ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1973

ယခုအပတ်ရွှေဈေးမှာ ဈေးအမြင့်တွင်တန့်နေပြီး အလှုပ်အခတ်နည်းနေသည်။

ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ ဆက်တိုက်တက်လာသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ဈေးအမြင့်တွင် တန့်နေသည့် ရွှေဈေး

အခေါက်ရွှေဈေးသည် ဆက်တိုက် အတက်ကြိမ်းခဲ့ပြီးပြီး ယခုအပတ်တွင် တန့်နေခဲ့သည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်နှစ်သိန်းခြောက်သောင်းကျပ် ဝန်းကျင်တွင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးငြိမ်နေခဲ့သည်။

ထိုင်းဘတ်ဈေးမှာ တရွေ့ရွေ့တက်လာပြီး ထိုင်းငွေတစ်ဘတ်လျှင် ကျပ် ၉၀ နီးပါး ဈေးပေါက်နေသည်။

ယခုအပတ်ထိုင်းဘတ်ဈေးမှာ တစ်ရက်နှင့်တစ်ရက် ပြားဂဏန်းသာ အတက်အကျရှိနေခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၁၄ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

ဆက်တိုက်တက်လာသည့် ဓာတ်ဆီဈေး

ဓာတ်ဆီဈေးမှာ တရိပ်ရိပ်တက်လာပြီး တစ်လီတာလျှင် ငွေကျပ်နှစ်ထောင်နှစ်ရာကျော်အထိ ဈေးမြောက်နေသည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၅၀ ကျပ် မှ ၂၂၂၀ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၀၀ ကျပ်မှ ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ် ရွှေဈေးမှာ လက်ရှိပေါက်ဈေးအတိုင်း အပြောင်းအလဲနည်းနည်းဖြင့် ဈေးဆက်ဖွင့်နေမည်ဖြစ်သည်။

ပြည်တွင်းစီးပွားရေးကျဆင်းမှု၊ ကျပ်ငွေတန်ဖိုး ကျဆင်းနေမှုနှင့် ပဋိပက္ခများကြောင့် ရွှေဈေးမှာ ကျရိပ်ပြနိုင်မည့် အရိပ်အယောင်မတွေ့ရပေ။

ထို့အပြင် ကမ္ဘာ့ရွှေဈေးကလည်း ပြန်လည်ဦးမော့လာသည်။

ဇူလိုင်လ ၂၂ ရက်နေ့ ကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် ၁၉၆၂ ဒေါ်လာရှိနေပြီး ပြီးခဲ့သည့်အပတ်ကမူ ၁၉၅၆ ဒေါ်လာသာရှိခဲ့သညည်။

ထို့ကြောင့် ပြည်တွင်းရွှေဈေးမှာ လက်ရှိနှုန်းထားအတိုင်းပင် အတက်အကျနည်းနည်းဖြင့် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

ထိုင်းဘတ်ဈေးမှာ ပြည်တွင်းရွှေဈေးအတက်အကျ၊ နှစ်နိုင်ငံ နိုင်ငံရေးအခြေအနေ၊ ကုန်သွယ်ရေး စသည့်အချက်များ အပေါ် မှီတည်နေရာ လာမည့်အပတ်တွင်လည်း အတက်ဈေးတွင်သာ ဆက်ရှိနေမည်ဖြစ်သည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ အတက်ကြမ်းနေသည့်အပြင် ဒေါ်လာငွေလဲနှုန်းကလည်း အမြင့်ဈေးတွင် ဆက်ရှိနေသည်။

လက်ရှိ အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ်သုံးထောင်အထက်တွင် ဈေးပေါက်နေသည်။

ထိုကြောင့်လာမည့်အပတ်စက်သုံးဆီဈေးမှာ လက်ရှိပေါက်ဈေးထက် ဆက်တက်လာနိုင်ကြောင်း သုံးသပ်ရသည်။