လောင်းလုံးမြို့အဝင်တွင် ရှစ်လေးလုံးနေ့ဆန္ဒဖော်ထုတ်နေချိန် ကင်းလှည့်လာသည့် စစ်ကောင်စီကားပစ်ခတ်ခံရ

0
3578

ရှစ်လေးလုံးအရေးတော်ပုံ ၃၅နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လောင်းလုံးမြို့အဝင်တွင် ဆန္ဒဖော်ထုတ်နေချိန် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကားနှစ်စီးကို မိုင်းဆွဲပစ်ခတ်ခဲ့ကြောင်း ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

လောင်းလုံးမြို့ပေါ်ရှိ မိုးလေဝါသရုံးအနီး လမ်းမပေါ်တွင် Dawei Defense Team (DTT) တပ်ခွဲ (၃) ၊ ထားဝယ်-ပကဖ နှင့် ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ Guerrilla Dawei တို့ ပူးပေါင်း၍ ယနေ့ နံနက် ၇နာရီခွဲက ဆန္ဒဖော်ထုတ်ကြောင်း အထက်ပါပူးပေါင်းအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှစ်လေးလုံး အရေးတော်ပုံ ၃၅နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ‘၈၈၈၈’ စာသားကို ရေးဆွဲပြီး တာယာအဟောင်းများကို မီးရှို့နေ့စဉ် စစ်ကောင်စီတပ်က ကင်းလှည့်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်က ကားနှစ်စီးဖြင့် ရောက်ရှိလာသဖြင့် အသင့်စောင့်ကြိုပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ငါးမိနစ်ခန့် ကြာဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဆက်လက်ရေးသားထားသည်။

“ကနဦးအနေနဲ့ လမ်းမမှာ ရှစ်လေးလုံးအထိမ်းမှတ်အနေနဲ့ စာရေးထားတာရှိတယ်။ နောက်ပြီး တာယာသုံးကွင်းပေါ့။ အဲဒါတွေကို မီးရှို့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်။ ထိတွေ့မှုကတော့ မိနစ်အနည်းငယ်ပဲ ဖြစ်ပြီးတော့ ကျွန်တော်တို့ ပြန်လည် ဆုတ်ခွာခဲ့တယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးနိုင်သော်လည်း စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

ယင်းဖြစ်စဉ်ကို အထက်ပါပူးပေါင်းအဖွဲ့များက ပြုလုပ်ခဲ့ခြင်းသာဖြစ်ပြီး မိဘပြသည်သူများ၊ သပိတ်အဖွဲ့အစည်းများနှင့် လုံးဝမသက်ဆိုင်ကြောင်း အထက်ပါပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းနောက် စစ်ကောင်စီတပ်က ‌လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ်သုံးဆယ်ခန့်ကြာ ဆက်တိုက် ပစ်ခတ်နေသည်ကို ကြားရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယနေ့ ရှစ်လေးလုံး ၃၅ နှစ်ပြည့်နေ့တွင် ရန်ကုန်အပါအဝင် နိုင်ငံတဝန်းရှိ မြို့နယ်အချို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။