တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1766

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ

စစ်ကောင်စီကို ဥရောပသမဂ္ဂက ထပ်မံအရေးယူ

စစ်ကောင်စီ ဝန်ကြီးတွေ၊ အဖွဲ့ဝင်တွေ၊ စစ်ထောက်ချုပ်အပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးနဲ့ နိုင်ငံပိုင်အမှတ် (၂) သတ္တုတွင်းလုပ်ငန်းကို ဥရောပသမဂ္ဂက ပြစ်ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

ဒီလိုအရေးယူတာကို ဇူလိုင်လ ၂ဝရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။ ဒါဟာ စစ်ကောင်စီနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂက ခုနစ်ကြိမ်မြောက်အဖြစ် အရေးယူပိတ်ဆို့လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်မြင့်တက်လာတာ၊ ပြင်းထန်ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှုတွေအတွက် ခြိမ်းခြောက်မှုတွေ ဆက်လက်ဖြစ်ပေါ် နေတာကြောင့် အခုလိုအရေးယူတာလို့ ဆိုပါတယ်။

ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲ ထည့်သွင်းခံလိုက်ရသူတွေထဲမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီ အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးအောင်ကျော်မင်း၊ ကယားက ကြံ့ခိုင်ရေး အမတ်ဟောင်း ဦးပိုးရယ်အောင်သိန်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ စစ်ကောင်စီတပ်အတွက် ဝင်ငွေတွေ ရှာပေးနေတဲ့ နိုင်ငံပိုင်အမှတ် (၂) သတ္တုတွင်းလုပ်ငန်းလည်း ပါဝင်ပါတယ်။

ပြစ်ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံရသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ခံလိုက်ရသလို ခရီးသွားလာခွင့် ပိတ်ပင်ခံလိုက်ရပြီဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေ ရန်ပုံငွေရအောင် ဥရောပက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအနေနဲ့ မလုပ်ဆောင်ကြဖို့လည်း တားမြစ်လိုက်ပါတယ်။

……………………………………

နေရပ်စွန့်ခွာထွက်ပြေးရသူ ၁၉သိန်းနီးပါးရှိလာ

စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာတဲ့ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ကြသူ ၁၉ သိန်းနီးပါး ရှိလာတယ်လို့ ဇူလိုင်လ ၁၅ရက်ကထုတ်ပြန်တဲ့ ကုလသမဂ္ဂစာရင်းတွေအရ သိရပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ကြရသူ တစ်ဆယ့်ရှစ်သိန်းရှစ်သောင်းကျော် ရှိနေတာဖြစ်ပါတယ်။ အဲဒီထဲက ၁၅သိန်းကျော်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုးလာတဲ့ စစ်ဘေးရှောင် အရေအတွက် ဖြစ်ပါတယ်။ ကျန်သုံးသိန်းကျော်ကတော့ အာဏာမသိမ်းခင်ကပင် ရှိနေတာပါ။

ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံတလွှားမှာ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့လည်းဆိုပါတယ်။

စစ်ဘေးရှောင်ဦးရေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်နေပြီး ရှစ်သိန်းနီးပါးရှိနေပါတယ်။ ဒုတိယအများဆုံးဖြစ်တဲ့ မကွေးတိုင်းက နှစ်သိန်းကျော်၊ ကရင်ပြည်နယ်မှာ တစ်သိန်းကျော် ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ရက်အထိ နေရပ်စွန့်ခွာထွက်ပြေးရသူ ၁၇သိန်းပဲ ရှိခဲ့တဲ့အတွက် လေးလအတွင်း တစ်လကို စစ်ဘေးရှောင်ဦးရေ ငါးသောင်းနှုန်း တိုးလာနေတာလည်း ဖြစ်ပါတယ်။

……………………………………

အာဏာသိမ်းကာလ သက်တမ်းတိုးဖို့ လေသံပစ်လာ

လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး လိုအပ်ချက်တွေရှိနေသေးတယ် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလာတာဟာ အာဏာသိမ်းကာလ သက်တမ်းတိုးဖို့ ပြင်ဆင်လာတာလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

အာဏာသိမ်းကာလ ၂နှစ်ပြည့်ချိန်မှာ သာမန်မဟုတ်တဲ့ အခြေအနေတွေ ရှိနေဆဲဖြစ်တယ်ဆိုပြီး အရေးပေါ်ကာလ ခြောက်လ သက်တမ်းတိုးခဲ့တာဟာ လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ ပြည့်တော့မှာပါ။

အခုလည်း လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အပြည့်အဝလုပ်ဆောင်ဖို့ လိုအပ်ချက်တွေရှိနေသေးတယ် ဆိုပြီး ဇူလိုင်လ ၁၃ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုလာတာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်ရင် သာမန်အားဖြင့် ခြောက်လ သက်တမ်း နှစ်ကြိမ်တိုးပေးနိုင်တယ်ဆိုတဲ့ အခြေခံဥပဒေပုဒ်မ ၄၂၅ အရ နောက်ထပ် ခြောက်လသက်တမ်းတိုးဖို့ လုပ်နေတာလို့ ထောက်ပြမှုတွေလည်း ရှိနေတာပါ။

စစ်ကောင်စီကတော့ အရေးပေါ်သက်တမ်း တိုးမတိုး ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဆုံးဖြတ်မယ်လို့ တုံ့ပြန်ထားပါတယ်။

……………………………………

ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၀ဦးသေဆုံး

ပဲခူးတိုင်း ဒိုက်ဦး (ကျိုက်ဇကော) အကျဉ်းထောင်မှာ သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ဦးအထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင်လ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၇ရက်က ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ဦးထဲက ရှစ်ဦးဟာ သေဆုံးသွားပြီလို့ ဒိုက်ဦး အကျဉ်းထောင်ဦးစီးအရာရှိက မိသားစုတွေဆီ အကြောင်းကြားစာတွေ ပို့လာတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းလွှတ်တော်အမတ်ဦးမောင်ဒီနဲ့ နိုင်ငံရေးအကျဉ်းသားနောက်တစ်ဦးဟာ ဒီလ ၁၆ရက်နဲ့ ၁၇ရက်နေ့တွေမှာ သေဆုံးခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ ဒါ့အပြင် မက်ဒယ်ဝိတ်တန်းလက်ဝှေ့သမား တူးတူး (ခေါ်) နဂါးမာန် ဧပြီလ ၂၆ ရက်နေ့က စစ်ကြောရေးမှာသေဆုံးခဲ့တာကို ဒီလ ၁၃ရက်နေ့မှာမှ မကွေးရဲစခန်းက မိသားစုကိုအသိပေးခဲ့ပါတယ်။

လွတ်ရက်စေ့လို့ ဇွန်လ ၂၆ရက်နေ့မှာ သထုံထောင်ကနေပြန်လွတ်လာတဲ့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ကိုသက်နှင်းအောင်ဟာလည်း အိမ်အပြန်လမ်းမှာ ပြန်ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေတယ်လို့ AAPP က ဆိုပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာတရားရေးမဏ္ဍိုင်တွေအနေနဲ့ အခုဖြစ်စဉ်တွေကို အရေးပေါ်စုံစမ်းစစ်ဆေးပြီး ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

……………………………………

မွန်ရေဘေး ကလေးငယ်သုံးဦးသေဆုံး

မွန်ပြည်နယ်မှာ အခုသီတင်းပတ်အတွင်း ရေကြီးရေလျှံတာကြောင့် ကလေးငယ်သုံးဦးသေဆုံးခဲ့ပြီး မြို့နယ်ခြောက်ခုက ပြည်သူတွေဟာလည်း ရေဘေးဒဏ်ကို ခံခဲ့ရပါတယ်။

မိုးအဆက်အပြတ် သည်းထန်စွာရွာသွန်းတာကြောင့် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ပေါင်၊ ကျိုက်မရော၊ ရေး စတဲ့ မြို့နယ်တွေမှာ ရေကြီးခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို အရေးပေါ်ပြောင်းရွှေ့ခဲ့ကြရပါတယ်။

၇၁နှစ်အတွင်း မိုးရေချိန် စံချိန်သစ်ရောက်ခဲ့တဲ့ မော်လမြိုင်မှာတော့ ဇူလိုင်လ ၁၉ရက်နေ့ မွန်းလွဲပိုင်းမှာ ကလေးငယ် သုံးဦး ရေနစ်ပြီး သေဆုံးခဲ့ရပါတယ်။ သီရိမြိုင်ရပ်ကွက်က အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး ခြံဝင်းထဲမှာ ရေနစ်သေဆုံးခဲ့ရသလို အသက် ၁၂ ကလေးငယ်နှစ်ဦးဟာလည်း ရေကြီးနေတဲ့ မြောင်းထဲရေဆင်းကစားရာကနေ သေဆုံးခဲ့ရတာပါ။

ဒါ့အပြင် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာမှာ ချောင်းထဲ ထင်းလိုက်ဆယ်တဲ့ အမျိုးသားတစ်ဦးလည်း ရေစီးနဲ့ မျောပါ ပျောက်ဆုံးခဲ့ပါတယ်။

ရေကြီးရေလျှံနေတာအပြင် တောင်ပြိုတာ၊ အုတ်တံတိုင်း ပြိုကျတာ၊ ကားလမ်းတွေရေကျော်လို့ ကားတွေ၊ ဆိုင်ကွယ်တွေ ဖြတ်သန်းသွားလာရင် အန္တရာယ်ကြုံနိုင်တဲ့ အခြေအနေတွေနဲ့လည်း ကြုံခဲ့ရပါသေးတယ်။ 

……………………………………

အာဇာနည်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်မရတာသုံးနှစ်ရှိပြီ

အာဇာနည်နေ့အခမ်းအနားကို အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဂါရဝပြုခွင့်မရတာ သုံးနှစ်ရှိလာပါပြီ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စစ်တပ် အာဏာသိမ်းချိန်ကနေ ဖမ်ဆီးအကျဉ်းချခံထားရတာဖြစ်ပြီး ဒီကာလအတွင်းမှာ အာဇာနည်နေ့ အခမ်းအနားတွေကို တစ်ကြိမ်တစ်ခါမှ တက်ရောက်ခွင့် မရခဲ့တာပါ။

အရင်စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ကျခံနေရချိန်မှာတောင် တက်ရောက်ခွင့်ရခဲ့ပါသေးတယ်။

ဒီနှစ် ဇူလိုင်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့ ၇၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ပါတယ်။

……………………………………

အွန်လိုင်းဈေးရောင်းတာတွေကို မှတ်ပုံတင်ဖို့ စစ်ကောင်စီတင်းကျပ်လာ

အွန်လိုင်းစနစ်နဲ့ ဈေးရောင်းချတာတွေကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်လိုက်ပြီး မှတ်ပုံတင်ကြဖို့ စစ်ကောင်စီက ဖိအားပေးလာပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့ ရက်စွဲနဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်တာပါ။ အမိန့်ကြော်ငြာစာ ခြောက်လပြည့်တဲ့နေ့မှာ မှတ်ပုံတင်မရှိဘဲ အွန်လိုင်းစနစ်နဲ့ ရောင်းချနေရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူမယ်လို့ ဆိုပါတယ်။

အဲဒီပုဒ်မအရဆိုရင် အနည်းဆုံး ထောင်ဒဏ်ခြောက်လကနေ အများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ရမယ့်အပြင် ကျပ်ငါးသိန်းထက်မပိုတဲ့ ဒဏ်ငွေလည်း ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ မှတ်ပုံတင်ကြေးနှင့် အွန်လိုင်း ဝန်ဆောင်ခ ပေးဆောင်ရမှာဖြစ်ပြီး ကုန်စည်နဲ့ ဝန်ဆောင်မှုတွေရဲ့ အချက်အလက်တွေနဲ့ အာမခံချက်တွေလည်း ပေးရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးမလုပ်ဖို့လည်း တားမြစ်ထားပါတယ်။

ကိုဗစ်ကာလမှာ ပိုပြီးတွင်ကျယ်လာတဲ့ အွန်လိုင်းဈေးရောင်းလုပ်ငန်းကို ထိန်းချုပ်ချင်တာ အခွန်ရယူလိုတာကြောင့် အခုလို တင်းကျပ်လာတာလို့ ပြောဆိုမှုတွေရှိနေပါတယ်။ စားသုံးသူပြည်သူတွေအတွက် ကုန်ကျစရိတ် ပိုကြီးလာနိုင်တယ်လို့လည်း ထောက်ပြနေကြပါတယ်။

……………………………………

စုန်းချောင်းရွာမှု စီးနင်းခံရ ၁၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက စုန်းချောင်းရွာ စီးနင်းခံရလို့ လူ ၁၄ ဦး သေဆုံးတယ်လို့ ပြည်တွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဇူလိုင်လ ၁၂ရက်နေ့ မနက် ၂နာရီလောက် လူတွေ အိပ်စက်အနားယူနေချိန်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းခွဲပြီး ရွာထဲကို ဝင်လာပြီးတော့ ဖမ်းဆီးစစ်ဆေး ပစ်ခတ်သတ်ဖြတ်တာတွေလုပ်ခဲ့တာလို့ ဖော်ပြကြပါတယ်။

အသတ်ခံရသူ ၁၄ဦးအထဲမှာ ဒေသကာကွယ်ရေးအဖွဲ့ဝင် ငါးဦး၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် လေးဦးနဲ့ သာမန်အရပ်သားငါးဦး ပါဝင်တယ်လို့ ဘီဘီစီမြန်မာပိုင်းသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ရိုက်နှပ်နှိက်စက်ခံထားရတဲ့ ဒဏ်ရာတွေ ပစ်ခတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။ ဒါ့အပြင် နေအိမ်မီးရှို့တာတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြကြပါတယ်။

……………………………………

မိုခါမုန်တိုင်းသင့်ပြည်သူတွေကို နှစ်လကျော်အထိ နိုင်ငံတကာအဖွဲ့တွေ ကူညီခွင့်မရ

မိုခါမုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါးခံစားခဲ့ရတဲ့ မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီခွင့်ရဖို့ တောင်းဆိုနေကြပေမယ့် အချိန်နှစ်လကျော်ကြာတဲ့အထိ စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပုံမှန်စီမံကိန်းတွေ ပြန်လည်စတင်နေပေမယ့် ဆိုင်ကလုန်းကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ခွင့် ဆိုင်ငံ့ခံထားရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က ဇူလိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အရင်က ခွင့်ပြုချက်ရထားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဝေခွင့်နဲ့ သယ်ယူပို့ဆောင်ရေးအစီအစဉ်ကို ပြန်လည် အတည်ပြုဖို့ စစ်ကောင်စီဆီကို ပြန်လည်တင်ထားတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေ မုန်တိုင်းဒဏ်သင့်ပြည်သူတွေဆီ သွားရောက်ကူညီခွင့်ကို စစ်ကောင်စီက ဇွန်လ ၇ရက်ကနေ စတင်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

……………………………………