သေနတ်ပြ တောင်းစားနေတဲ့ ဂိတ်တွေ

0
6825

စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေးအကြောင်းပြကာ ပေါ်ပေါက်လာသည့် ဝါးတားဂိတ်ဟုခေါ်ကြသည့် စစ်ဆေးရေးဂိတ်များတွင် သေနတ်ပြတောင်းစားမှုများမှာ ဂိတ်တိုင်းလိုလိုတွင်ရှိနေသည်။

စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် ယူနီဖောင်းဝတ်ထားသူများရှိသလို အရပ်ဝတ်ဖြင့် လက်နက်ကိုင် ထားသူများလည်း ရှိနေသည်။

စစ်ဆေးရေး ဂိတ်ဖြတ်သန်းသွားလာသည့် ပြည်သူများမှာ စစ်ဆေးခံရမှုများရှိသလို ကုန်ပစ္စည်း သို့မဟုတ် ငွေကြေးတောင်းခံမှုများ ကြုံတွေ့နေရသည်။

ပဋိပက္ခဒေသများတွင်မူ ဆန်၊ဆေးအပါအဝင် ရိက္ခာသယ်ယူခွင့် ကန်သတ်ထားမှုကြောင့် မိသားစု စားသောက်ရန်အတွက် ဝယ်ယူထားသည်များကိုပင် ဂိတ်ဖြတ်၍ သယ်ယူနိုင်ရန် ငွေကြေးသို့မဟုတ် ဝယ်ယူလာသော ပစ္စည်းများပေးခဲ့ကြရသည်။

၎င်းတို့တောင်းသည်များကို မပေးပါက အလွယ်တကူ ဖြတ်သန်းသွားလာ၍ မရသလို အခန့်မသင့်ပါက ပစ္စည်းသိမ်းခံရခြင်း၊ ဖမ်းဆီးခံရခြင်းများပင် ကြုံတွေ့ကြရသည်။

မကြာခဏဖြတ်သန်းသွားလာသူများမှာ အဆင်ပြေပြေ ဖြတ်သန်းနိုင်ရန်အတွက် ဂိတ်တွင်ပေးရန် ကွမ်းယာ၊ ဆေးလိပ်မှစ၍ ပစ္စည်းအချို့ဆောင်ထားကြရသည်။

 ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“(ဂိတ်တွေမှာ ပိုက်ဆံပေးရတာ)ဆန်တစ်အိတ် သယ်လာရင်လမ်းမှာ ဆန်တစ်အိတ်ဖိုးကုန်တယ်”

ထားဝယ်မြို့နယ် အရှေ့တောဒေသခံတစ်ဦး

DW ။ အရှေ့တောဘက်က လမ်းခရီးအခြေအနေဘယ်လို့ရှိလဲ။ စစ်ဆေးတင်းကျပ်မှုရှိလား။

ဖြေ ။ လူငယ်တွေဆိုကျောပိုးအိပ်တွေဖွင့်စစ်တယ်။ ဘယ်ကလဲ ဘယ်သွားမလဲ အဲလိုမေးတယ်။ အဓိကစစ်တာ‌က ဗျောတောဝ ဂိတ်ပေါ့နော်။ လက်ဗလာဆိုရင်သိပ်မစစ်ဘူး ကျောပိုးအိပ်တွေပဲအဓိကစစ်တယ်။

 DW ။ အရှေ့တောဒေသဘက်ကို ကုန်ပစ္စည်း သယ်ယူခွင့် ကန့်သတ်တာတွေရှိလား။ ရှိတယ်ဆို ဘယ်လိုကုန်ပစ္စည်းမျိုး ကန့်သတ်ခံရတာလဲ။

ဖြေ ။ အဓိကငှက်ဖျားဆေး၊ ဆန်၊ မာမားကုန်ခြောက်၊ တစ်ခြားဆေးဝါးတွေရောပဲ။ ဘာဆေးမှာကို သယ်ခွင့်မပေးဘူး။ ဆေးဆိုင်ကဆရာမတစ်ယောက်ဆို ဆေးရောင်းတဲ့လိုင်စင်နဲ့ ပြန်သွားထုတ်ရတယ်။ နောက်ပြီးတော့ဆန်။ ဗျောတောဝ စစ်ဆေးရေးဂိတ်မှာဆိုရင် ဆန်မတင်ရဆိုပြီး ဆိုင်းဘုတ်တောင် ထောင်ထားတယ်။

DW ။ ဆန်တောင်မှသယ်ယူခွင့်မရဘူးဆိုတော့ ဘယ်လိုစားသောက်နေကြလဲ။

ဖြေ ။ ဆန်သယ်ရင် တစ်အိတ်ကို ငါးထောင်ကနေ တစ်သောင်းကြား (စစ်ဆေးရေးဂိတ်တွေကို) ပေးရတယ်။ မပေးရတဲ့သူက ခပ်ရှားရှားပဲ။ ဒီလို့ပဲဆင်ပြေအောင်လုပ်ရတာပေါ့။

DW ။ အဲဒီလို စစ်ဆေးရေးဂိတ်တွေကို ငွေကြေးပေးနေရတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ အဓိက ကိုယ်စားဖို့ဆန်တစ်အိတ် ကိုယ်တိုင်သယ်‌တာတောင်မှ ဒီလိုပေးနေရတယ်ဆိုတော့ ဘဝင်မကျဘူးလေနော်။ သူတို့ထင်တာက ဟိုဖက်ကိုထောက်ပံ့တယ်ပဲ ထင်နေတာကိုး။ အမြဲတမ်းဆေးဆိုလည်း ဒီအတိုင်းပဲ။  ဒေသခံတွေသယ်တယ်ဆိုတာ ကိုယ်မိသားစု အသုံးပြုရအောင်ပဲသယ်တာ။ အဲတာကိုတောင်မှ သူတို့က ခွင့်မပြုဘူးဆိုတော့က နည်းနည်းပင်ပန်းတာပေါ့။

 DW ။ အဲဒီလိုပေးနေရတဲ့ စစ်ဆေးရေးဂိတ်တွေဘယ်လောက်ရှိလဲ။

ဖြေ ။ ဗျောတောဝဂိတ်ရှိမယ်၊ ရှစ်မိုင်ဂိတ်ရှိမယ်၊ပကာရီဂိတ်ရှိမယ်၊ ကျောက်မဲတောင်ဂိတ်ရှိမယ်။ ဟိန္ဒားဂိတ်ရှိမယ်။ အားလုံး ငါးခုလောက်ရှိတယ်။ အဲဒီဂိတ်တွေမှာ အနည်းဆုံး(ကျပ်)ငါးထောင်က‌နေ တစ်သောင်းကြားပေးရတတ်တယ်။ ထားဝယ်မှာဆန်တစ်အိမ်ကို (ကျပ်) လေးသောင်းပေးရရင် ဒီဘက်ရောက်ရင် ခြောက်သောင်းခွဲ၊ ခုနှစ်သောင်းလောက်ဖြစ်သွားတာ။ အိမ်အရောင်ထိဆိုရင် ဆန်တစ်အိတ် သယ်လာရင်လမ်းမှာ ဆန်တစ်အိတ်ဖိုးကုန်တယ်။

DW ။ ဒါဆိုရင် အဲဒီလိုအခက်ခဲတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းနေကြရလဲ။

ဖြေ ။ နေ့စားလိုက်တယ် ပိုက်ဆံမရဘူး။ အဓိက ဆန်ရဖို့ပဲနေ့စားခအဖြစ် ဆန်ပဲယူတယ်။ ဆန်တစ်အိတ်ယူပြီး တောခုတ်ပေးရတယ်။ ကွမ်းသီးပင်တွေ စိုက်ပေးရတယ်။ ပိုက်ဆံထက် ဆန်ကအရေးကြီးနေတော့ အဓိက ဆန်ရဖို့ပဲလေ။ ထမင်းနဲ့တွဲစားရတာက ဥယျာဉ်ခြံထွက် အသီးအရွက်တွေနဲ့ ပြီးသွားလို့ရတယ်။

ဆန်ကမရှိလို့မှမရတာ။ တစ်ချို့တွေမှာ တောင်ယာဆန်ရှိတော့ ခုသာခံသာရှိနေနိင်သေးတယ်။ ဒါပေမဲ့ အဲဒါကလည်း အနည်းစုပါ။ အရှေ့တောဒေသတစ်ခုလုံးကို လွမ်းခြုံပြီး ရောင်းချပေးနိုင်တဲ့အခြေအနေ   မဟုတ်ဘဲ။ အခုချိန်က တောင်ယာကလည်းပျက်။ တစ်ချို့တွေဆို စပါးပျက်ပြီး စိုက်ခင်းတစ်ခုလုံးတောင် ပစ်ထားရတာ။ အရင်က စပါးတစ်ရာလောက်ထွက်တဲ့ တောင်ယာက အခုသုံးဆယ်လောက်ပဲ ထွက်တော့တာ။ လူစားဖို့မပြောနဲ့ ကြက်တွေ၊ ဝက်တွေအတွက်တောင် မလောက်ဘူး။

 DW ။ ဆေးဝါးတွေ ပြတ်လပ်နေတဲ့အနေထားဆိုတော့ ဒေသခံတွေ ကျန်းမာရေး ကိစ္စအတွက် ဘယ်လိုဖြေရှင်းနေရလဲ။

ဖြေ ။ အဓိက လူမှုကူညီရေးအသင်းယာဉ်တွေကိုပဲ အားကိုးရတာပေါ့။ အဲဒါလေးတစ်ခုခွင့်ပြုနေလို့ ဒေသခံတွေရဲ့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်နေတာပါ။

 DW ။ တစ်ခြားရောဘာပြောချင်တာရှိလဲ။

ဖြေ ။ ထွေထူးခံစားချက် မပြောတက်တော့ဘူးဗျာ ။ ကျေနပ်မှုကတော့ လုံးဝကိုမရှိဘူး။

DW ။ ကျေးဇူးတင်ပါတယ်။

“(ကလေးဆေးခန်းပြမယ့် ပိုက်ဆံ)လေးသောင်း ပေးလိုက်ရတယ် ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ဆိုပြီး”

လောင်းလုံးမြို့နယ် ဒေသခံတစ်ဦး

DW ။ လောင်းလုံးမြို့နယ်ဘက်ကိုသွားရင် အစစ်အဆေး အရမ်းတင်းကျပ်တယ်လို့ ပြောသံကြားရတယ်။ အခြေအနေဘယ်လိုရှိလဲဆိုတာ ပြောပြပေးပါ။

ဖြေ ။ စစ်တာကတော့အရမ်းစစ်တယ်။ ဟိုးတစ်လောက လဝကရုံးလား ဘာရုံးလဲတော့ မမှတ်မိတော့ဘူး ပစ်ခံရပြီးကတည်းကပဲ။ အခုဆို တစ်လကျော် နှစ်လလောက်တောင်ရှိနေပြီ ဆက်တိုက်ကိုပဲစစ်နေတာ။

DW ။ ဘယ်နေရာမှာစစ်တာလဲ။

ဖြေ ။ လောင်းလုံး(မြို့) ထဲမှာ အစစ်အများဆုံးပဲ။ ကမြောကင်းတံတားမှာ အဲလောက်မဟုတ်ဘူး။ လောင်းလုံးမှာပဲဆိုးတာ။ သူကနေ့တိုင်းစစ်တာ။ နေ့တိုင်းဆိုနေ့တိုင်းပဲ။ သုံးလေးနေရာ။ အဲလိုမျိူး။

DW ။ အစစ်အဆေးခံရရင် ‌ပိုက်ဆံတွေအဲလိုမျိုး ပေးရသေးလား။

ဖြေ ။ ပေးရတာပေါ့။ သူတို့ကအဲဒါလိုချင်လို့ပဲစစ်နေတာကို။

‌DW ။ ဘယ်လောက်ပေးရတာမျိုးရှိလဲ။

ဖြေ ။ ဘယ်လောက်ပေးရလဲဆို တစ်ခါနဲ့တစ်ခါမတူဘူး။ ကျွန်တော်မှာဆို ပထမတစ်ခါလေးသောင်း ပေးလိုက်ရတယ်။ ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ဆိုပြီး။ ကလေးဆေးခန်းသွားပြမလို့ပါဆိုတာ ဘယ်လိုမှမရဘူး။ ပထမပိုက်ဆံမပါဘူးပြောတာ။ သူတို့ကပါသလောက်ပေးခဲ့တဲ့။ ပိုက်ဆံအိတ်ယူထုတ်တော့ အထဲမှာ ညှပ်ထား( ဝှက်ထား) တဲ့တစ်သောင်းတန်တွေပါလာတယ်။ သူတို့ကမြင်သွားပြီးတော့ အဲဒါတွေအကုန်ပေးဆိုပြီး တောင်းတာ။ တစ်သောင်းပေးတာမရဘူး။ အကုန်ပေးခဲ့တောင်းတာ။ ပြီးပြီးရောနားအေးတယ်ဆိုပြီး အကုန်ပေးလိုက်တော့တယ်။ ကလေးလည်းဆေးခန်းမပြရဘဲ ပြန်လာလိုက်တယ်။

DW ။ သူများတွေလဲ ဒီလိုပဲ စစ်ဆေး‌ခံရရင် ပိုက်ဆံပေးရတယ်လို့ ပြောသံကြားရသေးလား။

ဖြေ ။ ပေးရတာပေါ့။ (ကုန်ပစ္စည်းတင်) ကားတွေမှာဆို ဆီ(စက်သုံးဆီ)တစ်ပေပါကို (ကျပ်) လေးငါးသောင်းပေးရတာ။ ငါတို့ရွာကပဲကားသမားက။ သူပြောပြတာ တစ်ပေပါ ငါးသောင်း သုံးပေပါ တစ်သိန်းခွဲအထိတောင်းတာတဲ့။ ဘယ်လိုလုပ်စားတော့မလဲစဉ်းစားကြည့်လေ။ ဆန်ဆိုလည်းအဲအတိုင်းပေးရတာပဲ။ မပေးရဘူးဆိုတာမရှိဘူး။ အကုန်လုံးပေးကမ်းပြီးသွားနေရာတာ။

သူတို့က မပေးပေးရအောင်ကို တစ်ခုပြီးတစ်ခုစစ်တာ။ (ယာဉ်မောင်း)လိုင်စင်ပါရင်မှတ်ပုံတင်မပါလို့။ ဒိတ်ဝိုင်းပါရင် စာအုပ် (ယာဉ်ပိုင်ဆိုင်မှုအထောက်အထားစာအုပ်) မပါလို့ အမျိုးမျိုးရစ်တာလေ။ ဆိုင်ကယ်စာအုပ်က အိမ်မှာထားတယ်လို့ပြောလဲမရဘူး။ ဒိတ်ဝိုင်းက အတုလုပ်လို့ရတယ် အဲကြောင့်စာအုပ်တောင်းတာတဲ့။ အဲလိုမျိုးပေါ့။ ကုန်ကားတွေဆိုလည်း‌လိုင်စင်‌အမျိုးမျိုးတောင်းကြည့်တာ။ နောက်ဆုံးဌာနဆိုင်ရာထောက်ခံစာမပါလို့ဆိုပြီး တစ်သိန်း၊ နှစ်သိန်းအထိတောင်ပေးရတာတဲ့။ ( ဌာနဆိုင်ရာ‌ထောက်ခံစာဆိုသည်မှာ မျှောစာကဲ့သို့သော ကုန်ပစ္စည်းသယ်ယူခွင့်အထောက်အထားကိုဆိုလိုခြင်းဖြစ်သည်)

DW ။ အဲဒီအပေါ်ဘယ်လိုခံစားရလဲ။ ဂိတ်တွေမှာ ပိုက်ဆံပေးနေရတာနဲ့ ပတ်သက်ပြီးလေ။

ဖြေ ။ တော်တော်လေးတော့ စိတ်ပျက်ဖို့ကောင်းတာပေါ့ဗျာ။ ဟင်းသီးဟင်းရွက်ရောင်းတဲ့ ဆိုင်ကယ်တွေကအစ ဟင်းရွက်တွေ အလကားတောင်းခဲ့တာ။ ကျွန်တော်ရှေ့မှာတင်။ ကန်စွန်းရွက်တစ်စည်းမှ ဘယ်လောက်မှ ပေးရတာမဟုတ်ဘူး။ အဲတာကိုအလကားတောင်းတာဆိုတော့ ဒါက သက်သက်မဲ့ အနိုင်ကျင့်ချင်လို့လုပ်တာ ဖြစ်သွားပြီလေ။

DW ။ အစစ်အဆေးခံရရင် ငွေပေးနေရတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ ကိုယ့်ဒေသကလူအချင်းချင်း အဲလိုမျိူးတော့မလုပ်သင့်ဘူးပေါ့ဗျာ ပြောချင်တာက။ ကျွန်တော်ဆိုလည်း အဲလိုလုပ်လို့ဖြစ်မှာမဟုတ်ဘူး။

DW ။ ဘာလို့ကိုယ့်ဒေသက လူအချင်းချင်းလို့ပြောတာလဲ။ စစ်တဲ့သူတွေက ဒေသခံတွေလား။

ဖြေ ။ လောင်းလုံးမှာက ထားဝယ်သားတွေပဲလေ။ ထားဝယ်လို(ထားဝယ်စကား)နဲ့ပဲပြောတာ။ အသက်ကတော့ ခပ်ကြီးကြီးပိုင်းထဲကပဲ ငါးဆယ်၊ ခြောက်ဆယ်အဲလောက်ရှိမယ်။ ပျူစောထီးတွေလို့ ပြောသံကြားရတယ်။ အရပ်ဝတ်တွေနဲ့ သူတို့အဆိုးဆုံးပဲ။

DW ။ ကျေးဇူးတင်ပါတယ်။

“ဂိတ်တွေမှာက တစ်ခုမဟုတ်တစ်ခု ပေးရတာကများတယ်”

နယ်လှည့်ဈေးရောင်းနေသူတစ်ဦး

DW ။ ထားဝယ်ခရိုင်ထဲ ဘယ်နေရာတွေသွားပြီး ဈေးရောင်းတာလဲ။

ဖြေ ။ မှာတဲ့နေရာတိုင်းသွားတယ်။ တစ်ခါတလေ ပု‌လောအထိလည်းရောက်တယ်။ အများဆုံးကတော့ ထားဝယ်ခရိုင်ထဲမှာပဲပေါ့။ နေ့တိုင်း‌တော့ မသွားဘူး။ သုံးလေးရက်တစ်ခြားတစ်ခါပေါ့။ ဒီတစ်နေ့ သရက်ချောင်း(မြို့နယ်ဘက်) သွားပြီးရင် နောက်တစ်နေ့ဆို ရေဖြူ(မြို့နယ်ဘက်) ပေါ့ လှည့်ပတ်သွားနေတာ။

DW ။ ထားဝယ်ခရိုင်ထဲသွားနေကျဆိုတော့ စစ်ဆေးရေးဂိတ်တွေရဲ့ အတွေ့အကြုံအကြောင်းပြောပြပေးပါလား။

ဖြေ ။ စစ်ဆေးရေးဂိတ်ကတော့ ပုံမှန်ပဲပေါ့။ သူတို့စစ်စရာရှိတာစစ်တာပေါ့။ တစ်ခါတလေဆိုလည်း ဟိုမေးဒီမေးပေါ့။ တစ်ခါတလေကျတော့လဲ သွားသွား ဆိုပြီး ဘာမှမစစ်ဘဲ လွှတ်လိုက်တာလည်းရှိတာပေါ့။ ကျွန်တော်တို့က သွားနေကြဖြစ်သွားပြီဆိုတော့ မစိမ်းတော့ဘူးလေ။ သူတို့မှတ်မိနေလို့လားတော့မသိဘူးပေါ့။ မျက်နှာစိမ်းဆိုရင်တော့ ပိုပြီးစစ်တယ်အဲဒါတော့ရှိတယ်။

DW ။ စစ်ဆေးရေးဂိတ်တွေမှာ ပိုက်ဆံပေးရတာတို့ရှိလား။

ဖြေ ။ အစကတော့ရှိတယ်။ နောက်ပိုင်းကျမပေးရတော့ဘူး။ ကားပေါ်ပါတဲ့ ပစ္စည်းတစ်ခုခု တောင်းတာမျိုးတော့ရှိတယ်။ ကွမ်းယာဆေးလိပ် အဲလိုတောင်းတာလည်းရှိတယ်။ ကျွန်တော်ဆို ကိုယ့်သွားမယ့်လမ်းမှာ စစ်ဆေးရေးဂိတ်ဘယ်လောက်ရှိတယ်ဆိုတာ သိနေတာဆိုတော့ ကွမ်းယာတွေ ဝယ်၊ ဆေးလိပ်တွေဝယ်ထားလိုက်တယ်။ အဲဒါပေးခဲ့တာပေါ့။

DW ။ ပိုက်ဆံမဟုတ်ရင် တစ်ခုခုတော့ ပေးခဲ့ရတယ်ဆိုတဲ့သဘောလား။

ဖြေ ။ အဲလိုပဲပြောရမှာပေါ့။ တစ်ခါတလေဆိုရင်လည်း ဟိုဟာလေးဝယ်လာပေးပါ။ ဒီဟာလေးဝယ်လာပေးပါ။ ဆေးလိပ်ဗူး သုံးလေးငါးထောင်တန်တွေ မှာတာတွေရှိတယ်။ အဲလိုမျိုးဆိုဝယ်လာပေးရတာပေါ့။ ပိုက်ဆံတော့ တစ်ခါမှပြန်မရဘူး။

DW ။ တစ်ခုခု‌မပေးဘူးဆိုရင် ဘာဖြစ်တတ်လဲ။

ဖြေ ။ မပေးရင်တော့ သူတို့စစ်ချင်တာစစ်တာပေါ့။ စစ်ခံရရင် ကြာတာပေါ့။ စိတ်ညစ်တာပေါ့။ ဓားလေးနှစ်ချောင်းလောက်ပါတာကို လူကတစ်ယောက်တည်း ဓားကနှစ်ချောင်းဖြစ်နေတာ ဘာလုပ်တာလဲအဲလိုမျိုးပေါ့။ ကိုယ်က သတိမထားမိလို့ ဘယ်မှာပါလို့လည်း ပြန်မေးတော့ အဲမှာ တစ်နာရီနီးပါးလောက် ကြာသွားတယ်။ ပါးစပ်ကလည်း အမြှပ်ထွက်မတတ်အောင်ရှင်းပြခဲ့ရတာ။ သူတို့ကို သေလံမာမာနဲ့ ပြန်ပြောလို့ထင်တယ်။ အဲလိုမျိုးတော့ကြုံရတယ်။

DW ။ ကိုယ့်ကိစ္စအဆင်ပြေဖို့အတွက် စစ်ဆေးရေးဂိတ်တွေမှာ မျက်နှာချိုသွေးနေရတာပေါ့။ အဲလိုလား။

ဖြေ ။ ဟုတ်တယ်။ အဲလိုမျိူးပဲ။ အဲကြောင့်ဂိတ်ကိုရောက်ပြီဆို သူတို့မတောင်းခင်ကတည်းက ဆရာ နေကောင်းလားဘာညာ‌ အဲလိုပြောပြီး ဆေးလိပ်တန်ဆေးလိပ်၊ ကွမ်းယာတန် ကွမ်းယာ ကြိုပေးပစ်လိုက်တယ်။ တစ်ခါတလေဆို ငှက်ပျောသီးဝယ်သွားတယ် ကျွန်တော်က။ တစ်ယောက်လာစစ်ရင် တစ်ခုပေးနေရတာဆိုတော့ ငှက်ပျောသီးတစ်ဖီး အားလုံးစားရအောင်ပေါ့။ အဓိကကတော့ အထာသိဖို့လိုတာ။ ဒီဂိတ်မှာဆို ဘာကြိုက်တတ်လဲကိုယ်က သိအောင်လုပ်ထားရတယ်။ အဲဒါတောင်မှနော် လူချိန်း( လူပြောင်း) သွားရင်ထိသေးတာ။ လုပ်စားရတာမလွယ်ဘူး။

DW ။ အဲလိုမျိုးတစ်ခုမဟုတ်တစ်ခုပေးရတာက ဂိတ်တိုင်းပဲလား။

ဖြေ ။ ဂိတ်တိုင်းတော့မဟုတ်ဘူး။ ဒါပေမဲ့ ပေးရတာကများပါတယ်။ ပေးလိုက်ရင် စကားပြောစရာ အများကြီးမလိုတော့ဘူးလေ။

DW ။ မပေးရတဲ့ဂိတ်ဆို ဘယ်ဂိတ်တွေဖြစ်မလဲ။

ဖြေ ။ ခုဏကပြောသလိုပဲ‌ ဂိတ်တွေမှာက တစ်ခုမဟုတ်တစ်ခု ပေးရတာကများတယ်။ မပေးရဘူးဆိုတာက ဟို့တစ်နေ့က( ရေဖြူမြို့နယ်)  ကံပေါက်ရွာမှာ (မောရဝတီ) ရေတပ်ကစစ်နေတာအများကြီးပဲ။ အဲဒီမှာဆို စစ်ဆေးမေးမြန်းတာတော့ တော်တော်စစ်တယ်။ လူသုံးယောက်ပါရင် ဘာတော်လဲတို့၊ လင်မယားလား၊ ဘယ်ကိုသွားမှာလဲ အဲလိုမျိုးအရမ်းမေးတယ်။ ဒါပေမဲ့ ပိုက်ဆံပေးရင်မယူဘူး။ ဘာပဲပေးပေးမရတော့ဘူး။ ဂိတ်တွေမှာကျတော့ (ကျပ်)တစ်ထောင်ရရ နှစ်ထောင်ရရ ပေးသလောက်ယူတာ။ ရုတ်တရက်ထစစ်တဲ့နေရာတွေ ဆိုရင်တော့ မပေးရဘူးပေါ့။ အဲဒါလည်း ပုံမှန်ပြောလို့လည်းမရသေးဘူး။ ပေးရတဲ့အချိန်ပေးရတာပဲ။

DW ။ ဂိတ်တွေမှာ ငွေကြေးဖြစ်ဖြစ် တစ်ခုမဟုတ် တစ်ခုပေးတေရတဲ့အပေါ် ဘယ်လိုခံစားရလဲ။

ဖြေ ။ ဘယ်လိုခံစားရလဲဆို တစ်ချို့ဂိတ်တွေဆိုရှိတယ်ဗျာ။ ပေးလည်းပေးရသေးတယ်။ ရစ်လည်းရစ်ခံရသေးတယ် အဲလိုမျိုးဆို စိတ်ထဲက ကသိကအောင့်ဖြစ်တာပေါ့။ တစ်ခါတလေ  အမြန်လိုနေတဲ့အခါလည်း ရှိချင်ရှိမယ်လေ။ အဲလိုအခါမျိုးမှာ ရစ်ခံနေရရင် စိတ်တိုချင်လာတယ်။ အိမ်ရောက်မှပဲ ပေါက်ကွဲပစ်ရတာပေါ့။

DW ။ ကျေးဇူးးတင်ပါတယ်။