အာဆင်နယ်ကို တစ်ပွဲတည်း နှစ်ကြိမ်အနိုင်ယူလိုက်သည့် မန်ယူ

0
1808
ဓာတ်ပုံ – ESPN၊ SkySports၊ LiveScore

အမေရိကန်ပြည်ထောင်စု၊ နယူးဂါစီပြည်နယ်ရှိ MetLife ဘောလုံးကွင်းတွင် ယနေ့ယှဉ်ပြိုင်ခဲ့သော မန်ယူနှင့် အာဆင်နယ်တို့၏ရာသီကြိုခြေစမ်းပွဲတွင် မန်ယူက အာဆင်နယ်ကို သာမန် ပွဲကစားချိန် မိနစ် ၉၀ အတွင်း၌ အနိုင်ယူပြခဲ့သည့်အပြင် ပွဲအပြီး၌ ပင်နယ်တီ ငါးလုံး အပြိုင်ကန်သွင်းရာတွင်လည်း အနိုင်ယူပြလိုက်သည်။

မန်ယူသည် အာဆင်နယ်ကို ခြေစွမ်းအသာစီးဖြင့် ကစားနိုင်ခဲ့ပြီး မန်ယူအတွက် အနိုင်ဂိုးများကို ပထမပိုင်းအတွင်း၌ပင် အသင်းခေါင်းဆောင်သစ် ဘရူနို ဖာနန်ဒက်စ်နှင့် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်နေရသော ဆန်ချိုတို့က သွင်းယူပေးခဲ့ကြသည်။

မန်ယူအသင်းခေါင်းဆောင်သစ်အဖြစ် တရားဝင်တာဝန်ပေးအပ်ခံလိုက်ရသော ဘရူနို ဖာနန်ဒက်စ်သည် ပွဲကစားချိန် မိနစ် ၃၀ တွင် အသင်းအတွက် အဖွင့်ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့ပြီး မန်ယူအတွက် ဒုတိယဂိုးကို ဆန်ချိုက ပွဲကစားချိန် ၃၇ မိနစ်တွင် ဆက်လက် ရယူပေးသွားခဲ့သည်။

ပွဲကစားချိန် ဒုတိယပိုင်းတွင် နှစ်သင်းလုံးက ကစားသမားအပြောင်းအလဲများ ဆောင်ရွက်ခဲ့ကြပြီး ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးချိန်တွင်မူ မန်ယူက ပထမပိုင်း သွင်းဂိုးများကို အမှားအယွင်းမရှိ ထိန်းသိမ်း၍ အာဆင်နယ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည်။

ပွဲအပြီးတွင် ပွဲမစမီကတည်းက နှစ်ဖက်အသင်းနည်းပြများ သဘောတူညီထားသည့်အတိုင်း မည်သည့်ပွဲရလဒ်ဖြစ်စေ ပရိသတ်များရှေ့မှောက်တွင် ပင်နယ်တီ ငါးလုံးစီ အပြိုင်ကန်သွင်းကာ ရာသီကြိုခြေစမ်းပွဲကို အဆုံးသတ်မည်ဟူသည့် အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်ခဲ့ပြီး ယင်းသို့ ပင်နယ်တီ ငါးလုံးစီ အပြိုင်ကန်သွင်းရာတွင်လည်း မန်ယူက အာဆင်နယ်ကို ငါးဂိုး သုံးဂိုးဖြင့် အနိုင်ယူကာ အောင်ပွဲခံသွားခဲ့သည်။

မန်ယူသည် ရာသီကြိုခြေစမ်းပွဲများတွင် သုံးပွဲကစားရာ၌ သုံးပွဲလုံး အနိုင်ရရှိထားပြီး ယင်းသုံးပွဲလုံးတွင် ပြိုင်ဘက်များကို ဂိုးလုံးဝမပေးခဲ့ရသည့် မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်ရရှိထားသည်။

ရှေ့လာမည့် ရာသီကြိုခြေစမ်းပွဲတွင် မန်ယူက ဝရက်စ်ဟမ်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ အာဆင်နယ်ကမူ ဘာစီလိုနာနှင့် ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။