မြိတ်-ထားဝယ်ကားလမ်းတွင် မူးယစ်ဆေးနှင့် စစ်တပ်ထုတ်အရက်များဖမ်းမိကြောင်း PDF ပြော

0
1568

မြိတ်-ထားဝယ်ကားလမ်းတွင် WY ဆေးပြား ၇၀၀၀ ကျော်နှင့် စစ်ကောင်စီထုတ် အာမီရမ်အရက် ဖာ ၂၀၀ အလုံးရေ အားဖြင့် ၂၄၀ဝကို ဖမ်းမိကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ထံကသိရသည်။

စစ်ကောင်စီက အသစ်ရိုက်ထုတ်သည့် ကျပ်နှစ်သောင်းတန်ငွေစက္ကူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဩဂုတ်လ ၂ရက် နေ့လယ်ပိုင်းက ဖမ်းဆီးရန် ရှာဖွေစဉ် ယင်းသို့ဖမ်းမိခြင်းဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ယင်းသို့စစ်ဆေးနေချိန် အရက်ဖာများ တင်ဆောင်လာသည့် ကုန်တင်ကားနှင့် မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် ဆိုင်ကယ်တို့ကို ဖမ်းမိကြောင်း ၎င်းက ဆိုသည်။

ကားသမားနှင့် နောက်လိုက်အမျိုးသားတို့ကို နောင်တွင် စစ်ကောင်စီတပ်ထုတ်ကုန်များကို မသယ်ယူရန် အာမခံချက်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းက ပြောဆိုသည်။

အရက်ပုလင်းများကိုလည်း ဖျက်ဆီးလိုက်ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ထံကသိရသည်။

WY ဆေးပြားများ သယ်ဆောင်လာသည့် ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးကိုမူ စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွယ်မှုရှိသဖြင့် စိစစ်နေဆဲဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းရန်အတွက် စစ်တပ်က အသစ်ရိုက်ထုတ်သည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်များကို အသုံးမပြုရန်နှင့် သုံးစွဲနေသည်ကို စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းပြီး သုံးစွဲသူရှေ့တွင် မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။