ဘီးလင်းတွင် ရေကြီးပြီး ဒေသခံထောင်နှင့်ချီ ဘေးလွှတ်ရာပြောင်းရွှေ့ရ

0
1847

မွန်ပြည်နယ်၊ ဘီးလင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေပြီး ထောင်နှင့်ချီသည့် ဒေသခံများကို ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဘီးလင်းမြို့နယ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ် ၂ ရက်နေ့မှစတင်ကာ ဘီးလင်းမြစ်ရေ မြင့်တက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထို့နောက် ကန်သာယာ၊ ဘိုးရာဇာ၊ ဆရာစံ၊ ဘိုးလှကြီး စသော မြို့ပေါ်ရပ်ကွက်များနှင့် အလူးလေး၊ တောင်စွန်း၊ ရွှေလှေ၊ ဒေါက်ရပ်၊ နှင်းပုလဲ၊ ရန်ပြေ၊ မဲလံဂေါင်း ကျေးရွာတို့တွင် ရေကြီးရေလျှံကြောင်း ၎င်းတို့က ပြောသည်။

လက်ရှိတွင် ဘီးလင်းမြို့ပေါ်ရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်း ၁၀ ခုခန့် ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူများကို ရွှေ့ပြောင်းထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“ဘီးလင်းမြို့ပေါ်က ရပ်ကွက်တွေ အားလုံးနီးပါး ရေဝင်နေတယ်။ အနိမ့်ပိုင်းမှာရှိတဲ့ ကျေးရွာတွေလည်း ရေမြုပ် နေတယ်။ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပြီးတော့ တချို့ကတော့ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့ထားရတယ်။ တချို့ကလည်း ရေပြန်ကျမလား စောင့်ကြည့်ရင်းနဲ့ မပြောင်းတာတွေလည်း ရှိနေတယ်” ဟု လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ရေဘေးသင့်ပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့၊ ပရဟိတအဖွဲ့နှင့် အလှူရှင်တို့က အစားအသောက်နှင့် သောက်ရေများ လှူဒါန်းပေးနေပြီး စစ်ကောင်စီဘက်က ကူညီလုပ်ဆောင်ပေးမှု မရှိသေးကြောင်း ဒေသခံတို့က ဆိုသည်။

ဘီးလင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာရှိပြီး ယနေ့ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ၁၀၄၃ စင်တီမီတာရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။  

ဘီးလင်းမြစ်ရေသည် ဩဂုတ်လ ၄ ရက်နေ့တွင် အနည်းငယ်ပြန်ကျသွားသော်လည်း စိုးရိမ်ရေအမှတ်အထက်တွင် တည်ရှိနေဆဲဖြစ်သည်။

“ဘီးလင်းမြစ်ရေ တက်လာတာနဲ့ မြစ်အနီးမှာရှိနေတဲ့ ရပ်ကွက်တွေ ကျေးရွာတွေနဲ့ အနိမ့်ပိုင်းနေရာတွေမှာ ရေဝင်လာတာ။ ရေဝင်တော့ လူတွေက ပြောင်းရွှေ့ရတာပေါ့။ ဘီးလင်းမြစ်ရေက နည်းနည်းတော့ ပြန်ကျသွားတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

ယနေ့တွင် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ကားလမ်းရေကျော်နေကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

ဘီးလင်းမြစ်ရေမြင့်တက်လာခြင်းကြောင့် ဘီးလင်းမြစ်အောက်ပိုင်းရှိ သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စုတွင်လည်း ရေကြီးရေလျှံနေပြီး အနိမ့်ပိုင်းတွင် နေထိုင်သူများ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများထံမှ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက်ပိုင်းထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးဆက်ကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ပေါင်မြို့နယ်တို့တွင် ရေကြီးရေလျှံမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း ကလေးအပါအဝင် လေးဦး ရေနစ်သေဆုံးခဲ့သည့်အပြင် တောင်ပြိုမှု၊ အုတ်တံတိုင်း ပြိုကျမှုကြောင့် လူထိခိုက်မှုရှိခဲ့ပြီး ထောင်နှင့်ချီသည့်ပြည်သူများလည်း ပြောင်းရွှေ့ခဲ့ရသည်။

မွန်ပြည်နယ်အတွင် လေပြင်းတိုက်ခတ်မှုကြောင့်လည်း သစ်ပင်ပြိုလဲခြင်း၊ နေအိမ်အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။