တိုက်ပွဲကြားက လယ်သမားများ

0
1851

တနင်္သာရီတိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ မိုင်းပေါက်ကွဲမှု၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု၊ ဖမ်းဆီးခံရမှု၊ ပစ်ခတ်သတ်ဖြတ်ခံရမှုများလည်း ပိုမိုဖြစ်ပွားလာနေသည်။

ယင်းသို့သော အခြေအနေတွင် လယ်သမားများမှာ လယ်ယာအလုပ်ကို ဆက်လက်လုပ်ကိုင်ရန် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည်။

လယ်စိုက်ရင်း လက်နက်ကြီးကျသေဆုံးမှု၊ မိုင်းနင်းမိ၍ ခြေ၊လက်ဆုံးရှုံးမှု၊ ပစ်ခတ်ခံရမှု၊ ဖမ်းဆီးခံရမှုများလည်း ရှိနေသည်ဖြစ်ရာ အသက်နှင့်ရင်း၍ လယ်လုပ်နေကြရသည်။

ယင်းကြောင့်ပင် လယ်သမားအချို့ လယ်မစိုက်ကြတော့သလို လယ်ယာလုပ်ငန်းခွင် ဝင်နေကြသူများကလည်း အခြေအနေကြည့်ပြီး စိုးတထိတ်ထိတ်ဖြင့် လုပ်နေကြရသည်။

တိုက်ပွဲဖြစ်ချိန်၊ စစ်ကြောင်းဝင်ချိန်ဆိုလျှင် လယ်ပစ်ပြီးပြေးကြရပြန်သည်။

အချို့မှာလယ်စိုက်ထားပြီး ဒေသအခြေအနေမကောင်းသဖြင့် ထွက်ပြေးကြရရာ လယ်ပျက်စီးမှုများလည်း ကြုံကြရပြန်သည်။

ယင်းကြောင့် ပဋိပက္ခဒေသမှ လယ်စိုက်တောင်သူများ၏ အခြေအနေများကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီ ပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“သေနတ်သံကြားရင်ပြေးပုန်း လက်နက်ကြီး လာကျရင်လည်း ကံပဲ”

ပုလော၊ မင်းထိန်ရွာ လယ်သမားတစ်ဦး

DW ။ မင်းထိန်ရွာဘက်မှာ ပုံမှန်လယ်လုပ် နေကြသေးလား။ ဘယ်လိုအခြေအနေရှိနေလဲ။

ဖြေ ။ မင်းထိန်ရွာမှာ ပုံမှန်လယ်လုပ်သူထဲက လက်ရှိသုံးပုံတစ်ပုံတောင် မရှိကြတော့ဘူး။ တော်တော်များများက ပြေးနေရှောင်နေကြတယ်။ လယ်ကလည်း မိန်းလမ်းမဘက်ကဆို သွားမလုပ်ရဲကြဘူး။ အောက်ဘက်ကပဲအနည်း အကျဥ်းလုပ်နေကြတယ်။

DW ။ ရွာမှာက လူတွေဘာကြောင့် ပြေးကြရှောင်ကြတာလဲ။ တိုက်ပွဲကြောင့်လား။ ပြီးတော့ ဘာကြောင့် မိန်းလမ်းမအနီး မလုပ်ရဲကြတာလဲ။

ဖြေ ။ မင်းထိန်ရွာမှာက တိုက်ပွဲတော့ မရှိဘူး။ ဒါပေမဲ့ ပဝတ်ကုန်းဘက် တိုက်ပွဲဖြစ်တဲ့အခါ ပုလောဘက်က လက်နက်ကြီးတွေနဲ့ ပစ်လို့မင်းထိန်ရွာထဲ နေအိမ်တွေပေါ်လာကျပြီး လူတွေ သေဆုံး ဒဏ်ရာရခဲ့တာတွေရှိတယ်။ ပစ်တာက တိုက်ပွဲမရှိဘဲပစ်တာလည်းရှိတယ်။ ပြီးတော့ စစ်ကြောင်းထိုးလာရင် မိန်းလမ်းနံဘေး လယ်ကွင်းထဲကလူတွေကို အဓိကထား ဖမ်းဆီးစစ်ဆေးတယ်။ ရွာဘုန်းကြီးကျောင်းမှာလည်း တစ်ရက်နှစ်ရက် တပ်စွဲပြီးတော့ သူတို့လိုချင်တဲ့ လူကို ဖမ်းတာဆီးတာလုပ်တယ်။ နောက်တစ်ခုက အစားအသောက် ဆန်ရိက္ခာတွေကို ပုလောကဝယ်လာရင် မကျည်းကုန်းဂိတ်မှာ စစ်ဆေးတယ် ကန့်သတ်တယ်။ မှတ်ပုံတင်၊ထောက်ခံစာတောင်းတယ်။ လွတ်လွတ်လပ်လပ် သယ်ယူရောင်းချလို့ မရဘူး။ အဲဒါတွေကြောင့်လည်းပါပါတယ်။

DW ။ ပုလောစစ်တပ်ဘက်က ပစ်တဲ့လက်နက်ကြီးတွေ မင်းထိန်ရွာထဲလည်းကျတယ်။ လယ်ကွက်ထဲလည်းကျတယ်။ ပြီးတော့ စစ်ကြောင်းထိုးလာလို့တွေ့ရင်လည်း ဖမ်းပြီးစစ်တယ်ဆိုတော့ ခုလို လယ်ကွင်းထဲ အလုပ်လုပ်နေရတာ ဘယ်လိုစိုးရိမ်မှုတွေရှိနေလဲ။

ဖြေ ။ စိုးရိမ်မှုတော့ နေ့တိုင်းရှိနေတာပေါ့။ ကိုယ်ကလည်း ဒီအလုပ်လုပ်မှ စားရတယ်ဆိုတော့ မိသားစုစားဖို့အရေး ကိုယ့်အသက်ကိုတောင် နှမျှောရကောင်းမှန်းမသိတော့ဘူး။ သေနတ်သံကြားရင်ပြေးပုန်း လက်နက်ကြီး လာကျရင်လည်း ကံပဲ။

DW ။ ဟုတ်ကဲ့ တစ်ခြားပြောစရာရှိရင်ပြောပေးပါဦး။

ဖြေ ။ ပြောစရာကတော့မရှိတော့ဘူး။တိုက်ပွဲတွေပဲ မြန်မြန်ပြီးစေချင်ပြီ။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“ကဒဲရွာနဲ့ ပဝတ်ကုန်း၊တိုရွာ တို့မှာလုံးဝမလုပ်ကြရဘူး”

မြိတ်ခရိုင်ပုလောမြို့၊ကဒဲရွာနေ စစ်ရှောင်အမျိုးသားတစ်ဦး

DW ။ မိုးရာသီရောက်လာပြီဆိုတော့ လယ်သမားတွေက လယ်စ လုပ်နေကြပြီပေါ့။ ဦးလေးတို့ရွာမှာကရော လယ်လုပ်တဲ့သူတွေ ရှိနေသေးလား။

ဖြေ ။ လယ်ကတော့ ဦးတို့နေတဲ့ ကဒဲရွာနဲ့ ပဝတ်ကုန်း၊တိုရွာ တို့မှာလုံးဝမလုပ်ကြရဘူး။ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်။

DW ။ တခြားအနည်းအကျဥ်းလုပ်တဲ့ရွာတွေရှိလား။ဘယ်ရွာတွေမှာ လုပ်နေကြလဲ။

ဖြေ ။ အနည်းအကျဥ်းလုပ်တာက သင်္ကန်းတော၊ မင်းထိန်၊ပိတပ်၊တန်းရှင်းရွာတွေမှာ အနည်းအကျဥ်း လုပ်နေကြတယ်။ ပြီးတော့ နန်းတောင်၊ကျောင်းနိမ့်၊မှော်မိ၊ဂျင့်ဂါ တို့ဘက်မှာလည်း အနည်းအကျဥ်း လုပ်နေကြတယ်။

DW ။ ဘာကြောင့် အနည်းအကျဥ်းလုပ်နေကြရသလဲ။

ဖြေ ။ ဘာကြောင့်လဲဆိုတော့ အဲဒီအနည်းအကျဥ်းလုပ်တဲ့ရွာတွေမှာ တိုက်ပွဲတွေ အပစ်အခတ် အဖမ်းအဆီးတွေကြောင့် လူတွေက သိပ်ပြီးမရှိကြတော့တာက တစ်ကြောင်း၊ နောက်ပြီး အဲဒီရွာတွေဘက်မှာ စစ်တပ်ကစစ်ကြောင်းထိုးတာတွေ၊ တိုက်ပွဲမဖြစ်ဘဲလည်း PDF တွေ ဖြတ်သွားဖြတ်လာလုပ်တာမြင်ရင် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အများစုက ထွက်မလုပ်ရဲကြတာတွေလည်းပါတယ်။

DW ။ ပလရဲစခန်းအနောက်ဘက်က လယ်တွေမှာ မိုင်းတွေရှိနေလို့ဆိုပြီး လယ်သမားတွေ ဆင်းမလုပ်ရဲကြဘူးလို့ အရင်ကကြားရတာပေါ့။ လက်ရှိမှာရော အဲဒီနေရာမှာ လုပ်ကြသူတွေရိရဲ့လား။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ပလရဲစခန်းအနောက်ဘက်ကွင်းမှာ အထက်ပိုင်း ရဲစခန်းအနီးတော့ ပေးမလုပ်ဘူးကြားရတယ်။ အောက်ဖက် နတ်အိမ်ကွင်းမှာတော့ ပုံမှန်လုပ်နေကြပါတယ်။

DW ။ ပုံမှန်လုပ်နေကြတဲ့ ရွာတွေက ဘယ်ရွာတွေ ရှိတယ်လို့ သိရလဲ။

ဖြေ ။ ပုံမှန်လုပ်နေကြတာက လက္ကူး၊မြဒေါင်ကွင်းဘက်မှာ လုပ်ကြတယ်။ ပြီးတော့ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝက်တိုး၊တောင်ဗြဲ၊ ရှမ်းဒွတ်မင်းဝင်း၊ ပုလောကုန်း စတဲ့အဲဒီဘက်တော့ အားလုံးလုပ်နေကြတယ် ကြားတယ်။

DW ။ လယ်မလုပ်ရဘဲ ထွက်ပြေးနေရလို့ ဘယ်လိုအခက်အခဲကြုံနေရလဲ။ တနှစ်ကို ဆုံးရှံးမှုကဘယ်လောက်ရှိလဲ။

ဖြေ ။ ထွက်ပြေးပြီး သူများနေရာမှာနေရတော့ ကိုယ့်မှာရှိတာလေး ထုခွဲရောင်းချပြီး စပါးရိတ်စက်ကလေး တစ်လုံးဝယ်ပြီး အငှါးလိုက်နေတယ်။ ဆုံးရှုံးမှုကအများကြီးပဲ လယ် ၅ ဧက၊ကွမ်းသီး ၅ ဧက၊ရော်ဘာ ဧက ၂၀ ဥယျာဥ် ၁၃ ဧက၊ ဓနိ ၆ ဧက အားလုံးထားပစ်ပြီး စစ်ရှောင်နေရတယ်။ တစ်နှစ်ကို သိန်းငါးရာဝန်းကျင် ဆုံးရှံးနေရတာပေါ့။

DW ။ ဟုတ်ကဲ့ ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

“လက်နက်ကြီးတွေနဲ့ ခဏခဏပစ်တော့ လယ်လုပ်နေရင်းထွက်ပြေးရတယ်”

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာနေ လယ်သူမတစ်ဦး

DW ။ တနင်္သာရီမြို့နယ်၊မော်တုန်းရွာမှာ ဒီနှစ်ပုံမှန်လယ်လုပ်နေကြရဲ့လား။ ဘယ်လိုအခြေအနေရှိလဲ သိပါရစေ။

ဖြေ ။ လယ်ကတော့နဲနဲပါးပါး လုပ်နေကြတယ်။ ဒီလိုပဲ လုပ်ရင်းပြေးရင်းပေါ့။

DW ။ ဘာကြောင့် လုပ်ရင်းပြေးရင်းဖြစ်နေတာလဲ။

ဖြေ ။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ခဏခဏပစ်တော့ လယ်လုပ်နေရင်းထွက်ပြေးရတယ်။ အများအားဖြင့်တော့ လက်နက်ကြီး လာကျနိုင်တဲ့ လယ်တွေမှာမလုပ်ရဲကြတော့ဘူး။ သူတို့(လက်နက်ကြီး)နဲ့ အလှမ်းဝေးတဲ့နေရာမှာ လုပ်နေကြတယ်။ သတိကအမြဲထားပြီးနေရတာပေါ့။

DW ။ လက်နက်ကြီးက အမြဲပစ်နေတာလား။ဘာတွေထိခိုက်မှုရှိနေလဲ။

ဖြေ ။ သုံးလေးရက်တစ်ကြိမ် မထင်ရင်မထင်သလို ရမ်းသမ်းပစ်တယ်။ ခုရွာမှာမနေရဲဘူး တောစပ်မှာတဲထိုးပြီး နေနေရတယ်။ သုံးလေးရက်လောက် လက်နက်ကြီးမပစ်ရင် ထွက်လုပ်လိုက် ပစ်ရင်ဝင်ပြေးလိုက် လုပ်နေရတယ်။ လယ်လုပ်ဖို့ ထယ်ထိုးထားပြီးပြီ။ ဟိုနေ့က ကျွန်မတို့လုပ်နေတဲ့ လယ်အစပ်မှာ လက်နက်ကြီးလာကျလို့ ပြန်ဝင်ပြေးရတယ်။ လက်နက်ကြီးက ရွာထဲလည်းကျတယ်။ လယ်ကွက်ထဲလည်းကျတယ်။ ဒဏ်ရာရသူတွေလည်း မနည်းတော့ဘူး။ တခြားလုပ်စရာမရှိလို့ ဒီအလုပ်ကိုပဲ အရဲစွန့်ပြီးလုပ်နေရတယ်။ ဒုက္ခကမသေးဘူး။ ကြာရင်လက်နက်ကြီးထိပြီးသေမလား ထမင်းငတ်ပြီးပဲ သေမလားမသိဘူး။

DW ။ မော်တုန်းအနားက လယ်မလုပ်ရဘဲ ပြေးနေရတာ ဘယ်ရွာတွေရှိလဲ။

ဖြေ ။ ဒီနားမှာဆို ဘန်းလမွှတ်၊ယမ်းဖို၊ကမ်းတို၊ ပြီးတော့ ညောင်ပင်ကုန်း၊ကဒဲလိပ်၊ပနပ်ငယ် အဲဒီရွာတွေက လူတွေ မနေရဲလို့ အကုန်ပြေးလာကြတယ်။ လယ်မလုပ်ကြရဘူး။ အဲဒီဘက်မှာ လယ်လုပ်ဖို့မပြောနဲ့ လူတောင် သွားမရဘူး။ စစ်တပ်ကရှိနေတော့ မသွားရဲကြဘူးပေါ့။မော်တုန်းရွာမှာ ပြီးခဲ့တဲ့နှစ်ကလည်း စပါးရိတ်ချိန် လက်နက်ကြီးနဲ့ ပစ်လို့မရိတ်ရပဲ ထွက်ပြေးရတယ်။ စပါးရိတ်ဖို့ လူခ(အငှါးလိုက်သူ)လိုက်ရှာလည်း တစ်ယောက်မှ ခေါ်မရဘူး။ အားလုံးက မလိုက်ရဲကြဘူး။

DW ။ ဟုတ်ကဲ့ ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

“ရွာနဲ့ လှမ်းလှမ်းကလယ်တွေဆို မလုပ်ကြတော့ဘူး။ပစ်ထားလိုက်ကြပြီ”

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာအနီးဝန်းကျင် ကျေးရွာမှလယ်သူမ တစ်ဦး

DW ။ အမတို့ရွာမှာ ဒီနှစ် လယ်စိုက်တဲ့အခြေအနေဘယ်လိုရှိလဲ။

ဖြေ ။ ကျွန်မတို့မှာ သုံးကြောင်း(၃-ဧက)ပဲရှိတယ်ဆို‌ေတာ့ အဲ့ဒါလောက်ပဲ လုပ်ထားတယ်။ သူများတွေလည်း နှစ်ယောက် သုံးယောက်ပဲလုပ်တယ်။ လယ်တွေက ပစ်လယ်(လယ်ပျက်)တွေပဲ ဖြစ်ကုန်ပြီ။ မနှစ်တုန်းက စပါးရိတ်ချိန် စော်ဖျားမှာ အိမ်တွေမီးရှို့ချိန် ကျွန်မတို့မှာ စပါးရိတ်နေချိန်ဆိုတော့ စပါးရိတ်ဖို့ ငှားရတာတစ်ယောက်မှ မလိုက်လာချင်ကြဘူး။ ကြောက်လို့။ အဲ့တော့ ဒီနှစ်က လုပ်မရဲကြတော့ဘူး။

DW ။ လယ်မလုပ်ကြတဲ့ အဓိကအကြောင်းရင်းက လူငှားခေါ်မရလို့လား။

ဖြေ ။ မလုပ်ကြတာက လယ်လုပ်နေတုန်းကို ပစ်ကြခတ်ကြရင် လုပ်ရင်းတန်းလန်းနဲ့ ပြေးနေရတာတွေ၊ ဆီဈေးနဲ့ စရိတ်စခကြီးတာနဲ့ဆို ဆန်ဝယ်စားတာပဲ ကောင်းသေးတယ်ဆိုသလိုမျိုးပေါ့။ အဲ့ဒါကြောင့် မလုပ်ကြတာက များသွားတယ်။ ဆီဈေးနဲ့ လယ်လုပ်ခနဲ့တွက်လိုက်ရင် လယ်လုပ်ခက ပိုကုန်များနေတယ်။ မကိုက်ဘူး။ ဆန်ဝယ်စားတာကမှ ကောင်းသေးတယ်ဆိုတာမျိုးပေါ့။ ပစ်လယ်ဖြစ်သွားရင်လည်း တခါနောက်နှစ်ကျ မြက်တွေထူပြီး ပိုပြီးပင်ပန်းသွားပြန်တယ်။ အဲတော့ ကျွန်မတို့လယ်ကလည်း ရွာထဲမှာပဲဆိုတော့ ထွန်စက်ရှင်ကလည်း သူတို့လယ်နဲ့နီးတော့ သူတို့လုပ်ပေးမယ်ဆိုပြောလို့ လုပ်ဖြစ်တာ။

ကျွန်မတို့မှာက လယ်ဧကနည်းနည်းပဲလေ။ အဲ့ဒါတောင်မနှစ်က စော်ဖျားမှာ ပစ်နေတာနဲ့ အိမ်မီးရှို့တာနဲ့ဆိုတော့ စပါးရိတ်နေရင်းတန်းလန်းနဲ့ စပါးရိတ်သမားက ထွက်ပြေးသွားတယ်။ နောက်ထပ်ပြန်ခေါ်တာတောင် မနည်းကြီးကို မျက်နှာငယ်ခံပြီး‌လိုက်ခေါ်ရတယ်။ အဲ့ဒါကို ကြောက်လို့ဆိုပြီး လိုက်မနိုင်ပြီဆိုတယ်။ အရင်တုန်းကသာ လက်ရိတ် ရိတ်ကြတာ။ အခုက စက်နဲ့ချည်းပဲ။ အဲလိုဖြစ်တော့ လက်ရိတ်သမားတွေလည်း ခေါ်လို့မရကြဘူး။ လိုက်ရိတ်မရဲကြဘူး။ မနှစ်တုန်းက အဲ့လိုဖြစ်တော့ လူတွေက လယ်မလုပ်ရဲကြတော့ဘူး။ မနှစ်ကလိုဖြစ်မှာကြောက်လို့ မလုပ်ကြတော့ဘူး။ လယ်ထွန်ခကလည်း တစ်ဧကကို မနှစ်က(ကျပ်) ခုနှစ်သောင်း၊ ဒီနှစ်ကိုးသောင်း၊ စပါးရိတ်ခကလည်း မနှစ်က ကိုးသောင်း၊ တသိန်းပေးရတယ်။ ဒီနှစ်ဘယ်လိုလာမယ် မသိသေးဘူး။ ဆီကလဲ ကိုယ်ဝယ်ပေးရတယ်၊ စပါးဖြစ်ဖို့အထိဆို နောက်ထပ် လုပ်စရာတွေမနည်းလိုသေးတယ်။

DW ။ အခုဆို စပါးစိုက်ထားတာ ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ အခုစက်ရှင်တွေက ထွန်ပြီးတာနဲ့ တစ်ခါတည်း ပျိုးကျဲတယ်။ မြက်ဖတ်ဆယ်ဖို့တောင် အချိန်မရှိဘူး။ မြက်ဖက်မဆယ်ဘဲ ပျိုးကျဲရင် အဲ့ဒီမြက်တ်တွေကနေ မြက်တွေပြန်ပေါက်လာတယ်။ စပါးပေါက်လာချိန်ဆို စပါးပင်ကြားကမြက်တွေ တစ်ခါလိုက်နှုတ်ပေးရတယ်။ အခုက မြက်ဖတ်လည်း မဆယ်တော့ဘူး။ လယ်ထဲကို စပါးရောက်အောင်မျှပဲ။ အခုဆို ပျိုးကျဲထားတာ တစ်လလောက်ရှိနေပြီ။ အခုဆို မြက်ဆင်းနုတ်လို့ရနေပြီ။ ဆင်းလဲမရဲဘူး။ သွားလဲမနူတ်ဘူး။

DW ။ အခုက အဲ့ဒီဘက်မှာ အေးနေတယ်မဟုတ်ဘူးလား။

ဖြေ ။ အမလေး..အေးတယ်သာပြောတာ ပစ်သံတွေက အမြဲကြားနေတယ်။ ဘယ်ကပစ်နေမှန်းလည်း မသိဘူး။ တော်တော်ကြမ်းတယ်။ ကိုယ့်အိမ်ပေါ်မှာ ကိုယ်နေတာတောင် မျက်လုံးက တောင်တစ်လုံး မြောက်တစ်လုံး လိုက်ကြည့်နေရတယ်။ လယ်ထဲမှာဆို နေမရဲဘူး။ ဒါတောင် လယ်က ရွာထဲက ရွာလယ်မှာပဲသေး။ ရွာနဲ့ လှမ်းလှမ်းကလယ်တွေဆို မလုပ်ကြတော့ဘူး။ပစ်ထားလိုက်ကြပြီ။

DW ။ ညီမတို့ရွာမှာ ဒီနှစ်လယ်လုပ်တဲ့သူ ဘယ်နှစ်ဦးရှိလဲ။ အရင်ကရော ဘယ်လိုရှိသလဲ။

ဖြေ ။ ဒီနှစ်ဆို ၄ ယောက်ပဲလုပ်တယ်။ အားလုံးပေါင်းမှ ၁၀ ဧကလောက်ပဲရှိမယ်။ မနှစ်ကတော့ လယ်ရှင် ၁၀ ဦးခန့်လောက် လယ်လုပ်ကြသေးတယ်။ နှစ်တိုင်းဆို ကျွန်မတို့ရွာမှာ ဟိုးအရှေ့ဘက်ကလည်း တစ်ပိုင်းလုံးပဲ ဒီအောက်ဘက်ကလဲ အများကြီးပဲ လုပ်ကြတာ။ လယ်ရှင်ဆို ၆၀ လောက်ရှိမယ်။ ဧက ရာဂဏန်းလောက်ရှိမယ်။

DW ။ ရွာတွေမှာက ဥယျာဉ်ခြံနဲ့ လယ်ယာလုပ်ငန်းတွေ အဓိကလုပ်ကြတာဆိုတော့ အခု လယ်မလုပ်ကြတော့ ဘယ်လိုစားသောက်နေကြလဲရှင်။

ဖြေ ။ နိုင်ငံခြားက သားတွေသမီးတွေ ပေးတာနဲ့ပဲ ဒီလိုပဲမှေးပြီးစားနေကြတာပေါ့။ ကျွန်မတို့ရွာမှာက အိမ်တိုင်းလိုလို နိုင်ငံခြားထွက် အလုပ်လုပ်သူတွေရှိတယ်။ အဲ့ကပေးတာနဲ့ပဲ နောက်မှာကျန်ခဲ့သူတွေက မှေးပြီးစားနေကြတာပေါ့။ နိုင်ငံခြားမှာ သားသမီးမရှိသူတွေ၊ ထောက်ပံ့သူမရှိသူတွေကိုလည်း ကျွန်မတို့ရွာက ပရဟိတအဖွဲ့က နိုင်ငံခြားကနေလှူပေးတယ်။ ဆန်ဆိုလည်း ဆန် ပိုက်ဆံဆိုလည်း တစ်သောင်းဆို တစ်သောင်းပေါ့။ အဲ့လိုလှူပေးတာလည်းရှိတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ကိုယ့်အသက်ထက်ဘာမှ အရေးမကြီးဘူးဆိုပြီး ထားခဲ့ရတာပဲပေါ့”

လောင်းလုံးမြို့နယ် သကျက်တော ဒေသခံ လယ်သမားတစ်ဦး

DW ။ သကျက်တောကိုစစ်ကြောင်းထိုးလို့ ရွာကနေထွက်လာတာ ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ ဖြစ်တဲ့နေ့ကနေဆိုရင် အခုဆို (ဇူလိုင် ၁၆ မှ ၂၁ ရက်အထိ) ၆ ရက်လောက်ရှိနေပြီ။

DW ။ ရွာက လယ်လုပ်ငန်းကို ဘယ်လိုလုပ်မှာလဲ။

ဖြေ ။ အခုလောလောဆယ်တော့ သူများ( တူတော်စပ်သူ) ကိုကူညီတောင်းထားတယ်။ လယ်ထဲခဏဆင်းကြည့်ပေးထားဖို့။ အခုချိန်က လယ်လုပ်ပြီးသွားပြီဆိုတော့ သိပ်လုပ်စရာမရှိတော့ဘူး။

DW ။ သူများကိုလယ်ကြည့်ခိုင်းထားတာ အဆင်ပြေရဲ့လား။

ဖြေ ။ ခဏတော့အဆင်ပြေတာပေါ့။ တာရှည်တော့မရဘူးလေ။ သူများဆိုတာက ကြည့်ဆိုကြည့်ပေးလောက်ပဲပေါ့။ ကိုယ်တိုင်မှသာ (လယ်ထဲ)ရေကြီးနေရင်ဖောက်ထုတ်ပစ်မယ်၊ ရေနည်းနေရရင် ရေပေါက်ပိတ်မယ်။ မြက်ထူနေရင်ခုတ်ပစ်မယ် အဲဒါတွေလုပ်ရမှာလေ။ အခုကတော့ ရေကြီးလည်း ကြီးတဲ့အတိုင်း၊ မရှိလည်း မရှိတဲ့အတိုင်း ဖြစ်နေတာပေါ့။

DW ။ အခုအခြေအနေ ဘယ်လိုရှိတယ်လို့ကြားရလဲ။ စပါးပင်တွေအောင်ရဲ့လား။

ဖြေ ။ ဒီနေ့တော့ မမေးရသေးဘူး။ ရှေ့တစ်နေ့ကတော့ ရွာဘက်မှာမိုးတစ်အားကြီးတယ်လို့ပြောတယ်။ မိုးကြီးရင် ရေပေါက်ဖောက်ပေးဖို့လုပ်ရမှာ။ အဲဒါဘယ်သူမှလည်း ဆင်းလုပ်ပေးမယ့်သူမရှိဘူး။ (စပါးပင်တွေ) သေလားရှင်လားလည်း မမေးရသေးဘူး။ ဒီနေ့တော့ နေပြန်ပူနေပြန်ပြီ။ ဘယ်လိုဖြစ်နေမှန်းလည်း မသိတော့ဘူး။ ခက်တာက ငါတို့ရွာမှာက လယ်သမားသိပ်မရှိဘူး။ ကူညီတောင်းဖို့ကလည်း ရော်ဘာခြံတွေ၊ ရေလုပ်ငန်း လုပ်တဲ့သူတွေပဲများတာကိုး။

DW ။ တစ်ခြားလယ်သမားတွေ‌ရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ ။ ငါတို့ရွာမှာတော့ တစ်ချို့အိမ်ပြန်နေကြတာရှိတယ်။ လယ်သမားဆိုရင်တော့ ငါတို့ရွာထက် (သကျက်တော့နဲ့ကပ်လျက်) သဝင်(ရွာ) မှာပိုများတယ်။ သူတို့လည်း အတူတူပဲပြေးရတာပဲလေ။ သူတို့လည်း လယ်ပစ်ပြီးပြေး။ ငါတို့လည်း လယ်ပစ်ပြီးပြေးရချင်းတူတူပဲ။ ရွာချင်းကပ်နေတာကိုး။ တစ်ချို့ဆို လယ်ထဲကနေ ပြေးလာရတဲ့သူတောင်ရှိတယ်။

DW ။ အခုနေ လယ်ဆင်းမကြည့်နိုင်ရင် ဘာဆက်ဖြစ်မလဲ။

ဖြေ ။ စပါးတွေသေကုန်မှာပေါ့။ ရေကြီးရင်လည်း ရေမြုပ်သေမယ်။ ရေမရှိရင်လည်း နလန်မထူနိုင်ဘဲသေမယ်။ စပါးသေရင် ပြန်စိုက်ရမှာပေါ့။ ပြန်စိုက်ရင်လည်း ပျိုးပင်ဝယ်ရမှာနဲ့။ လူငှားရမှာနဲ့ ထပ်ကုန်မှာပေါ့လေ။ လုပ်ပြီးမှတော့ မထူးပါဘူး ထပ်ငှားရမှာပဲလေ။

DW ။ လယ်လုပ်နေရင်းတန်းလန်းနဲ့ စစ်ရှောင်နေရတဲ့အပေါ်ဘာများပြောချင်တာရှိလဲ။

ဖြေ ။ ဖြစ်လာပြီဆိုရင် လယ်သမားလည်းမကျန် ပြေးရတာပဲ။ ငါကတော့ နိုင်ငံရေးနဲ့လည်း မပတ်သက်ဘူး အေးအေးဆေးဆေး လယ်ပဲလုပ်နေတာပဲဆိုပြီး နေလို့မှမရတာ။ ဘာမှမလုပ်ပဲလည်း တွေ့တဲ့သူ (စစ်‌ေကာင်စီတပ်က) အကုန်ဖမ်းတာလေ။ ကိုယ့်အသက်ထက်ဘာမှ အရေးမကြီးဘူးဆိုပြီး ထားခဲ့ရတာပဲပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။