❝ အိပ်မပျော်လို့ရေးတဲ့စာ (သို့) အတိတ်သို့ စုန်ကြည့်ခြင်း ❞

0
2141

ကိုယ်တွေ ဆယ်ကျော်သက်အရွယ် ခပ်ငယ်ငယ်တုန်းကတော့ “ငါကြီးလာရင် ဘာကြီး ဖြစ်အောင် ဘယ်လိုလုပ်လိုက်မယ်” ဘာညာစတဲ့ တက်ကြွတဲ့ အတွေးစိတ်ကူးတွေနဲ့ပေါ့။

လောကလှိုင်းတံပိုးတွေ မုန်တိုင်းတွေ လေပြေတွေ ဖြတ်သန်းပြီးတဲ့ အသက်အရွယ် အပိုင်းကို ရောက်လာချိန်မှာတော့ “ငါတို့ ငယ်ငယ်တုန်းက ဘာတွေကို ဘယ်လိုလုပ်ခဲ့တယ်” ဆိုတဲ့ အတွေးတွေနဲ့ ငယ်ဘဝကို လွမ်းခဲ့ရ ပြန်ရောလေ . . .

မြို့နဲ့ (၁၀)မိုင်ကျော်ဝေးတဲ့ တံငါရွာလေးဟာ ကိုယ့်ဇာတိပေါ့။ ဝါဝင် ဝါကျွတ် တစ်အိမ် တစ်ယောက်လုပ်အားပေးနဲ့ နှစ်တိုင်းပြင်ရတဲ့ မိုးတွင်းဗွတ်ထ နွေမှာဖုန်ထူ မြေနီတစ်ဝက် ကျောက်တစ်ဝက်ရှိတဲ့ ရွာလမ်းလေးကို လွမ်းမိသလို မိုးရာသီမှာ ကိုယ်တို့ကလေးတသိုက်ကို ရေချိုးမပျင်းဖို့ သင်ပေးခဲ့တဲ့ ရွာအဝင်က စမ်းချောင်းလေးကိုလည်း မြင်ယောင်မိပါသေးတယ်။ ဒီစမ်းချောင်းလေးက ရွာထိပ်ကနေ ရွာအဆုံး ပင်လယ်ထဲအထိ စီးဆင်းနေလို့ တစ်ရွာလုံးကို အကျိုးပြုရှာပါတယ်။

ရွာကနေ မြို့ကိုတစ်ခေါက် သွားဖို့အရေး ရွာနီးချုပ်စပ် (၅) ရွာပေါင်းစပ်မှ တစ်နေ့ကို တစ်စီးတည်းသာ ထွက်တဲ့ကားကို စောင့်စီးကြရပါတယ်။ ဈေးရောင်းဈေးဝယ်သူတွေကို အဓိက ထားတဲ့ ကားဖြစ်လို့ ရွာအခေါ်တော့ ဖောက်သည်မကား လို့ခေါ်ကြတယ်။ ဖောက်သည်မတွေ မစုံမချင်း ကားကတော်ရုံနဲ့ မထွက်ဘူး။ တချို့ဖောက်သည်မတွေဆို အိမ်အရောက် စောင့်ခေါ် ရသေးတယ်။ ထွက်တဲ့ကားက တို့ရွာမှာပဲ ဂိတ်အစ တို့ရွာမှာပဲ ဂိတ်အဆုံးဆိုတော့ မနက် တစ်ခေါက် ညနေတစ်ခေါက် ခရီးသည်တွေနဲ့ တရုန်းရုန်းပေါ့လေ။

ဈေးသည်၊ ဝန်ထမ်း၊ သူကြီး၊ ဘုန်းကြီး အစရှိတဲ့ ရွာပေါင်းစုံ လူပုဂ္ဂိုလ်ပေါင်းစုံကို မနိုင်ဝန် ထမ်းရတဲ့ စစ်ကျန်ချက်ဘလက်ကားကြီးက အသံကုန်ထုတ်ပြီး (၁၀)မိုင်ခရီးကို တနေကုန် မောင်းရရှာတယ်။ ကားခေါင်မိုးပေါ်မှာ ကားနံပါတ်ပြားကို တွယ်ကိုင်စီးရသူက VIP ပဲ။

အကြောင်းအမျိုးမျိုးကြောင့် ဒီကားကိုမှ မမီတော့ဘူး၊ အရေးကြီးကိစ္စရှိလို့ နောက် တစ်နေ့ကိုလည်း မစောင့်နိုင်ဘူး၊ အချိန်ကလည်း ရှိသေးတယ် ဆိုရင်တော့ တစ်မိုင်ကျော်ကျော် ဝေးတဲ့ အရှေ့ရွာကို ခြေကျင်လျှောက်ပြီး ဂျစ်ကားစီးပြီး ခရီးဆက်နိုင်ပါတယ်။

ညနေစောင်းလို့ ကားစက်သံကြီး တစ်မိုင်လောက်က ကြားရပြီဆို အမေတို့ အစ်မတို့ မြို့ ကပြန်လာပြီဆိုတာ ကြိုသိနေရပြီ။

ရွာမှာဆို နွားလှည်းရှိသူတွေက သူဌေးပဲ။ ဆင်းရဲ ချမ်းသာ သိပ်မကွာလှဘူး။ မြို့ကို သွားချင်ရင် စီးရမဲ့ကားက တစ်စီးပဲရှိတယ်။ ပိုက်ဆံရှိသူဆိုပြီး ရွေးချယ်ခွင့် သိပ်မရှိပါဘူး။ အလွန်အကျွံ့ အခွင့်အရေးလိုချင်ရင်တော့ ကားအရှေ့ခန်းမှာ စီးခွင့်ရဖို့ ကြိုးစားနိုင်ပါတယ်။

အစောကြီးလာပြီး နေရာဦးထားတာမျိုးပေါ့။ ဒါတောင် ဘုန်းကြီးရဟန်းတွေနဲ့ တိုက်ဆိုင်သွားရင် မလွယ်တော့ပြန်ဘူး။ အားလုံးဟာ သွားချိန်ပြန်ချိန် အတူတူပဲ။

ထူးခြားချက်အနေနဲ့ အိမ်ခြေ(၂၀၀) လောက်ရှိတဲ့ ကိုယ်တို့ရွာမှာ ကိုယ်တို့မမွေးခင် ကတည်းက အစိုးရလျှပ်စစ်မီးရတဲ့အိမ် (၂၀)လောက်ရှိတယ်။ မီးလာတဲ့ညဆို သစ်သားလမ်း မီးတိုင်အောက်မှာ စာကျက်လို့ရတယ်။ တူတူပုန်းတမ်း၊ ထုပ်ဆီးထိုးတမ်းစတဲ့ ကစားနည်း ပေါင်းစုံ ကစားလို့ရတယ်။ နောက်ပိုင်းတော့ ဘာကြောင့်မှန်းမသိ လျှပ်စစ်မီးက ဆယ်စုနှစ်နဲ့ ချီပြီး ပြတ်တောက်သွားခဲ့တယ်။

မုန့်ပဲသရေစာအနေနဲ့ အများအားဖြင့် မုန့်အိုးကင်းကပ်(မုဘ္လား)၊ မုန့်လင်မယား(မုခွပ် သား)၊ ဘိန်းမုန့်(ဘိမု)၊ ဘယာကြော်(ပြာကြော်)တို့ပါ။ ကလေးသဘာဝ အလကားရှာစားလို့ရတဲ့ အသီးတွေပဲ စားဖြစ်တာ မှတ်မိပါတယ်။ ဒေသအခေါ် (ကီသီး၊ ဘော်အိုးက္လယ်သီး၊ ဂန်းသီးနုဝါး၊ မှန်းချိုးမဲသီး၊ ဘွတ်သီး၊ တောဗြောသီး၊ တွန်မန်းဂျီးသီး၊ မွှန်းရှင်သီး)တွေပါ။

လက်ဖက်ရည် ကတော့ အဲဒီခေတ်ရဲ့ထုံးစံအတိုင်း မကျန်းမမာဖြစ်မှ သောက်ခွင့်ရတဲ့ ဓာတ်စာတစ်မျိုးပါ။

ကလေးဘဝမှာ အပျော်ဆုံးအချိန်တွေကတော့ ဆွမ်းတော်ကြီးတင်ပွဲနဲ့ သီတင်းကျွတ် မီးထွန်းပွဲ တွေပါပဲ။ နှစ်စဉ် တော်သလင်းလပြည့်နေ့ ညရောက်တိုင်း ဆရာ/မတွေရဲ့ ဦးဆောင် မှုနဲ့ ရွာအလယ်မှာရှိတဲ့ စာသင်ကျောင်းလေးမှာ ဆွမ်းတော်ကြီးတင်ပွဲ ကျင်းပကြပါတယ်။ ဆွမ်းတော်ကြီးတင်တဲ့ညမှာ ရပ်ရွာလူကြီးတွေစုပြီး ပရိတ်တရားတွေကို ရွတ်ဖတ်ကြတယ်။ အိမ်ပေါက်စေ့က မုန့်တွေလုပ်ကြပြီး လာလှူကြတော့ ကလေးတွေအတွက် မုန့်ပွဲတော်ကြီး ဆိုလည်း မမှားဘူးပေါ့။

သီတင်းကျွတ် မီးထွန်းပွဲကတော့ ထုံးစံအတိုင်း မီးပုံးပျံကြီးတွေ လွှတ်ကြတယ်။ ဗျောက် အိုးတွေ ဖောက်ကြတယ်။ အပျိုလူပျိုတွေက ဘုန်ကြီးကျောင်း ဝေယျဝစ္စအတွက် ကံစမ်းမဲ ရောင်းကြတယ်။ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတယ်လေ။ ဘုန်းကြီးကျောင်း စင်္ကြန်တိုင်တွေမှာ ရုပ်ပြလေးတွေရေးထားတဲ့ ရောင်စုံမီးပုံးလေးတွေ ချိတ်ထားတာကို တငေးတမောကြည့် ရ တယ်။ နောက်ပိုင်းမှာ ကိုယ်တိုင်လဲ မီးပုံးမှာကပ်တဲ့ ရုပ်ပြလေးတွေရေးခဲ့ဖူးတယ်။ ခုတော့လဲ ဒီအလေ့အထတွေ ပျောက်ကွယ်သွားတာ အတော်ကြာခဲ့ပြီပေါ့။

ကလေးဘဝမှာ အပျော်ဆုံးအချိန်တွေကတော့ ဆွမ်းတော်ကြီးတင်ပွဲနဲ့ သီတင်းကျွတ် မီးထွန်းပွဲ တွေပါပဲ။

တီဗီလား မရှိပါဘူး၊ အဖြူအမဲရုပ်ရှင်ကို ညဖက်ဆို တစ်မိုင်သာသာဝေးတဲ့ တစ်ဖက် ရွာကို ခြေကျင်သွားကြည့်ရတယ်။ ရုံဝင်ခ တစ်ကျပ်ထင်ပါတယ် အတိအကျ မမှတ်မိတော့ပါ။ ရွှေဘ၊ ညွန့်ဝင်းတို့ ဝါဝါဝင်းရွှေ၊ ခင်သန်းနုတို့ခေတ်ပေါ့။ မင်းသား မင်းသမီး အနှိပ်စက်ခံနေရချိန် ရဲတွေလာရင် လက်ခုပ်တီးပြီး “ဟေး” လို့ ထထအော်ကြတာကို အခုထိမှတ်မိသေးတယ်။

အဲတုန်းက ကိုယ်တို့ရဲ့ entertainment တွေအနေနဲ့ နံပါတ်တစ်က ဇာတ်ပွဲပေါ့၊ ကိုယ်တို့ရွာက တစ်နှစ်တစ်ခါလောက်တော့ ဇာတ်ပွဲကြည့်ရလေ့ရှိပါတယ်။ ရွာမှာပိုက်ဆံ ကောက်ပြီး ဇာတ်ပွဲကို လနဲ့ချီစောပြီး ငှားထားရတယ်။ ဘယ်နေ့တော့ တို့ရွာမှာ ဇာတ်ပွဲရှိတယ် ဆိုပြီး ကိုယ့်အချင်းချင်းလဲ ထပ်တလဲလဲပြောကြသလို၊ ရွာနီးချုပ်စပ်ကိုလည်း သတင်းပေး သလိုလိုနဲ့ ကြွားကြတာပေါ့။ ဇာတ်ပွဲဝင်မဲ့နေ့ဆို ဇာတ်စင်ထိုးပြီး ဇာတ်ကားအလာကို တနေကုန် မျှော်ရတယ်၊ ဇာတ်သမားတွေကို အိမ်မှာ ထမင်းဖိတ်ကြွေးဖို့အ‌ရေး သူထက်ငါဦး လုယူရတဲ့ အထိပဲ။ အခုအချိန် ပြန်စဉ်းစားကြည့်ရင် အဲဒီတုန်းက ဇာတ်ပွဲကြည့်ရတဲ့ အရသာက အတော်ကို ထူးတယ်လို့ ထင်ပါတယ်။

ဒုတိယကတော့ ကက်ဆက်ပါ။ ကက်ဆက်ရှိတဲ့အိမ်တွေမှာ ဇာတ်လမ်းတွေ၊ အငြိမ့်တွေ၊ သီးချင်းတွေ စုပြီးနားထောင်ရတယ်။ အိမ်ရှင်ကို မျက်နှာချိုသွေးရတယ်။ ကောလိပ်ဂျင်နေဝင်း၊ ဟင်္သတထွန်းရင်၊ တွံတေးသိန်းတန်တို့ရဲ့ ဇတ်လမ်းတွေ၊ စိုင်းထီးဆိုင်၊ မင်းအောင်၊ အနိုင် တို့ရဲ့ သီချင်းတွေကို မှတ်မိနေပါသေးတယ်။ ကက်ဆက်ရှိပြီး ဘက်ထရီအား မရှိရင်၊ တိပ်ခွေအသစ် မရှိရင်၊ အိမ်ရှင် မအားရင် နားမထောင် ရတော့ဘူးပေါ့။

တတိယကတော့ ရုပ်ပြစာအုပ်၊ ဝတ္ထုစာအုပ်ပါ။ ကလေးသဘာဝ ကာတွန်းစာအုပ်တွေ ဖတ်ကြပေမဲ့ အပျိုပေါက်၊ လူပျိုပေါက်တွေကတော့ လုံးချင်းဝတ္ထုတွေ ဖတ်ကြပါတယ်။ စာအုပ် အငှါးဆိုင်ဆိုတာကလည်း ပေါပေါများများ လွယ်လွယ်ကူကူ ရှိတာမဟုတ်ပါဘူး။ တကယ့်ကို ရှားရှားပါးပါး ခက်ခက်ခဲခဲ ရှာဖွေဖတ်ကြရတာမျိုးပါ။ ဒီကြားအထဲ အချို့လူကြီးမိဘတွေက ကလေးတွေ ပြင်ပစာဖတ်တာကို အားမပေးတဲ့အပြင် မကောင်းမှုတစ်ခုကို ပြုနေကြသလိုမျိုးကို တားဆီး ပိတ်ပင်ကြလို့ ကိုယ်တွေမှာ ခိုးခိုးဝှက်ဝှက် ဖတ်ခဲ့ကြရပါသေးတယ်။

စာအုပ်ခါးကြားထိုးပြီး လူပျိုလှည့်ကြတာလဲ ရှိပါသေးတယ်။ မသိရင်တော့ သူစာဖတ် တယ်ပေါ့။ အမှန်ကတော့ ရည်းစားစာညှပ်ထားပြီး ကောင်မလေးကို ပေးဖို့ချောင်းနေတာပါ။

နောက်ဆုံးကတော့ အသက်ကြီး ဝါကြီးတွေဆီမှာစုပြီး ပုံပြင်နားထောင်တာပါ။ ကိုယ်တို့ အိမ်နားမှာ ပုံပြောကောင်းတဲ့ အဒေါ်ကြီးတစ်ယောက်ရှိတယ်။ အတော်ကို စိတ်ရှည်တဲ့ အဒေါ် ကြီးပါ။ သူ့ဆီမှာနားထောင်ခဲ့တဲ့ ပုံပြင်တွေဟာ ရာချီရှိမယ်ထင်ပါတယ်။ အခုတော့ အတော် များများ မေ့ကုန်ပါပြီ။

Media လား၊ ရေဒီယိုနဲ့ သင်္ကြန်စာပေါ့ သူတို့ပြောရင် အားလုံးအမှန်ပဲ ဘယ်သူမှ ငြင်းမဲ့သူ မရှိပါဘူး။

(ဧသုနိုင်)

ဆက်လက်ဖော်ပြပါမည်။ >>>>