ထိုင်း ဝန်ကြီးချုပ်နေရာအတွက် အလားအလာရှိသူများ

0
2528

ယနေ့တွင် ဝန်ကြီးချုပ်လောင်းအဖြစ် ပီထာကို ဒုတိယအကြိမ် အမည်စာရင်းတင်သွင်းခဲ့သော်လည်း ကန့်ကွက်သူ လွှတ်တော်အမတ် ၃၉၅ ဦးရှိသဖြင့် ပီထာကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံတင်သွင်းရွေးချယ်ခံခွင့် မရှိတော့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပီထာကို လွှတ်တော်၏ စည်းမျဉ်းစည်းကမ်းများအရ ထပ်မံ တင်သွင်းခွင့်မရှိကြောင်း အထက်လွှတ်တော်အမတ်များနှင့် အတိုက်အခံပါတီများက အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပီထာကို နောက်တစ်ကြိမ် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခွင့်မရှိကြောင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၉၅ မဲ၊ ကန့်ကွက်မဲ ၃၁၂ မဲနှင့် ကြားနေမဲ ၈ မဲ ရှိခဲ့သည်။

ပီထာ ၏ Move Forward ပါတီ (MFP) သည် ပြီးခဲ့သည့် မေလ ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံး အနိုင်ရရှိခဲ့သော်လည်း ဘုရင်စနစ်၏ တင်းကျပ်သော တော်ဝင်အသရေဖျက်မှုဆိုင်ရာ ဥပဒေများကို ပြင်ဆင်ရန် ကတိကဝတ်ပြုထားခြင်း သည် ၎င်း၏ လွှတ်တော်သစ် ဖော်ဆောင်ရေးအား နှောင့်နှေးစေကာ စစ်တပ်မှ ရွေးကောက်တင်မြောက်ထားသည့် အထက်လွှတ်တော်အမတ်များထံမှ ပြတ်သားစွာ ပယ်ချခံရခြင်း ကို ကြုံတွေ့ရစေခဲ့သည်။

ယင်းအပြင် ပီထာကို iTV ရှယ်ယာများပိုင်ဆိုင်ထားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အခြေခံဥပဒေခုံရုံးက ယနေ့ (ဇူလိုင် ၁၉) တွင် လက်ခံလိုက်ပြီးနောက် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့လိုက်ပြီဖြစ်သည်။

အခြေခံဥပဒေခုံရုံးက နောက်ထပ်အမိန့်မချမှတ်ခင်အထိ ပီထာသည် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားခံရမည်ဖြစ်သည်။

ယင်းအမှုကို ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲမတိုင်ခင် တစ်ရက်အလို ဇူလိုင်လ ၁၂ ရက်နေ့တွင် အခြေခံဥပဒေခုံရုံးထံသို့ တိုင်ကြားထားခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က ပီထာကို မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော iTV ရှယ်ယာ ၄၂၀၀၀ ပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အနေဖြင့် ရွေးကောက်ခံခွင့်မရှိဟူသော စွပ်စွဲချက်ဖြင့် ခုံရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူလူထုထောက်ခံမှု အများဆုံးရရှိထားသည့် ပီထာမှာ ထိုင်းဝန်ကြီးချုပ်နေရာအတွက် ရွေးချယ်ခံနိုင်ခွင့် မရှိတော့သောအချိန်တွင် ဝန်ကြီးချုပ်လောင်းအဖြစ် မည်သူတို့ကို တင်သွင်းလာမည်လဲ ဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်လာသည်။

ဆရက်သာ သာဝီဆင်

ဖြူထိုင်း (Pheu Thai) ပါတီ ၏ ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်သည့် အသက် ၆၀အရွယ် ဆရက်သာ သာဝီဆင် သည် မဲဆွယ်စည်းရုံးရေးလမ်းကြောင်းတွင် ငယ်ရွယ်သော မဲဆန္ဒရှင်များအကြား လူကြိုက်များခဲ့သည့် မျက်နှာသစ် တစ်ဦး အဖြစ် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းတွင် မထင်မှတ်ထားသော နာမည်ကျော်မှုကို ကြုံတွေ့ခဲ့ရသူ ဖြစ်သည်။

ထိုင်းနိုင်ငံ၏ သြဇာကြီးမားသော အထက်တန်းလွှာများအကြား စီးပွားရေးခေါင်းဆောင်များ၏ သဘောကျနှစ်သက်မှုကို ခံရထားရသည့် ဆရက်သာ သည် အလားအလာရှိကာ အဘက်ဘက် နှင့် ညှိနှိုင်းလုပ်ဆောင်နိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦး အဖြစ် အမွှမ်းတင်ခံရသည်။

ဖြူထိုင်း ၏ ခေါင်းစဉ် အောက်တွင် သူ့အနေနှင့် ပါလီမန်တွင် ၁၅၁ မဲ ရရှိနိုင်သည့်အတွက် ပီထာ ပယ်ချခံရပါက ဆရက်သာ သည် ဝန်ကြီးချုပ်ဖြစ်ရန် တစ်ပြေးနေသူ ဖြစ်လာနိုင်သည် ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ထီတီတန် ပုန်ဆုဒီရတ်ခ် က အေအက်ဖ်ပီ သတင်းဌာန သို့ ပြောကြားခဲ့သည်။

သို့သော် ဆရက်သာ သည် စီးပွားရေးသမား ဖြစ်သည့်အလျောက် ပါတီတွင်း ခြေကုပ်မရှိသည့် အတွက် အလွန် ဆွဲဆောင်မှုရှိသော ကိုယ်စားလှယ်လောင်းတော့ မဟုတ်ကြောင်း ထီတီတန် က သတိပေးခဲ့သည်။

အိမ်ခြံမြေလုပ်ငန်း ဆက်ခံသူ ဆရက်သာ သည် အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားခဲ့ပြီး ထိုင်းနိုင်ငံ၏ အကြီးမားဆုံး အိမ်ခြံမြေလုပ်ငန်းရှင် တစ်ဦး အဖြစ် ရပ်တည်ခဲ့သည်။

၎င်းသည် ဖြူထိုင်းပါတီ တည်ထောင်သူ သက်ဆင်ရှင်နာဝပ်ထရာ နှင့် ၎င်း၏ညီမဖြစ်သူ ယင်လပ် ရှင်နာဝပ်ထရာတို့၏ လူယုံတစ်ဦးဖြစ်သည်။ ရှင်နာဝပ်ထရာ မောင်နှမ နှစ်ဦးစလုံးသည် ထိုင်းစစ်တပ်၏ ဖြုတ်ချခြင်းမခံရမီ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သည်။

ပေထုံတန် ရှင်နာဝပ်ထရာ

ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးမျိုးရိုးကြီးသူ တစ်ဦးအဖြစ် ပွဲထွက်ခဲ့သည့် ဖြူထိုင်းပါတီ၏ အသက် ၃၆နှစ် အရွယ် ပေထုံတန် ရှင်နာဝပ်ထရာ သည် စိတ်ဓာတ်တက်ကြွပြီး ဉာဏ်ရည်ထက်မြက်သော မဲဆွယ်သူဖြစ်ကြောင်း ကို လူထုထောက်ခံမှု အများအပြား အပြင် မိသားစုထံမှ ရရှိခဲ့သည့် နိုင်ငံရေး အမွေအပေါ် တည်ဆောက်မှုများ ဖြင့် သက်သေပြခဲ့သူ ဖြစ်သည်။

၂၀၀၆ ခုနှစ် ၊ စစ်တပ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံခဲ့ရသော ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ ၏ တတိယမြောက် ရင်သွေး ဖြစ်သူ ပေထုံတန် သည် သူမ၏ပါတီနှင့်အတူ ပီထာ၏ MFP ကိုပါ သိသိသာသာ ထောက်ခံခဲ့သူ ဖြစ်သည်။

မကြာသေးမီက ကလေးမွေးထားသည့် ပေထုံတန် သည် သူမ၏ဖခင် ကြုံတွေ့ခဲ့ရသည့် အခြေအနေအပေါ် နက်ရှိုင်းသော အာဃာတကြောင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေး ထူထောင်မှုတွင် ထိခိုက်လာနိုင်ကြောင်း ထီတီတန် က မှတ်ချက်ချကာ သူမ၏ ဝန်ကြီးချုပ်လောင်း ဖြစ်နိုင်ချေများအပေါ် လျှော့ပေါ့ပြောဆိုခဲ့သည်။

ယခုနှစ်တွင်း နိုင်ငံရေး ပွဲဦးထွက်မစခင်တွင် သူမသည် အင်္ဂလန်နိုင်ငံတွင် ဟိုတယ်စီမံခန့်ခွဲမှုပညာကို လေ့လာခဲ့ပြီး သူမ၏ အလွန်ချမ်းသာသော မိသားစုပိုင် လုပ်ငန်းစု၏ ဟိုတယ်လုပ်ငန်း တွင် အလုပ်လုပ်ခဲ့သည်။

သူမသည် ၂၀၁၉ ခုနှစ်တွင် လေယာဉ်မှူး ပီဒေါ့ ဆွတ်ဆာဝပ်စ် နှင့် လက်ထပ်ခဲ့ပြီး ၎င်းတို့ဇနီးမောင်နှံတွင် ကလေးနှစ်ယောက်ရှိသည်။

အနုတင် ချာနီဝိရာကူလ်

ဘွမ်ကျိုင်ထိုင်း (Bhumjaithai) ပါတီ ခေါင်းဆောင် ၊ အသက် ၅၆ နှစ်အရွယ် အနုတင် ချာနီဝိရာကူလ် သည် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကို လွန်ကဲစွာ ရုန်းကန်နေရပြီး ကိုယ်တိုင်အနေနှင့် ဝန်ကြီးချုပ်နေရာအတွက် အလားအလာမရှိသော်လည်း ဝန်ကြီးချုပ်နေရာသို့ ရောက်ရန် တွန်းတင်နိုင်သည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း ပြသနိုင်ခဲ့သည်။

အောက်လွှတ်တော်တွင် အမတ်နေရာ ၇၁ နေရာ ကို ပိုင်ဆိုင်ထားပြီး ပီထာ အတွက် အင်အားတစ်ရပ်အဖြစ် ရပ်တည်မှုကို ရပ်စဲခဲ့သည့်အပေါ် ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့ပြီးနောက် အနုတင် သည် ၎င်း၏ ထောက်ခံမှုကို နောက်ထပ် တစ်ပြေးနေနိုင်သည့် အမတ်လောင်းအတွက် ပံ့ပိုးပေးရန် ရွေးချယ်နိုင်သည့် အနေအထား တွင် ရှိနေသည်။

အနုတင် သည် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံး မိသားစုများထဲမှ ဆင်းသက်လာသူ တစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် နိုင်ငံတွင်း ဆေးခြောက် ကို တရားဝင်ဖြစ်စေရန် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော အရွေ့၏ မယုံနိုင်ဖွယ် ပြယုဂ် တစ်ခု ဖြစ်လာခဲ့သည်။

သူသည် ရှင်နာဝပ်ထရာ မျိုးနွယ်စု နှင့် ကာလရှည်ကြာ ဆက်ဆံရေး ရှိပြီး သက်ဆင် အစိုးရ ၏ အဖွဲ့ဝင် အဖြစ် နိုင်ငံရေးလောက သို့ စတင် ဝင်ရောက်ခဲ့သူ ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ဘွမ်ကျိုင်ထိုင်းပါတီ ၏ခေါင်းဆောင်ဖြစ်လာပြီး ၂၀၁၉ ခုနှစ်တွင် အာဏာသိမ်းခေါင်းဆောင် ပရာယွတ် ချန်အိုချာ ၏အစိုးရနှင့် ညွန့်ပေါင်းအဖွဲ့ ဖော်ဆောင်ခဲ့ကာ အနုတင်သည် လက်ရှိတွင် ထိုင်းနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသည်။

ပရာဝတ် ဝုန်ဆူဝါန်

အနေသိုသိပ်သော်လည်း မထင်မှတ်ထားသော ဝှက်ဖဲ ဖြစ်လာနိုင်သူ ၊ အသက် ၇၇နှစ် အရွယ် ပရာဝတ် ဝုန်ဆူဝါန် သည် တိတ်တဆိတ် နှင့် နောက်ကွယ်ကနေ လှုပ်ရှားသည့် နိုင်ငံရေးသမား အဖြစ် လူသိများသည်။

သူ၏ ပါလန် ပရာချာရတ် (Palang Pracharath) ပါတီကို ထိုင်းစစ်တပ်က ကျောထောက်နောက်ခံပြုထားပြီး ပါလီမန်တွင် မဲနေရာ ၄၀ ကို ရရှိထားသည်။

ပရာဝတ်သည် ၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ စစ်တပ်အကြီးအကဲအဖြစ် ရာထူးအဆင့်ဆင့် တိုးမြှင့်ခံရပြီး နှစ်ပေါင်းများစွာကတည်းက ထိုင်းနိုင်ငံရေးလောက အတွင်း နောက်ကွယ်မှ လှုပ်ရှားနေသည့် နိုင်ငံရေး ကစားသမားတစ်ဦး ဖြစ်သည်။

၂၀၀၆ ခုနှစ် ၊ စစ်တပ် အာဏာသိမ်းပြီးနောက် အမျိုးသားဥပဒေပြုလွှတ်တော်တွင် ခန့်အပ်ခံရပြီး ၂၀၀၈ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီ တည်ထောင်ခဲ့မှုအောက်တွင် ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။

ပရာဝတ်သည် ၂၀၁၄ ခုနှစ် စစ်တပ် အာဏာသိမ်းမှု၏ ကြိုးကိုင်သူများထဲမှ တစ်ဦးဖြစ်ခဲ့ပြီး ပရာယွတ် အစိုးရ၏ ဒုဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကာ ၎င်းတို့နှစ်ဦး လက်တွဲဖြုတ်သွားခဲ့သည့်အထိ အဆိုပါ စစ်ခေါင်းဆောင်နှင့် အနီးကပ် မဟာမိတ်ဖွဲ့ခဲ့သည်။

====================================

ဘာသာပြန် – ဒါလီ

Thailand’s next PM: If not Pita, then who? by AFP, published on Channel News Asia ကို မှီ၍ ရေးသားသည်။