ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်မည်ဟု စစ်ကောင်စီကြေညာ

0
3700

ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ကို ယခုလကုန်(ဇူလိုင် ၃၁) မှစတင်ပြီး ထုတ်ဝေဖြန်ချိမည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့(ဇူလိုင် ၂၃)တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းနှစ်သောင်းတန် ငွေစက္ကူကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်‌ဆောက်ပြီးစီးမှုနှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်တွင်မွေးဖွားခဲ့သည့် ဆင်ဖြူတော်ရတနာ “ရဋ္ဌနန္ဒက”၏ ၁ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းငွေစက္ကူအသစ်ကို မြန်မာနိုင်ငံတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူများအနက် ဟောင်းနွမ်း၍ လှည့်လည်သုံးစွဲရန်မသင့်သည့် ငွေစက္ကူအမျိုးအစားတို့နှင့် “တန်ဖိုးတူ”လဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေသွားမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

သို့သော် ငွေစက္ကူအသစ် ရိုက်နှိပ်မှုကြောင့် ကျပ်ငွေတန်ဖိုးထပ်မံကျဆင်းပြီး ကုန်စျေးနှုန်းကြီးမြင့်သွားမည်ကို ပြည်သူများက စိုးရိမ်နေကြသည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာပြည်သူများမှာ အထွေထွေအကျပ်အတည်းနှင့် ရင်ဆိုင်နေကြရပြီး စီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှုနှင့်အတူ ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်မှုဒဏ်ကိုလည်း ရင်ဆိုင်နေကြရသည်။

မြန်မာကျပ်ငွေ တန်ဖိုးမှာလည်း ဆက်တိုက်ကျဆင်းနေပြီး အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီလအတွင်းက အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ကျော်သာရှိခဲ့ရာမှာ ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၁၀၀ ဝန်းကျင်ရောက်ရှိနေပြီး အလွယ်တကူ ဝယ်ယူနိုင်သည့် အခြေအနေတွင် မရှိပေ။

ဘတ်စျေးနှုန်းမှာလည်း တစ်ဘတ်လျှင် ကျပ် ၉၀ နှုန်းသို့ရောက်ရှိနေကာ ရွှေတစ်ကျပ်သား ၃၂၆၀၀၀၀ ဝန်းကျင်တွင် ရောက်ရှိနေသည်။

လက်ရှိတွင်လည်း ရွှေစျေး၊ဘတ်စျေး၊ စက်သုံးဆီစျေးနှင့် ဒေါ်လာစျေးများမှာ တည်ငြိမ်မှုမရှိဘဲ အတက်အကျများနေသလို ယခုငွေစက္ကူသစ်ရိုက်ထုတ်မည်ဆိုသော ကြေညာချက်ကြောင့် စျေးအပြောင်းအလဲ ထပ်ဖြစ်မည်ဟု စျေးကွက်အတွင်း ခန့်မှန်းနေကြသည်။