းရွှေ့ရ

0
1469
ဓာတ်ပုံ - တနင်္သာရီမြို့ပေါ်ရှိ မြေနိမ့်ပိုင်းနေရာအချို့ ရေလွှမ်းနေစဉ်။

ယခုလအစမှစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေမြင့်တက်ကာ ရေကြီးမှုကြောင့် နေအိမ် လေးဆယ်ကျော် ပြောင်းရွှေ့ခဲ့ရကြောင်း ယင်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

တနင်္သာရီမြစ်ရေသည် ဩဂုတ်လ ၃ ရက်နေ့တွင် စိုးရိမ်ရေအမှတ် ၁၇ ပေအထိ ရောက်ရှိခဲ့ပြီး နေအိမ်အချို့ ရေလွှမ်းခဲ့ကြောင်း ယင်းမြို့နေသူအချို့က ပြောသည်။

ယင်းနောက် ဩဂုတ်လ ၇ ရက်နေ့တွင် ၁၈ ပေခွဲအထိ မြင့်တက်လာပြီး ဩဂုတ်လ ၈ ရက်နေ့တွင် တစ်ပေကျော်ခန့် ပြန်လည်ကျဆင်းခဲ့သဖြင့် ၁၇ ပေကျော်အထိ ရှိနေကြောင်း တနင်္သာရီမြို့နေသူတစ်ဦးက ဆိုသည်။

တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ် ၂၄ ပေ သတ်မှတ်ထားသည်။

“ရေတော့နည်းနည်းပြန်ဆင်းသွားတယ်။ မိုးကတော့ ရွာနေတာပဲ” ဟု တနင်္သာရီမြို့နေသူတစ်ဦးက ပြောဆိုသည်။

ယင်းကဲ့သို့ မြစ်ရေကြီးမှုကြောင့် မြေနိမ့်ပိုင်းနေရာများသို့ ရေများဝင်ရောက်ခဲ့သဖြင့် ချောင်းငယ်ရပ်ကွက်ရှိ အိမ်ထောင်စုသုံးစု ဩဂုတ်လ ၃ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ရကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ကျောက်တလုံးကျေးရွာအုပ်စု မြေမအုံကျေးရွာတွင် အိမ်ခြေ နှစ်ဆယ်ခန့်နှင့် ဆင်ခြေဖုန်းကျေးရွာအုပ်စု ဘန်းသဲကျေးရွာတွင် အိမ်ခြေ နှစ်ဆယ်ကျော်တို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုလေးဆယ်ကျော် လူဦးရေအားဖြင့် ၂၂၀ ဦးရှိကြကြောင်း ၎င်းက ဆိုသည်။

အဆိုပါရေဘေးသင့်သူတို့သည် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတို့ရှိ သတ်မှတ်ထားသည့် ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများ ပြောင်းရွှေ့နေထိုင်ကြရကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။

“ဒါတောင် စာရင်းတစ်ခုပဲ ရှိသေး။ ရပ်/ကျေး အုပ်ကျေးရေးမှူး၊ စာရေးတွေ မရှိတဲ့ ရွာတွေဘက်က လက်လှမ်း မမီတဲ့ရွာတွေလည်း ရေကြီးနေတာတွေ ရှိသေးတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့ပြင် ပဝကျေးရွာအုပ်စုရှိ ကျေးရွာအချို့တို့တွင်လည်း ရေကြီးရေလျှံနေကြောင်း ယင်းကျေးရွာအုပ်စုနေသူအချို့မှ သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေကြောင်း မိုးလေဝသဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၈ ရက်နေ့ ညနေ လေးနာရီက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းအထိ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကာ မိုးကြီးနိုင်ပြီး ရွာရန်ရွာနှုန်းပြည့် ရှိနေကြောင်းလည်း ဖော်ပြသည်။

တနင်္သာရီမြို့နယ်သည် နှစ်စဉ် ရေဘေးသင့်လေ့ရှိပြီး ယခင်နှစ်က စိုးရိမ်ရေအမှတ်သို့ ရောက်ရှိသဖြင့် နေအိမ်အချို့ ပြောင်းရွှေ့ခဲ့ရသည်။