ဖွေထိုင်းပါတီ၏ လျာထားဝန်ကြီးချုပ်

0
2223

ထိပ်တန်း အိမ်ခြံမြေ လုပ်ငန်းစုတစ်ခု၏ အမှုဆောင်အရာရှိချုပ်ဟောင်း ဖြစ်သူ ၊ ဖွေထိုင်း(Pheu Thai)ပါတီ၏ အသက် ၆၀နှစ်အရွယ် ဆရက်သာ သာဝီဆင်သည် ထိုင်းနိုင်ငံ၏ နောက်လာမည့် ၀န်ကြီးချုပ်လောင်း နေရာ သို့ ရောက်လာဖွယ်ရှိနေသည်။

လာမည့်ဝန်ကြီးချုပ် ရွေးချယ်ပွဲတွင် ဆရက်သာ သာဝီဆင်ကို ၀န်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမည်ဖြစ်ကြောင်း ဖွေထိုင်းပါတီက တရားဝင် ကြေညာခဲ့သည်။

ဘုရင်စနစ် ဥပဒေကို ပြင်ဆင်ရန် ကတိကဝတ်ကို ရုပ်သိမ်းရန် ငြင်းဆိုခဲ့သည့် Move Forward ပါတီမပါဘဲ ညွန့်ပေါင်းအသစ်ပြန်ဖွဲ့ရန် ကြိုးပမ်းနေကြောင်းလည်း ယင်းပါတီကကြေညာခဲ့သည်။

ဆရက်သာ သည် လစ်ဘရယ်နိုင်ငံရေး အယူအဆများကို ကိုယ်စားပြုသည်ဟု ယူဆသော်လည်း အလွန်အမင်း ပြင်းထန်ခြင်းမရှိပေ။

အုပ်ချုပ်မှုအတွေ့အကြုံနှင့်အတူ ကျယ်ပြန့်သောအမြင်ရှိပြီး မျိုးဆက်သစ် လူငယ်များအပါအဝင် အများပြည်သူနှင့် ရှင်းရှင်းလင်းလင်း ပြောဆိုဆက်ဆံနိုင်သူ တစ်ဦး ဖြစ်သည်။

မဲဆွယ်စည်းရုံးရေးကာလတစ်လျှောက် နိုင်ငံတွင်း ဖြေရှင်းရန် လိုအပ်သော စီးပွားရေးနှင့် လူမှုရေး မညီမျှမှု ပြဿနာများကို ဖြေရှင်းရန် အရေးကြီးကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

နစ်ဒ် ဟု ချစ်စနိုးခေါ်သည့် ဆရက်သာ သာဝီဆင် ကို ၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ Claremont Graduate School မှ ဘဏ္ဍာရေးဆိုင်ရာ မဟာဘွဲ့ကို ရရှိခဲ့သည်။

၎င်း၏ အမျိုးသမီးမှာ ထိုင်းနိုင်ငံ၏ နာမည်ကျော် ပုဂ္ဂလိကဆေးရုံကြီး ဘမ်ရန်ဂရတ် ဆေးရုံရှိ VitalLife ကျန်းမာရေး စင်တာတွင် တာဝန်ထမ်းဆောင်နေသည့် ၊ သက်ကြီး ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ ပတ်ပီလိုင် သာဝီဆင်ဖြစ်သည်။

၎င်းတို့မှာ အိမ်ထောင်သက် ၃၄ နှစ် ကျော်ပြီ ဖြစ်ပြီး သားသမီး ၃ ဦး ရှိသည်။

ဆရက်သာ သည် Procter & Gamble ကုမ္ပဏီတွင် ထုတ်လုပ်မှုဆိုင်ရာ လက်ထောက်အဖြစ် ၁၉၈၆ ခုနှစ်တွင် စတင် အလုပ်ဝင်ခဲ့ပြီး လေးနှစ်ကြာ လုပ်ကိုင်ခဲ့သည်။

ထို့နောက် သူသည် ၎င်း၏အစ်ကိုဝမ်းကွဲ အပီချတ် ချူထရာကူလ် ပိုင်ဆိုင်သော ကုမ္ပဏီ ဖြစ်သည့် San Samran သို့ ပြောင်းရွှေ့ခဲ့သည်။ နောက်ပိုင်းတွင် ကုမ္ပဏီအမည်ကို Sansiri ဟု ပြောင်းလဲခဲ့သည်။ နောက်ပိုင်းတွင် ဆရက်သာ သည် အဆိုပါ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ရာထူးကို တာဝန်ယူခဲ့သည်။

ကိုယ်တိုင်ကလည်း ဘောလုံးအားကစားကို နှစ်သက်သူ ဖြစ်သည့် ဆရက်သာ သည် လီဗာပူးလ် ဘောလုံးအသင်း၏ ပရိသတ်လည်း ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့လယ်ရှိ အင်တာကွန်တီနန်တယ် ဟိုတယ်တွင် တည်းခိုနေထိုင်ရန် အပါအဝင် UEFA ဖလား ဖိုင်နယ်ပွဲစဉ် ကြည့်ရှုရန် ဗွီအိုင်ပီ ကတ်အတွက် စတာလင်ပေါင် တစ်သောင်း သုံးစွဲခဲ့ကာ လီဗာပူးလ်နှင့် ရီးယဲလ်မက်ဒရစ်တို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုခဲ့သူ ဖြစ်သည်။

ထို့အပြင် ၎င်း၏ Sansiri ဘောလုံးအကယ်ဒမီ ကလည်း ၂၀၀၆ ခုနှစ်မှစတင်၍ လူငယ်ကစားသမားများကို အခမဲ့ လေ့ကျင့်သင်ကြားပေးကာ မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ခြင်းဖြင့် ထိုင်းဘောလုံးလောကတွင် ပါဝင်ကူညီခဲ့သည်။ အဆိုပါ စီမံကိန်းတွင် ပါဝင်သူများထဲမှ တစ်ဦးမှာ ထိုင်းလက်ရွေးစင်ကစားသမား ချန်နာထစ် ဆုန်ကရာဆင် ဖြစ်သည်။

“ဦးလေးနစ်က ဆင်းရဲတဲ့ ကလေးတွေကို ဘောလုံးကစားဖို့ အခွင့်အလမ်း ပေးတယ်။ သူပေးထားတဲ့ အလားအလာတွေကြောင့် ဒီနေ့ ကျွန်တော်က ဒီလို အနေအထား ကို ရောက်လာခဲ့တာပါ။ ဒါက ကျွန်တော်ကို အောင်မြင်စေတဲ့အရာအားလုံး မဟုတ်ပေမယ့်လည်း ကျွန်တော့်အတွက် ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ” ဟု ချန်နာထစ် က ရှင်းပြသည်။

၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ဆရက်သာ သည် ဖွေထိုင်း ပါတီဝင်အဖြစ် နိုင်ငံရေးလောကသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ၎င်း၏ အမှုဆောင်အရာရှိချုပ်ရာထူးမှ တရားဝင်နုတ်ထွက်ခဲ့သည်။ ဖွေထိုင်းပါတီ၏ အဓိက ဆွဲဆောင်မှုတစ်ခုဖြစ်သည့် စီးပွားရေးမူဝါဒမှတစ်ဆင့် အနိုင်ရရန် ထောက်ခံမှုကို အာရုံစိုက်ကာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဖီထာ နှင့် Move Forward ပါတီ၏ လူကြိုက်များမှုကို မကျော်လွှားနိုင်ခဲ့ပေ။ ဖွေထိုင်းပါတီသည် အမတ်နေရာ ၁၀ နေရာနှင့် စုစုပေါင်းမဲ ၄ သန်း အကွာဖြင့် Move Forward ပါတီ နောက်တွင်သာရှိခဲ့သည်။

ဖီထာ သည် ‘Pita mania’ (ဖီထာအပေါ် ရူးသွပ်လောက်အောင် အားပေးမှု) ဟုခေါ်သော ဖြစ်စဉ်တစ်ခုကို ဖန်တီးခဲ့ပြီး ‘Domsom’ (လိမ္မော်ရောင် ပရိသတ်ထု) ဟုခေါ်သော မျိုးဆက်သစ်နောက်လိုက်များ ရှိလာပြီး ပါတီကို ရွေးကောက်ပွဲ၏ အောင်ပွဲသို့ ဦးဆောင်ခဲ့သည်။ သူပေါ်လာသည့်နေရာတိုင်းတွင် အဆိုပါ လိမ္မော်ရောင် ပရိသတ်များက သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေသော်လည်း အထက်တန်းစား၊ စီးပွားရေးအုပ်စုကြီးများ၊ အာဏာရှင်ဟောင်းများ အုပ်စု စသည်တို့သည် ဖီထာ ကို ဖြစ်နိုင်သမျှ နည်းမျိုးစုံဖြင့် တားဆီးခဲ့သည်။

၎င်း၏ ITV ရှယ်ယာများကြောင့် ဖီထာအပေါ် လွှတ်တော်အမတ်ဖြစ်ရန် အရည်အချင်းပြည့်မီခြင်းရှိမရှိ စီရင်ချက်ကို လက်ခံကြားနာခဲ့ကာ လွှတ်တော်ရေးရာ တာဝန်များကို ၂၀၂၃ခုနှစ် ၊ ဇူလိုင် ၁၉ ရက် မှစတင် ရပ်နားထားရန် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အမိန့်ထုတ်ခဲ့သည်။

ထို့ကြောင့် လစ်ဘရယ် နိုင်ငံရေးအဝန်းအဝိုင်းတွင် ဝန်ကြီးချုပ်ဖြစ်လာရန် အခွင့်အလမ်းသည် စီးပွားရေးအသိုင်းအဝိုင်းက လှိုက်လှိုက်လှဲလှဲကြိုဆိုသော ဆရက်သာ သာဝီဆင် ထံ ကူးပြောင်းသွားခဲ့သည်။

အဆိုပါ အနေအထားသည် ထိုင်းစတော့ဈေးကွက်အညွှန်းကိန်း အတွက်လည်း ထင်ဟပ်နေသည်။ ဇူလိုင်လ ၁၃ ရက်နေ့တွင် ပထမအကျော့မဲပေးမှုတွင် ဖီထာ ရှုံးနိမ့်ပြီးနောက် စတော့ရှယ်ယာ အညွှန်းကိန်းသည် ဆက်လက်မြင့်တက်ခဲ့သည်။

ဖွေထိုင်းပါတီ၏ ပေထုံတန် ရှင်နာဝပ်ထရာ က သူမအနေနှင့် ဆရက်သာ ကို လုံးဝ ထောက်ခံကြောင်း ၊ သူဟာ တတ်နိုင်သမျှ ပြဿနာတွေကို အချိန်မီ ကိုင်တွယ်ဖြေရှင်းလေ့ ရှိသူ ဖြစ်ကြောင်း ဇူလိုင် ၁၈ ရက်နေ့ တွင် ပြောကြားခဲ့သည်။

သူမ၏ ဖခင် ဖြစ်သူ ၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ၎င်း၏မွေးနေ့ ဇူလိုင် ၂၆ ရက်က ဖွေထိုင်းပါတီ လွှတ်တော်အမတ်များ အစည်းအဝေးတွင် ၎င်း၏မွေးနေ့ကို နေအိမ်သို့ မပြန်မီတွင် ကျင်းပခွင့်ရသည့်အတွက် ဝမ်းသာမိကြောင်း ဗီဒီယိုဖြင့် ပြောဆိုခဲ့သည်။

ဆရက်သာ သာဝီဆင်က အစိုးရတာဝန် ထမ်းဆောင်ကာ သမီးဖြစ်သူ ပေထုံတန် က ပါတီအတွက် အလုပ်လုပ်နေချိန် တွင် သူ့အနေနှင့် မြေးတွေကို ပြုစုပျိုးထောင်ဖို့ ပြည်တော်ပြန်လာချင်ကြောင်း ၊ ဆရက်သာ သည် ထိုင်းနိုင်ငံ၏ အသက် ၃၀ မြောက် ၀န်ကြီးချုပ်ဖြစ်လာမည်ဟု သူ့အနေနှင့် အာမခံကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သို့သော်လည်း ဖွေထိုင်းပါတီသည် ညွန့်ပေါင်းအသစ်ဖွဲ့စည်းရန်နှင့် လွှတ်တော်အမတ်အများစု ထံမှ သဘောတူညီမှုကို ရယူနိုင်ရန် ယခင် ရှစ်ပါတီညွန့်ပေါင်းနှင့်အတူ Move Forward ပါတီကိုပါ စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်သောကြောင့် Move Forward ထောက်ခံသူများဆီက အပြင် ဒီမိုကရေစီ လိုလားသည့် အဖွဲ့အစည်းများထံကပါ ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသည်။

======================================================

ဘာသာပြန် – ဒါလီ

WHO IS SRETTHA THAVISIN, A NEW PRIME MINISTER CANDIDATE? By Khaosod English ဆောင်းပါး ကို ဘာသာပြန်ဆိုရေးသားသည်။