ဆန်နှင့် စားအုန်းဆီဈေး တက်နေဆဲဖြစ်သည့် မြိတ်ကုန်စည်ဈေးကွက်

0
1375

မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ယခုအပတ်၌ ဆန်နှင့် စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်နေဆဲ ဖြစ်သည်။၊

ဆန်ဈေးကွက်တွင် ဆန်တစ်အိတ်လျှင် ယခင်အပတ်ထက် အနည်းဆုံး ၂၀၀၀ ကျပ်မှ အများဆုံး ၁၀၀၀၀ ကျပ်အထိ မြင့်တက်လာသည်။

ယခင်အပတ်က ဆန်ကြမ်းတစ်အိတ်လျှင် ၈၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ် ဈေးတက်သဖြင့် ယခုအပတ်တွင် ၈၃၀၀၀ ကျပ်ဖြစ်လာသည်။

ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ယခင်အပတ်က ၁၂၀၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် ဈေးတက်သဖြင့် ယခုအပတ်တွင် ၁၃၀၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြသည်။

ပေါ်ဆန်းမွှေးရိုးရိုးတစ်အိတ်လျှင် ယခင်အပတ်က ၁၀၀၀၀၀ ကျပ်မှ ၅၀၀၀ ကျပ် ဈေးထပ်တက်သဖြင့် ယခုအပတ်တွင် ၁၀၅၀၀၀ ကျပ်နှုန်း ဖြစ်လာခဲ့သည်။

ထို့အပြင် ၁၀ ပိဿာဆံ့ စားအုန်းဆီပုံးဝါတစ်ပုံးလျှင် ယခင်အပတ်က ၇၅၀၀၀ ကျပ်မှ ၃၀၀၀ ကျပ် ဈေးထပ်တက်သဖြင့် ယခုအပတ်တွင် ၇၈၀၀၀ ကျပ်ဖြစ်နေသည်။

သားငါးဈေးကွက်တွင် ငါးအမျိုးအစားအပေါ်မူတည်ပြီး ယခင်အပတ်ထက်တစ်ပိဿာလျှင် ကျပ်ထောင်ဂဏန်းအထိ မြင့်တက်လာသည်။

မော်တော်ယာဉ်တို့တွင် အသုံးပြုများသည် ၉၂ အောက်တိန်း ဓာတ်ဆီတစ်လီတာလျှင် ယခင်အပတ်က ၂၅၄၅ ကျပ်မှ ယခုအပတ်တွင် ၂၅၉၀ ကျပ်နှုန်း ဖြစ်လာသည်။

ပုစွန်ခြောက်ဈေးနှုန်းတို့မှာမူ ပြောင်းလဲမှုမရှိသေးဘဲ တည်ငြိမ်နေဆဲဖြစ်သည်။

စစ်ကောင်စီက ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်များ ထွက်မည်ဟု ဇူလိုင်လ ၂၃ ရက်နေ့က ကြေညာပြီးအချိန်မှစပြီး ယနေ့အချိန်အထိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေဆဲ ဖြစ်သည်။