လောင်းလုံးတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက နေအိမ်လေးဆောင် မီးရှို့

0
2263

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စခန်းကြီးရွာအနီးတွင် ယနေ့ (ဇူလိုင် ၂၂) မနက်ပိုင်းမှစတင်၍ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က နေအိမ်လေးဆောင်ခန့် မီးရှို့လိုက်ကြောင်း သိရသည်။

ယနေ့ နံနက် ၇ နာရီဝန်းကျင်ခန့်မှစပြီး ခမောင်းတောင်ရွာအနီးတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။

“လက်နက်ကြီး လက်နက်ငယ်တွေရော အချက်ရေမနည်းဘူး။ ရွာထဲမှာလူတွေလည်းမရှိတော့ဘူး “ဟု ဒေသခံတစ်ဦးကပြောသည်။

ပစ်ခတ်မှုဖြစ်ပြီး နံနက် ၁၀ နာရီ ဝန်းကျင်မှစ၍ စစ်ကောင်စီတပ်သည် စခန်းကြီး ကျေးရွာအုပ်စုနှင့် တောင်မင်းပြောင်ကျေးရွာဘက်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုးနေသည်။

စခန်းကြီးရွာအနီးရှိ ဖွားဘုတ်ပြင် ရွာဘက်ရောက်ရှိနေသည့်စစ်ကြောင်းက ယနေ့ နေ့လယ်ပိုင်းကစပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကျွန်မတို့ တစ်ရွာလုံးနီးပါးထွက်ပြေးနေရတယ်။ ခုညနေငါးနာရီအထိ ပစ်တုန်း”ဟု ဖွားဘုတ်ပြင်ရွာသူတစ်ဦးကပြောသည်။

ယနေ့ညနေပိုင်း မေးမြန်းချက်အရ ဖွားဘုတ်ပြင်ရွာတွင် နေအိမ်နှစ်ဆောင်ခန့် အနည်းဆုံး မီးရှို့ခံထားရသည်ဟုဆိုသည်။

တောင်မင်းပြောင်ရွာ သို့ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းကလည်း တောင်မင်းပြောင်ရွာတွင် နေအိမ် နှစ်ဆောင်ခန့်ကို မီးရှို့ထားပြီး ဆက်လက်ထွက်ခွာသွားသည်ဟုဆိုသည်။

” သူတို့က ရွာထိပ်ညောင်ပင်နားမှာ စခန်းချနေသေးတယ်။ ပြီးတော့မှရွာထဲဝင်ပြီးမီးရှို့သွားတာ”ဟု ‌တောင်မင်းပြောင်ရွာသားတစ်ဦးကပြောသည်။

ဖွားဘုတ်ပြင်ရွာနှင့် တောင်မင်းပြောင်ရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်တို့ ယနေ့ညနေပိုင်းကလည်း တိုက်ပွဲထပ်မံဖြစ်ပွားပြီး နှစ်ဖက် ကျဆုံးမှုရှိကြောင်းလည်း ဒေသခံများကပြောသည်။

စစ်ကောင်စီ နှင့်ဆက်စပ်ပတ်သက်သည့် တယ်လီဂရမ်ချန်နယ်များတွင်မူ ယနေ့ စခန်းကြီးရွာအနီး နယ်မြေရှင်းလင်းရာတွင် PDF တပ်သား ၅ ဦးခန့်ကျဆုံးပြီး အများအပြားဒဏ်ရာရရှိထားသည်ဟု ထုတ်ပြန်ရေးသားထားသည်။

ယင်းသို့ပင် စစ်ကောင်စီတပ်ဘက်က အကျအဆုံးများကြောင်းလည်း သတင်းများထွက်နေသည်။

သို့သော် ယင်းသေဆုံးဒဏ်ရာရမှု အခြေအနေများကို Dawei Watch အနေဖြင့် အသေးစိတ်မသိရသေးပေ။ ဆက် လက်စုံစမ်းမေးမြန်းနေဆဲဖြစ်ပါသည်။

ယနေ့ မနက်ပိုင်းကစဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲကြောင့် စခန်းကြီးကျေးရွာအုပ်စုအပါအဝင် ခမောင်းတောင်ကျေးရွာအုပ်စုနှင့် တောင်မင်းပြောင်ကျေးရွာများက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။