မဲဆောက်တွင် အသီးအရွက်တင်ကုန်ကားပေါ် ပုန်းခိုလိုက်လာသော မြန်မာလုပ်သား ၅၀ကျော် ဖမ်းဆီးခံရ

0
1394

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်ဒေသတွင် ဟင်းသီးဟင်းရွက်တင် ကုန်ကားပေါ်တွင် တရားမဝင်ပုန်းခို လိုက်ပါလာသော မြန်မာအလုပ်သမား ၅၂ဦး ဩဂုတ်လ ၃ရက်ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မဲဆောက်မြို့ မယ်ပဒေသရှိ စစ်ဆေးရေးဂိတ်တွင် သတင်းအရ ခြောက်ဘီးတပ်ကုန်တင်ကားကို ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။

ကုန်တင်ကားအနောက်ပိုင်းကို စစ်ဆေးရာတွင် အထဲက အသံကြားသဖြင့် အသီးအရွက်များကို ဖယ်ရှားစစ်ဆေးရာမှ မြန်မာအလုပ်သမားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများအနက် မြဝတီနယ်စပ်မှ ယာယီနယ်စပ်ဖြတ်ကျော်ကတ်ကိုင်ဆောင် ဝင်ရောက်လာသူ ၃၂ဦး ပါဝင်ပြီး ကျန် ၂၀ဦးမှာ အထောက်အထား မရှိကြောင်း ဆိုသည်။

ထိုင်းကားသမားသည် ကားပေါ်တွင် မြန်မာအလုပ်သမားများ လိုက်ပါလာသည်ကို မသိရှိဟု ထွက်ဆိုပြီး ဟင်းသီးဟင်းရွက် ပို့ဆောင်ပေးမှုအတွက် ဘတ် ၁၀၀၀၀ သာ ရရှိခဲ့သည်ဟုလည်းဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် ခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ ကုန်ကျခဲ့ပြီး အားလုံးစုစုပေါင်း ဘတ် တစ်သန်းခန့်ရှိနိုင်ကာ ဘန်ကောက်သို့ သွားရောက်လုပ်ကိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။

မြန်မာအလုပ်သမားများနှင့် ထိုင်းကားသမားကို အရေးယူရန် မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး အရေးယူပြီးနောက် မြန်မာအလုပ်သမားများကို နေရပ်ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သော ဇူလိုင်လတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ၂၈၀ ကျော်အထိ ဖမ်းဆီးခံခဲ့ရပြီး ကားတိုက်မှုကြောင့် မြန်မာအလုပ်သမား လေးဦး သေဆုံးခဲ့ကြောင်း Dawei Watch က စုစည်းထားသည့် အချက်အလက်များအရ သိရှိရသည်။