ထားဝယ်တွင် လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားခံရသည့် ဒေသခံများ ပြန်လွတ်

0
1575

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာမှ ဒေသခံများကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်းတွင် ရေဖြူဘက်မှလာသည့် စစ်ကောင်စီတပ်ကားမှာ မောင်မယ်ရှောင်ရွာအနီးတွင် တိုက်ခိုက်ခံရသဖြင့် မောင်မယ်ရှောင်ရွာသား နှစ်ဆယ်ဝန်းကျင်ခန့်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မောင်မယ်ရှောင်ရွာမှ နှစ်မိုင်ခန့်အကွာ ဇာဟာရွာအရောက် ညနေ ၆ နာရီခန့်တွင် အားလုံးပြန်လွှတ် ပေးလိုက်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အိမ်ထဲကယောက်ျားတွေ အကုန်ထွက်လို့ ခေါ်တယ်။ ပစ်ခံရမှာစိုးလို့ ထွက်ကြရတယ်။ အဲ့လူတွေ အကုန်ခေါ်သွားတာပဲ။ အားလုံးညနေပိုင်းမှ ပြန်လွတ်လာကြတယ်”ဟု ၎င်းကပြောသည်။

မောင်မယ်ရှောင်ရွာသားများနှင့်အတူ ဖမ်းဆီးခံရသည့် ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားသုံးဦးမှာ ပြန်လွတ်မလွတ် မသိရသေးပေ။

၎င်းတို့သုံးယောက်ကို လက်နှောင်ကြိုးတုတ်၍ သီးသန့်ခေါ်ယူသွားသည်ဟုဆိုသည်။

အဆိုပါကျောင်းသားသုံးဦးမှာ ထားဝယ်နည်းပညာတက္ကသိုလ်‌တွင် အဆောင်နေကျောင်းသားအဖြစ် အခြားဒေသမှ လာရောက်နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်းက မြေတင်ကားဖြင့်  ရေဖြူဘက်မှာလာသည့် အင်အား ငါးဆယ်ကျော်ပါစစ်ကြောင်းကို မောင်မယ်ရှောင်ရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dawei  Guerrilla Revolutionary  Force -DGRF (ထားဝယ်-ပကဖ)ကလည်း ထုတ်ပြန်ထားသည်။